ကယောဒေသ ရာဧပရာရွာ မြင်ကွင်းများ (ဓာတ်ပုံများ – စိုင်းဇော် / ဧရာဝတီ)
အကွေ့အကောက် ထူထပ်ကာ၊ မြင့်မား မတ်စောက်လွန်းလှသော တောင်စဉ်တောင်တန်း ခရီးလမ်းကြမ်းကို ဖြတ် ကျော်ပြီးနောက်၊ ကယားပြည်နယ် ဖရူဆိုမြို့နယ် အတွင်းက ကယောလူမျိုးစုများ နေထိုင်ရာ ရွာကလေးသို့ အောင်မြင် စွာရောက်ရှိခဲ့ လေသည်။
လမ်းတွင် အမြင့်ပေ လေးထောင်နှင့် အထက် ရှိသည့် တောင်စဉ် တောင်တန်းပေါင်း ၁၀ ခုထက် မနည်းကို ကျော်ဖြတ်ခဲ့ရသည်။
လမ်းကောင်းလျှင် နာရီဝက်၊ တနာရီသာ မောင်းနှင်ရမည့် ထို အကွာအဝေးကို ၄ နာရီ ကျော်ကျော် မောင်းနှင်ခဲ့ရ၏။
လွိုင်ကော် မြို့မှ နံနက်စောစော တရစပ် မောင်းနှင်လာခဲ့သည့် ကားသည် မိုင် ၂၀ နီးပါးသာ ဝေးကွာသည့် ရွာကလေး ဆီသို့ အရောက်တွင် နေ့လယ် ၁၂ နာရီခန့် ရှိနေပြီ။
နာမည် ခပ်ဆန်းဆန်း မှည့်ထားသည့် “ရာဧပရား” ကျေးရွာသည် နှင်းမိုးများ တဖွဲဖွဲကျနေသည့်၊ ကယော တောင်တန်း များ၏ တောင်ခါးပန်း ပေါ်တွင် တည်ရှိသည်။
ရွာတည်သက်တမ်း နှစ် ၁၀ဝ ကျော် ရှိပြီ ဖြစ်ပြီး ရိုးရာဓလေ့ အတိုင်း ဝတ်စားဆင်ယင်သည့် ကယောလူမျိုးများ နေ ထိုင်သော ထိုရွာလေး၏ အဓိပ္ပာယ် ကလည်း ဒဏ္ဍာရီဆန်သည်။
“ဟိုး ရှေးရှေးတုန်းက ဟိုယာရွာဘက်မှာ ကြယ်ကြွေကျတော့ တခြားရွာတွေက သွားကြည့်ကြတယ်။ ဒီရွာက လူငယ် ကို ဘိုးဘွားတွေက ကြယ်ကြွေကျတဲ့ မြေကို သွားကြည့်ဖို့ လွှတ်တယ်။ ဒါပေမယ့် သူက သွားချင် သလိုလို၊ မသွားချင် သလိုလို လုပ်နေတယ်။ ရာဧပရား ဆိုတာ သွားချင်သလိုလို၊ မသွားချင် သလိုလိုလုပ်နေတယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ” ဟု အသက် ၆၅ နှစ် အရွယ် ဒေသခံ ကယောတိုင်းရင်းသား ဦးကြည်စားက ရှင်းပြသည်။
ထိုရွာတွင် နေထိုင်သူများသည် တောင်ယာစပါး၊ တောင်ယာပြောင်းနှင့် ခေါင်ရည် ဖောက်ရာ၌ အဓိက အသုံးပြုသည့် ပြောင်းကောက် တို့ကို မိရိုးဖလာ ထွန်ယက် စိုက်ပျိုးသည့် တောင်သူများ ဖြစ်သည်။
သူတို့သည် ရက်သတ္တတပတ် လျှင် ၆ ရက် အလုပ်လုပ်ကြသည်။ တနင်္ဂနွေ တရက်သည် သူတို့ရွာသားများ အနားယူ သည့် ရက်ဖြစ်သည်။
