တိုင်းရင်းသားများဘက်မှ တင်ပြသည့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖက်ဒရယ် ပြည်ထောင် စု စနစ်တည်ဆောက်ရေး ကို အစိုးရဘက်က လက်ခံလိုက်ပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေး စင်တာတွင် ယနေ့ ကျင်းပသော အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီနှင့် တနိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)တို့ အပစ်အခတ်ရပ်စဲရေး စာချုပ်နှင့်ပတ်သက်သည့် တွေ့ဆုံဆွေးနွေးမှု အပြီး သတင်းစာ ရှင်းလင်းပွဲတွင် နှစ်ဖက် ပြောရေးဆိုခွင့်ရှိသူများ က ပြောကြားလိုက်ခြင်း ဖြစ်သည်။
“ဒီနေ့ ကျနော်တို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ NCCTတို့ဆွေးနွေးကြတဲ့ပွဲမှာ အများကြီး တိုးတက်လာပါတယ်။ အရေးကြီးဆုံးအချက်လို့ ကျနော်တို့ တိုင်းရင်းသားတွေ ခံယူထားတဲ့ ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ အစိုးရဘက်က လက်ခံလိုက်ပြီဖြစ်ပါတယ်။ ဒါအရေးကြီးဆုံး အချက် ဖြစ်တဲ့အတွက် ကျန်တဲ့အချက်တွေကတော့ ပြေလည်ဖို့ကောင်းပါတယ်”ဟု NCCT ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။
အပစ်ခတ်ရပ်စဲရေး စာချုပ်နှင့်ပတ်သက်သည့် ယနေ့ တွေ့ဆုံဆွေးနွေးမှုတွင် တိုင်းရင်းသားများဘက်မှ ပြီးခဲ့သည့် လကကျင်းပ ခဲ့သော တတိယအကြိမ် လိုင်ဇာဆွေးနွေးပွဲအပြီး အစိုးရကို တင်ပြသည့် အချက်များမှ နှစ်ဖက်ပြန်လည် ညှိနှိုင်းရန် ကျန်ရှိသည်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
တိုင်းရင်းသားများဘက်မှ အစိုးရကိုပြန်လည်တင်ပြသည့် အချက်များအနေဖြင့် အခြေခံမူပိုင်းဆိုင်ရာများ၊ နိုင်ငံရေးဆွေးနွေးပွဲဆိုင် ရာ များ၊ ကြားကာလ အစီစဉ်များ၊ အတည်ပြုခြင်းနှင့် အာဏာတည်ခြင်း၊ စာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးခြင်း၊ အသိသက်သေ အဖြစ် လက်မှတ်ရေးထိုးခြင်းနှင့် တပ်ပိုင်းဆိုင်ရာ စသည်တို့ ဖြစ်ကြောင်း ပြောဆိုကြသည်။
“တိုင်းရင်းသားတွေဘက်က တင်ပြတာကို အစိုးရက လက်ခံလိုက်တယ်။ ကျနော်တို့ဘက်ကလည်း ဒို့တာဝန်အရေး ၃ ပါး ကိုလက် ခံပေးလိုက်တယ်။ နောက်တခုက တော်လှန်ရေးဆိုတဲ့စကားကို ကျနော်တို့ စာချုပ်ခေါင်းစဉ်မှာ ဖြုတ်ပေးလိုက်တယ်။ ဒါပေမယ့် ကျနော်တို့ စာချုပ်ရဲ့အထဲမှာ မာတိကာမှာတော့ ကျနော်တို့သုံးထားတယ်”ဟု NCCTမှ ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်းကပြော သည်။
တိုင်းရင်းသားများဘက်မှ တတိယအကြိမ် လိုင်ဇာညီလာခံ အပြီးတွင် ထွက်ပေါ်လာသည့် တပ်ပိုင်း ဆိုင်ရာ အပါအဝင် အထက်ပါ အချက် ၇ ချက်ကို ဆွေးနွေးပွဲ မစတင်မီ တင်ပြခဲ့သော်လည်း အစိုးရဘက်ကမူ တင်ပြခဲ့ခြင်း မရှိသေးပေ။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ ပြန်ကြားရေး တာဝန်ခံ ဦးလှမောင်ရွှေက“အစိုးရဘက်ကလည်း ပြန်ပြီးညှိနှိုင်းရမယ့်အချက်တွေ ချပေးလိုက်ပါတယ်။ ဒါပေမယ့် ဆွေးနွေးတဲ့အချိန်မှာမှ တချက်ချင်းဆီ ဆွေးနွေးတာမှာ ပါပါတယ်။ နောက် တိုင်းရင်းသားတွေ တင်ပြတဲ့ ဖက်ဒရယ်ကို အစိုးရဘက်က လက်ခံလိုက်လို့ တိုင်းရင်းသားတွေ ဘက်က ဒို့ တာဝန်အရေး ၃ ပါးကို လက်ခံလိုက်တဲ့ သဘောတော့ မဟုတ်ပါဘူး”ဟု ပြောသည်။
လက်ရှိတွင် တပ်ပိုင်းဆိုင်ရာများနှင့်ပတ်သက်၍မူ ဆွေးနွေးတိုင်ပင်မှုများနှင့် ကြားကာလအစီစဉ်များကိုမူ သြဂုတ် ၁၆ ရက်နေ့တွင် ဆက်လက်ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။
“တပ်ပိုင်းဆိုင်ရာကိစ္စတွေကော ကြားကာလ အစီစဉ်တွေကောက အရေးကြီးပါတယ်။ ဒါတွေထက် အခု အခြေခံမှုက ပိုအရေးကြီးပါ တယ်။ တိုင်းရင်းသားတွေဘက်က တောင်းဆိုထားတဲ့ ဖက်ဒရယ်ကို အစိုးရဘက်က လက်ခံလိုက်တော့ ကျန်တာညှိနှိုင်းတာမှာက ဒီလောက် ခက်စရာမရှိတော့ပါဘူး”ဟု ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်းက ပြောသည်။
ဖက်ဒရယ် တပ်မတော်ပိုင်းနှင့်ပတ်သက်ပြီး တိုင်းရင်းသားများဘက်မှ ခေါင်းစဉ်တခုအနေဖြင့် တင်ပြထားသော်လည်း အဆိုပါအချက်နှင့် ပတ်သက်၍ “ဖက်ဒရယ်မူနဲ့အညီ ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းရေးကိစ္စကို လက်ခံလိုက်တယ်။ ဒါပေမယ့် အသေးစိတ် ကို တော့ နိုင်ငံရေးဆွေးနွေးပွဲမှာ သွားဆွေးနွေးမယ်”ဟု နိုင်ဟံသာက ပြောဆိုသည်။
ယနေ့ စတင်ကျင်းပသော တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် အပြီးသတ် ချုပ်ဆိုနိုင်ရေး ဆွေးနွေးပွဲကို သြဂုတ်လ ၁၆ ရက်အထိ ၂ ရက် ပြုလုပ်မည် ဖြစ်ပြီး နှစ်ဘက် သဘောတူညီမှု ရရှိသွားပါက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုနိုင်မည် ဖြစ်သည်ဟု ဆိုသည်။