မန္တလေးတိုင်း ဒေသကြီး စဉ့်ကူးမြို့နယ် ညောင်ဝန်း စံပြကျေးရွာရှိ သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်ရရှိရေး ထွန်တုံး တိုက်ပွဲဝင်ရန် စီစဉ်နေစဉ် ရဲ တပ်ဝင်ဖွဲ့များက သေနတ်ဖြင့် ခြောက်လှန့် ပစ်ခတ်မှုပြုလုပ်၍ ရွာသား ၈ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ယမန်နေ့ နံနက်ပိုင်းက ညောင်ဝန်းကျေးရွာတွင် ညောင်ဝန်းရွာသား ၁၀၀၀ ဝန်းကျင်က ထိုသို့ စီစဉ်နေစဉ် ရဲ အင်အား ၅၀ ခန့်က ဒေသခံများကို ခြောက်လှန့်ပြီး သေနတ်ဖြင့် ပစ်ခတ်သည့် အပြင် သေနတ်ဒင်ဖြင့် ရိုက်ခြင်း၊ ထိုးကြိတ် ကန်ကျောက်ခြင်း ပြုလုပ်ခဲ့သဖြင့် ဒဏ်ရာများ ရရှိခဲ့ကြသည်ဟု ရွာသားများက ပြောပြသည်။
“ကျနော်တို့ လွန်ခဲ့တဲ့ ၂ လက ထွန်တုံးတိုက်ပွဲ တခု လုပ်တယ်။ အဲဒီတုန်းက ဘာပြဿနာမှ မဖြစ်ခဲ့ဘူး။ လယ်ဧက ၂၀၀၀ ပြန် ရ တယ်။ အခုက ကျနော်တို့ စီစဉ်နေတုန်းပဲ ရှိသေးတယ်။ ရဲတွေက အင်အားနဲ့ ရွာကိုဝင်စီးပြီး သေနတ်တွေနဲ့ ပစ်တာပါ”ဟု ဒေသခံ ဦးမောင်စန်းက ဧရာဝတီသို့ ပြောသည်။
သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ခြေထောက်တွင် ကျည်ဆန်ထိသူ ဒေသခံတဦး အပါအဝင် ရွာသား ၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ နေ အိမ် တလုံးနှင့် စာသင်ကျောင်း တကျောင်း ပျက်စီးခဲ့ပြီး ရဲတပ်သားများအား အကြမ်းဖက်မှုဖြင့် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း လယ်သမားများကို ကူညီဆောင်ရွက်နေသည့် ကိုသန့်ဇင်ထက် ဆိုသူက ပြောဆိုသည်။
“ခြေထောက်မှာ ကျည်ထိတဲ့ ဒေါ်စန်းကြင်နုကို မန္တလေး ဆေးရုံကြီးကို ပို့လိုက်ရပြီ။ ခြေထောက် ဖြတ်ရမယ် ထင်တာပဲ။ ဒဏ်ရာပြင်း တာ တယောက်တည်းပါ။ ကျန်တဲ့ရွာသားတွေတော့ နဖူးကွဲ၊ ခေါင်းပေါက်တာပဲ ရှိပါတယ်”ဟု ၎င်းက ဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရွာသားများက ပျက်စီးနေသည့် အိမ်နှင့် ကျောင်းကို ပြန်လည် ပြုပြင်ပြင်ပေးရန်၊ အကြမ်းဖက် အင်အား သုံးသည့် ရဲတပ်ဖွဲ့ဝင်များကို တရားစွဲဆိုခွင့် ရရှိရန်၊ ခြေထောက်ဒဏ်ရာ ရရှိသည့် ဒေါ်စန်းကြင်နုကို ဘဝအာမခံချက် ပေးရန်၊ နောင် တွင် အကြမ်းဖက်မှုများ ထပ်မံမပြုလုပ်ရန် တို့ကို သက်ဆိုင်ရာသို့ တင်ပြထားသည်ဟု ဒေသခံများက ပြောသည်။
လက်ရှိတွင် အကြမ်းဖက်သည့် ရဲများကို စဉ့်ကူးမြို့နယ် လက်ပန်လှ ရဲစခန်းတွင် သွားရောက် အမှုဖွင့်ထားသော်လည်း အမှုကို လက်မခံကြောင်း၊ ကျည်ဆန်မှန်ထားသည့် ဒေသခံတဦးကိုလည်း သက်ဆိုင်ရာက တာဝန်ယူ ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း ဒေသခံများက ဆက်ပြောပြသည်။
ပြန်လည်ရရှိသည့် လယ်ယာမြေဧက ၂၀၀၀ ကျော်တွင် ပဲစင်းငုံ နှင့် ကြက်ဆူပင်များ စိုက်ပျိုးထားကြောင်း၊ ဘိုးဘွားပိုင် လယ် ယာမြေများ ပြန်လည်ရရှိရန်အတွက် ဆက်လက်တောင်းဆိုမှုများ ပြုလုပ်သွားမည်ဟု ဒေသခံ ဦးမောင်စန်းက ပြောသည်။
ဒေသခံတဦးဖြစ်သူ မသဲစုမွန် ကလည်း“လယ်ယာမြေတွေ မရှိတော့ တောင်ပေါ်မှာ ဝါးတွေခုတ်၊ မျှစ်ချိူးတာတွေ လုပ်ကြ တယ်။ အခုတော့ ဝါးတွေလည်း မရှိတော့ပါဘူး။ ကျမတို့ လယ်ယာတွေရဖို့ အတွက် ဆက်လက် လှုပ်ရှားရဦးမယ်”ဟု ပြော ဆို သည်။
ဒေသခံများကို သေနတ်ဖြင့် ပစ်ခတ်သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး စဉ့်ကူးမြို့နယ် လက်ပံလှ ရဲစခန်းသို့ ဧရာဝတီက ဆက်သွယ် မေးမြန်းသော်လည်း ရဲစခန်းမှ ပြန်လည် ဖြေကြားခြင်း မရှိပေ။
ထိုဒေသရှိ လယ်ယာမြေ ဧက ၆၀၀၀ ကို ၁၉၇၂ ခုနစ် ဝန်းကျင်က စဉ့်ကူးမြို့ အခြေစိုက် ထောက်ပို့တပ် အမှတ် ၁၂၁ တပ်မှ သိမ်းယူထားခြင်း ဖြစ်ပြီး ၁၉၉၅ ခုနှစ်တွင် ဂရိတ်ဝေါလ် ကုမ္ပဏီသို့ ကြံစိုက်ပျိုးရန် အငှားစနစ်ဖြင့် ပေးခဲ့သည့်မြေများ ဖြစ်ကြောင်း သိရသည်။
ဒေသခံ တောင်သူများက ၂၀၁၂ ခုနှစ်မှ စတင်ပြီး နိုင်ငံတော် သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ လွှတ်တော်နှင့် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများသို့ စာဖြင့် အကြိမ်ကြိမ် တင်ပြခဲ့သည်ဟု ပြောဆိုသည်။