လမ်းပန်း ဆက်သွယ်ရေး ခက်ခဲပြီး ဝေးလံလွန်းလှသည့် ထိုရွာတွင် အစိုးရက ဖွင့်ပေးထားသည့် ကျေးလက် ဆေးပေး ခန်း တခု ရှိသော်လည်း ကျန်းမာရေးဝန်ထမ်း ပုံမှန် မရှိဘဲ ကျန်းမာရေးကိစ္စများ အတွက် နယ်လှည့် ကျောပိုးအိတ် ကျန်းမာရေး လုပ်သားအဖွဲ့ကို အားကိုးနေရဆဲဖြစ်ကြောင်း ရွာသားများက ပြောသည်။
“ကလေးမွေးဖို့ အတွက် ၅ နာရီ လမ်းလျှောက်ရတဲ့ ဖရူဆိုကို လူထမ်းနဲ့ သွားရတယ်။ အဲလိုမှ ထမ်းမသွားလို့ ကလေး မမွေးနိုင်ဘဲ သေသွားတာတွေ ရှိခဲ့တယ်။ ဆေးအဖွဲ့လာရင် နည်းနည်း သက်သာတယ်။ ဒါပေမယ့် ဆေးမလုံလောက် တဲ့အခါ အခက်အခဲ ရှိတယ်” ဟု ကယောတိုင်းရင်းသား ဦးဆေးအီက ဆိုသည်။
ရာဧပရားသည် တယ်လီဖုန်းလိုင်း မမိ၊ လျှပ်စစ်မီး မရှိသည့် တောင်ပေါ်ဒေသဖြစ်ရာ တချို့အိမ်များတွင် မီးအတွက် ဆိုလာပြားများကို တပ်ဆင်ထားသည်။ ထိုတရွာလုံးတွင် အိမ်ခြေ ၅၀ ကျော်ရှိသည့် အနက် ဆိုလာမီး အသုံးပြုနိုင် သည့် အိမ် အရေအတွက်မှာ ၄ လုံးတိတိ ရှိသည်။
ကယောတို့၏ အိမ်တည်ဆောက်ပုံသည် ခြေတံရှည် ဖြစ်သော်လည်း အိမ်ခေါင်မိုးမှာ နိမ့်သည်၊ အလင်းရောင် ကောင်းမွန်စွာ မရသည့် ပုံစံ ဖြစ်၏။
အိမ်၏ အလယ်တွင် မီးဖိုနှင့် ကျပ်ခိုးစင် ရှိပြီး၊ ထိုမီးဖို၌ပင် ချက်ပြုတ် ကြရာ မီးခိုးငွေ့များ သည် တအိမ်လုံး မှိုင်းမှုန် လျက် ရှိတတ်ရာ၊ ထို အမူအကျင့် ကပင် သူတို့ကို အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါဘယများ ဖြစ်ပွား စေကြောင်း ကျောပိုးအိတ်အဖွဲ့မှ ဆေးမှူးများက ရှင်းပြသည်။
အသက် ၆၅ နှစ် အရွယ် ဦးကြည်စား၏ နေအိမ်သို့ သွားရောက် လည်ပတ်ချိန်တွင် အိမ်ရှေ့မျက်နှာစာတွင် ချိတ်ဆွဲထားသည့် ပြောင်းရှည်သေနတ်တလက်၏အောက်တွင် သူထိုင်နေသည်။
သူ၏ရှေ့တွင် အနားပဲ့ ခေါင်ရည်အိုး တလုံးရှိပြီး၊ ဧရာဝတီ ဓာတ်ပုံသတင်းထောက်က ကင်မရာဖြင့် ချိန်ရွယ် လိုက် သော အခါ ကယော ရိုးရာဓလေ့ အတိုင်းဝတ်စား ထားသည့် အမျိုးသမီးကြီးတဦးက ရှက်ရွံ့ဟန်ဖြင့် အိမ်အတွင်း ဘက်သို့ လှစ်ခနဲ ဝင်သွားသည်။
ကယောရိုးရာဓလေ့ အတိုင်း ဝတ်စားဆင်ယင်ထားသည့် အမျိုးသမီးကြီး တဦးက အိမ်ပေါက်ဝတွင် ခြေဆင်း ထိုင် နေသည်၊ ဒူးအောက်ပိုင်းတခုလုံး ကြေးကွင်းများဖြင့် အလှဆင်ထားရာ သူ့အသွင်အပြင်မှာ ထူးခြား၍ ကြည့်ကောင်း လှ၏၊ ထို အမျိုးသမီးကြီးသည် စောစောက အိမ်အတွင်းသို့ ဝင်သွားသည့် အဘွားအို၏ ညီမ ဖြစ်သည်။
