အော်ရီဒူးဖုန်းကတ် မှတ်ပုံတင်ရန် သက်တမ်း ၂ ပတ်တိုးမည်
This article has been converted from Zawgyi One to Unicode
အော်ရီဒူး (Ooredoo) ဖုန်းကတ်များကို သြဂုတ်လ ၁၅ ရက်နေ့အထိ မှတ်ပုံတင်ထားခြင်း မရှိသူများအတွက် နောက်ထပ် ရက်သတ္တ ၂ ပတ်အထိ မှတ်ပုံတင်ရန် စောင့်ဆိုင်းပေးသွားမည်ဖြစ်ကြောင်း အော်ရီဒူး ကုမ္ပဏီ၏ National Country
Director ဖြစ်သူ ဦးမြင့်ဇော်က ပြောသည်။
အော်ရီဒူး၏ စမ်းသပ်ကာလ ပြီးဆုံးပြီးနောက် ငွေဖြည့်ကတ်များဖြင့် စတင်အသုံးပြုရချိန်အထိ တရားဝင် မှတ်ပုံမတင်ရသေးသူများ အနေဖြင့် အမြန်ဆုံး မှတ်ပုံတင်ကြရန် လိုအပ်ကြောင်း ၎င်းက ထပ်မံ တိုက်တွန်းလိုက်သည်။
“ဒါက နိုင်ငံတော်ရဲ့ အဓိက လုံခြုံရေးကိစ္စကြောင့်ပါ။ ဒါ့ကြောင့် မှတ်ပုံမတင်လို့တော့ လုံးဝမဖြစ်ပါဘူး။ အခု ဈေးကွက်မှာ၊
လမ်းဘေးဗန်းဆိုင်တွေမှာတောင် ကျနော်တို့ ဖုန်းကတ်တွေကို ရောင်းချနေတာတွေ့ရတော့ ကျနော်တို့ အသိအမှတ် ပြုထားတဲ့ အရောင်းဆိုင်တွေမှာလို မှတ်ပုံတင်ကြဖို့ ခက်မယ်ဆိုတာ နားလည်ပါတယ်။ အဲဒီအတွက် ကျနော်တို့ ဖုန်းကတ်တွေကို ထပ်မံ မှတ်ပုံတင်လို့ရအောင် ညှိနှိုင်းထားပါတယ်။ သုံးစွဲကြသူများအနေနဲ့လည်း အမြန်ဆုံး
မှတ်ပုံတင်ကြဖို့ တိုက်တွန်းပါတယ်” ဟု ၎င်းက ဆိုသည်။
အော်ရီဒူးဖုန်းကတ်ကို သြဂုတ်လ ၁၅ ရက်နေ့မှ စတင်ပြီး ကျပ် ၁ ထောင်မှ စတင်ကာ ကျပ် ၂ သောင်းအထိ ငွေဖြည့်ကတ်များ ထုတ်ထားပြီးဖြစ်ကြောင်း၊ ဖုန်းခေါ်ဆိုမှုတွင်လည်း အော်ရီဒူးဖုန်း အချင်းချင်းခေါ်ဆိုလျှင် တမိနစ် ၂၅ ကျပ်၊ တခြားဖုန်းများကို ခေါ်ဆိုလျှင် တမိနစ် ၃၅ ကျပ်နှင့် SMS ပေးပို့မည်ဆိုလျှင် တကြိမ်လျှင် ၂၅ ကျပ် ကောက်ခံသွားမည်ဖြစ်ကြောင်း အော်ရီဒူးကုမ္ပဏီ၏ CEO က နေပြည်တော်တွင် သြဂုတ်လ ၁၄ ရက်နေ့က ကျင်းပခဲ့သော ဈေးကွက်စတင်မိတ်ဆက်ခြင်း အထိမ်းအမှတ်ပွဲတွင် ပြောကြားခဲ့သည်။
အင်တာနက် အသုံးပြုသူများအနေဖြင့် နေ့စဉ် ကျပ် ၅၀၀ ဆိုလျှင် Internet 30 MB နှင့် Facebook အသုံးပြုခွင့် 20 MB၊ တပတ်အတွင်း ကျပ် ၃ ထောင်ဆိုလျှင် Internet 200 MB နှင့် Facebook 120 MB၊ တလအတွင်း ကျပ် ၁၂၀၀၀
ဆိုလျှင် Internet 1 GB နှင့် Facebook 600 MB တို့ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ လူငယ်များအကြား ရေပန်းစားနေသော Viber အသုံးပြုချင်သူများအနေဖြင့် တရက်လျှင် ၁၀၀ ကျပ်နှုန်းဖြင့် တရက်အတွင်း 5 MB အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အော်ရီဒူးဆိုင်များတွင် ရောင်းချမည့် Samsung Galaxy V ဟန်းဆက်ကို ကျပ် ၉၇၅၀၀ နှုန်းဖြင့် ဝယ်ယူအသုံး ပြုနိုင်မည်ဖြစ်ပြီး တလလျှင် အခမဲ့ ဖုန်းပြောခွင့် မိနစ် ၁၀၀၊ SMS ပေးပို့ခွင့် ၁၀၀ နှင့် အင်တာနက်အသုံးပြုခွင့် 100 MB ကို လစဉ် ၃ လတိတိ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
သို့ရာတွင် လက်ရှိအနေဖြင့် ရန်ကုန်မြို့တွင် ဆက်သွယ်ရေး အခက်အခဲ တွေ့နေရဦးမည်ဖြစ်ပြီး နေပြည်တော်နှင့် မန္တလေးမြို့များတွင်မူ ကောင်းမွန်စွာ အသုံးပြုနိုင်ပြီဖြစ်ကြောင်း ဦးမြင့်ဇော်က ဆိုသည်။
“ကျနော်တို့ အမြန်ဆုံး အဆင်ပြေအောင် လုပ်နေပါတယ်။ စတင်ထုတ်ပြီးချင်း အဆင်မပြေတာတွေကို ကျနော်တို့ကို ပြန်ပြောကြပါတယ်။ အဲဒီအတွက် တာဝါတိုင်တွေ ထပ်လုပ်ထားပါတယ်။ ရန်ကုန်မှာတော့ အနည်းငယ် ခက်ခဲနေသေးတာကို စိတ်ရှည်ရှည်နဲ့ စောင့်ပေးပါဦး။ မကြာခင်မှာ အားလုံး အဆင်ပြေမှာပါ” ဟု ၎င်းက ဆိုသည်။
အော်ရီဒူးအနေဖြင့် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နံှမှု လိုင်စင်ရထားသူများကြားတွင် အစောဆုံး ဈေးကွက်ဖြန့်ချိနိုင်ခြင်းက
နိုင်ငံတော် စီမံချက်တချို့ကို ထောက်ပံ့ပေးသည့်အတွက် အခွင့်အရေး ပြန်ရသည်မျိုး မဟုတ်ကြောင်း၊ မူလ ကြေညာထားချက်များ အရသာ ဖုန်းကတ်များ ဖြန့်ချိမည့်ရက်အတိုင်း ဖြန့်ချိခြင်းသာဖြစ်ကြောင်း ဦးမြင့်ဇော်က ဧရာဝတီနှင့်
သီးသန့်တွေ့ဆုံစဉ် ပြောသည်။