ရာသီဥတုက အမြဲတစေ နှင်းမိုးများ ကျနေပြီး တောရိပ် တောင်ရိပ်များကြောင့် အေးစိမ့်စိမ့် ဖြစ်နေသည့် သူတို့ ဒေသ အတွက် ခေါင်ရည်သည် နွေးထွေးမှုကို ပေးစွမ်းသည့် အရာတခုဟု ဆိုရမည်။
အိမ်တိုင်းတွင် ခေါင်အိုးများ ရှိတတ်ကြပြီး၊ ခေါင်ရည် တအိုးတည်းကို အလယ်တွင်ချကာ ကျူဝါးပိုက်တံ တချောင်း တည်းဖြင့် တလှည့်စီ သောက်လေ့ ရှိကြသည်။
ထိုအိမ်သို့ အလည်ရောက်နေသည့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတဦးက ခေါင်ရည်အိုးတွင် စိုက်ထိုးထားသည့် ကျူဝါးတံကို ကိုင်လျက် “ခေါင်မရှိရင် လူမဖြစ်နိုင်ဘူး” ဟု ဖော်ရွေသည့် အပြုံးဖြင့် လှမ်းပြော၏။
“အိမ်က မိန်းမဆိုရင် ခေါင်ရည်ပဲ သောက်တယ်။ ဟင်း မရှိတဲ့ ရက်တွေမှာ ခေါင်ရည်ပဲ သောက်တယ်။ ထမင်းတောင် မစားဘူး။ ခေါင်ရည်က အားရှိတယ် ဆိုပြီးတော့လေ” ဟု ဦးကြည်စားက ထိုအမျိုးသမီး၏ အဆိုကို ထောက်ခံလိုက် သည်။
ကယောလူမျိုး တို့၏ ရိုးရာဓလေ့အတိုင်း တည်ဆောက် ထားသည့် ခြေတံရှည်အိမ်များ၊ ရိုမန်ကက်သလစ် ဘုရားရှိခိုး ကျောင်း တကျောင်း၊ မူလတန်း ကျောင်းကလေးနှင့် ခရစ်ယာန် သာသနာပြုများမှ ထောက်ပံ့ပေး ထားသည့် မူကြို ကျောင်း၊ ခြေသလုံးများတွင် ကြေးကွင်းများဖြင့် အလှဆင်ထားပြီး လည်ပင်း၊ နားနှင့် လက်တို့တွင် ဒန်၊ ငွေနှင့် ကြေးတို့ဖြင့် ကယောဓလေ့ အတိုင်း ဆင်ယင်ထုံးဖွဲ့ ထားသည့် အမျိုးသမီးတို့သည် ထိုရွာ၏ ပြယုဂ်များ ဖြစ်သည်။
ကယောကြေးကွင်းများသည် ဒီးမော့ဆိုမြို့နယ် အနီး တဝိုက် ကျေးရွာများတွင် နေထိုင်သည့် ကယန်း (ပဒေါင်) ကြေးကွင်းများနှင့်မတူဘဲ အဆင်အပြင်များမှာ ခြားနားသည်။
ကယောတိုင်းရင်းသားများ ဆင်မြန်းသည့် လည်ဆွဲများ ကို မြန်မာငွေ အကြွေစေ့များ၊ ထိုင်းဘတ်ငွေ အကြွေစေ့များ၊ ပင်လယ်ခရုငယ်များဖြင့် အလှဆင်ထားပြီး၊ ထို့ပြင် ချည်များကို ကျစ်ကာ သစ်စေးသုတ်လိမ်းပြီး အခြောက်ခံ ထား သည့် လက်ပတ်များ၊ ခြေပတ်များကို ဆင်မြန်းကြသည်။
“အရင်တုန်းက ဆိုရင် တရွာလုံးမှာ ကြေးကွင်း စွပ်ကြတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်လောက်က ဆိုရင် တရွာလုံးမှာ အမျိုးသမီး ၁၅၀ လောက် စွပ်ကြသေးတယ်။ အခုတော့ ၁၅ ယောက်လောက်ပဲ စွပ်ကြတော့တယ် လေ” ဟု ကယော ကြေးကွင်းများဖြင့် အလှဆင်ထားသည့် အသက် ၄၅ နှစ်အရွယ် ဒေါ်ရောစာက ပြောသည်။
ရာဧပရား ကျေးရွာတွင် ယခင်က အမျိုးသမီးများ သာမက အမျိုးသားများလည်း ကယောရိုးရာ အတိုင်းဝတ်စား ဆင်ယင်သည့် အစဉ်အလာ ရှိခဲ့ကြောင်း ဦးကြည်စားကဆိုသည်။
ယခုမူ ကယော ရိုးရာအတိုင်း ဝတ်ဆင်သည့် အမျိုးသားမှာ အသက် ၅၁ နှစ်အရွယ် ဦးဆေးအီ တယောက်သာ ကျန် တော့သည် ဟုဆိုကာ လူတယောက် လွှတ်၍ အခေါ်ခိုင်းလိုက်ရာ၊ ကံကောင်းထောက်မစွာ ဦးဆေးအီနှင့် စကားစမြည် ပြောခွင့်ရခဲ့သည်။
သူသည် ဆံပင်ကို နဖူးစပ်တွင် စုထုံးထားပြီး၊ ခိုကလို့ ဟု ခေါ်သည့် နဖူးစည်းကို နဖူးအလယ်တွင် ပတ်ထားသည်။
ခရုငယ်များဖြင့် စီကုံးထားသည့် လည်ဆွဲသည် လည်းကောင်း၊ သစ်စေးသုတ်ထားသည့် ချည်ကြိုးခွေများသည် လည်းကောင်း၊ ကာလ ကြာရှည်သဖြင့် ပွန်းရာတို့ကြောင့် မည်သည့်ငွေကြေး ဟု အမည်တပ်ဖို့ ရန်ပင် မလွယ်တော့ သည့် အကြွေစေ့များကို ဖောက်၍ ဆွဲထားသည့် လည်ဆွဲသည် လည်းကောင်း သူ၏လည်ပင်းတွင် နေရာယူထားကြ သည်။
လက်နှင့် ခြေထောက်များတွင်လည်း ငွေဖြင့် ပြုလုပ်ထားသည့် လက်ကောက်၊ ကြေးဖြင့်ပြုလုပ် ထားသည့် ခြေချင်း၊ လှုပ်ရှားလိုက်တိုင်း အသံမြည်နေသည့် ချူလုံးကလေးများဖြင့် ပြုလုပ်ထားသည့် ခြေချင်း၊ သစ်စေးသုတ်ထားသည့် ချည်ကြိုးခွေများကို ဆင်ယင်ထားသည်။
သူ၏ မိဘ နှစ်ဦးလုံးသည်လည်း ရိုးရာအတိုင်း ဝတ်စားဆင်ယင်ခဲ့ကြသူများ ဖြစ်သကဲ့သို့၊ သူ၏ အိမ်သူသက် ထား သည်လည်း ရိုးရာအတိုင်း ဝတ်စားဆင်ယင် ထားသည်။
“ရိုးရာ မပျက်အောင် ပြန်ထိန်းသိမ်းဖို့ ဆိုပြီး ကျနော် အသက် ၂၉ နှစ်အရွယ်မှာ ဒီလို စဝတ်ခဲ့တယ်။ အဖေနဲ့ အမေ လည်း ရိုးရာကြေးကွင်း စွပ်တယ်။ ကျနော့သားတွေ ကတော့ မကြိုက်လို့ မဝတ်ကြဘူး။ ကျနော် မရှိရင် ဒီရွာမှာ ကုန်ပြီ ပေါ့။ ရိုးရာ ထိန်းသိမ်းသူ မရှိတော့ဘူး”ဟု ဝက်ကလေးတကောင်ကို တံလျှိုဖြင့်ထမ်းကာ သယ်ဆောင်သွား သည့် ရွာသားနှစ်ဦးကို လှမ်းကြည့်လျက် ဦးဆေးအီက ပြောပြသည်။
ဦးဆေးအီ အပြန်တွင် သူ့အိမ်သို့ မိမိတို့ အလည်လိုက်သွားရာ ရေနွေးဖြူဖြင့် ချက်ချင်းဖောက် ပေးသော ခေါင်ရည်အိုး ကို ချကာ ဧည့်ခံလေသည်။
ရာဧပရား ရွာသားများသည် ပြည်တွင်းစစ် ကာလတလျှောက်လုံး စစ်ဘေးစစ်ဒဏ်ကို ခံခဲ့ကြရပြီး၊ ပြည်တွင်း စစ်သည် သူတို့ဘဝများကို ပညာရေးနှင့် ဝေးကွာစေခဲ့သည်။
တောထဲတောင်ထဲတွင် နှစ်ပေါင်းများစွာ စစ်ပုန်း စစ်ရှောင် ဘဝများဖြင့် ရှင်သန်ခဲ့ရ၏။
“အခွန် မပေးရတာ ၂ နှစ်ပဲ ရှိသေးတယ်။ အရင်က ဆိုရင် ပိုက်ဆံနဲ့ဆန် ပေးရတယ်။ တောထဲက ဘယ်နေရာကို ပို့ပေး ဆိုရင် သွားပို့ရတယ်။ အချိန်နဲ့ နေရာ အတိအကျ မရောက်ရင် ရွာကို မီးရှို့ပစ်မယ်လို့ ဆိုတယ်။ အခုတော့ တိုက်ပွဲတွေ မဖြစ်တာ ကြာပြီ။ အခွန် မပေးရတော့ နည်းနည်း ချောင်လည်လာတယ်။ ဒါပေမယ့် စိတ်တုံးတုံး မချနိုင် သေးပါဘူး။ စိုးရိမ်စိတ် ကတော့ရှိနေတုန်းပဲ”ဟု ဦးကြည်စားက ရှင်းပြသည်။
ရာဧပရား ရွာသားများသည် ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ကြရသော်လည်း ထိုအလုပ်သည် စားဖို့ တခုတည်း အတွက် သာ အထောက်အကူ ပြုလေသည်။
သူတို့ စိုက်ပျိုးသော စပါး၊ ပြောင်း၊ ဖရုံ အစရှိသော သီးနှံများသည် ဝမ်းစာ အတွက်သာ ဖြစ်၏၊ သူတို့တွင် အပိုဝင် ငွေဟူ၍ တကျပ်တပြားမျှပင် မရှိကြ။ သီးနှံများကို လမ်းပန်းဆက်သွယ်ရေး နှင့် စိုက်ပျိုးရေး နည်းပညာ အားနည်း ချက်များ ကြောင့် စီးပွားဖြစ် ရောင်းချနိုင်ခြင်း မရှိကြပေ။
“ဗိုက်ထဲ ထည့်ဖို့ အတွက် စိုက်ကြတာ။ မိသားစု အရမ်းများတဲ့ လူတွေဆိုရင် ထမင်းနဲ့ ဟင်းပြုတ်ရည်နဲ့ပဲ စားကြ ရတယ်” ဟု ဖရူဆိုမြို့နယ်၊ ဟိုယာတိုက်နယ်မှ ကျေးလက်ကျန်းမာရေး စေတနာ့ဝန်ထမ်း မလူစီးယာက ပြောပြသည်။
တောင်ယာစပါးသည် သူတို့ အတွက် ထမင်း ဖြစ်သည်။ ပြောင်းနှင့် ဖရုံသည် ဟင်းဖြစ်သည်။ တခါတရံ တူမီး သေနတ်များ၊ လေသေနတ်များဖြင့် တောလည် ထွက်လျှင် ရလာသည့် တောကောင်ငယ်များသည် သူတို့ အတွက် အရသာ ရှိလှစွာသော ဟင်းဖြစ်သည်။
များသော အားဖြင့် သူတို့ နေ့စဉ်စား သောက်ရသည့် အစားအစာသည် ထမင်းနှင့် အရွက် ပြုတ်ရည် တမျိုးသာဖြစ်ပြီး၊ ရွာထဲတွင် နာရေး၊ အလှူ၊ ပွဲလမ်းသဘင်များ ပြုလုပ်ပါက အသားဟင်းကို စားရသည်။
တခါတရံ မြို့ပေါ်မှ လာရောက်ရောင်းချ ပါက ငွေပိုငွေလျှံ ရှိသူများက ဝယ်ခြမ်း စားသောက်နိုင်ကြသည်။
အစိမ်းရောင် မုန်ညင်းရွက်ကို ဆား၊ အချိုမှုန့်ဖြင့် ပြုတ်ထားသည့် ဟင်းရွက်ပြုတ်ရည် တခွက်၊ ဟန်းကောချိုင့် အဖုံး ထဲတွင် ငရုတ်သီးမှုန့်နှင့် ဆားတပုံ၊ ဆီ၊ အဖြူထည် ချက်ထားသည့် ဝက်သားဟင်း တဇလုံ၊ ဒါက မိမိတို့ စားရမည့် နေ့လယ်စာ ဖြစ်သည်။
မိမိတို့နှင့် ကယောအမျိုးသားကြီး ဦးဆေးအီတို့ စကားလက်ဆုံ ကျနေစဉ် လူနှစ်ဦး ထမ်းသွား သည့် နောက်သို့ တအီ အီဖြင့် လိုက်ပါသွားသည့် တောဝက်ကလေးသည် ယခုမူ မြို့မှ လာသော ဧည့်သည်များ အတွက် အသားဟင်း လျာ ဖြစ်သွားချေပြီ။
ညနေခင်းတွင် လူစည်ကားနေသည့် ရွာဦး မူကြိုကျောင်းသို့ ထွက်ခဲ့သည်။ မူကြိုကျောင်းတွင် အစည်းအဝေး ရှိသည်။ ရွာသားများ တဖွဲဖွဲ ရောက်လာကြသည်။
မူလတန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ နယ်လှည့် ကျောပိုးအိတ် ကျန်းမာ ရေး စောင့်ရှောက်မှု အဖွဲ့မှ စေတနာ့ဝန် ထမ်း ဆရာမများ၊ ကျေးရွာ ဥက္ကဋ္ဌနှင့် ဓမ္မဆရာ တဦး အပါအဝင် လူဦးရေ လေးဆယ်ခန့် စုဝေးရောက်ရှိနေသည်။
လွန်ခဲ့သည့် ၁၀ နှစ်ကျော် ကာလကတည်းက ထိုနယ်တဝိုက်တွင် ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသည့် ကျောပိုး အိတ်အဖွဲ့၏ လုပ်ငန်း အခြေအနေများကို အဖွဲ့ဦးဆောင်သူများက ရွာသားများသို့ ဦးစွာရှင်းပြသည်။
ထို့နောက် ရွာ၏ ကျန်းမာရေး ဆိုင်ရာ လိုအပ်ချက်များနှင့် ဖွံ့ဖြိုးရေး အခြေအနေများကို အပြန်အလှန်မေးမြန်း ကြ သည်။
ကျေးလက် ကျန်းမာရေး စေတနာ့ ဝန်ထမ်းများ၏ အခက်အခဲနှင့် လိုအပ်ချက်များကို မေးမြန်းကြသည်။
“ဆေးအဖွဲ့က ဆရာမတွေ မကုနိုင်တဲ့ ရောဂါဖြစ်လို့ ကတော့ သေတာပဲ။ မြို့သွားပြီး ဆေးရုံတက်ဖို့ အတွက် ပိုက်ဆံ မရှိဘူးလေ။ တခြားရွာမှာ ရှိတဲ့ ကျန်းမာရေး လုပ်သားကို လှမ်းခေါ်ဖို့ ကလည်း သွားလာရ ဝေးပြီး အခက်အခဲ ရှိတယ်။ အသည်းအသန် ဖြစ်လို့ ဖုန်းလှမ်းဆက် ခေါ်ရအောင်လည်း ဖုန်းလိုင်းက မမိဘူး။ ကျနော် တို့ရွာမှာ ဖုန်းတိုင်ထောင်ပေး ပါလား ဆရာ”
“ကျနော်တို့ ရွာမှာ ကျန်းမာရေးနဲ့ ပညာရေး ခက်ခဲတယ်။ သွားလာရ ခက်ခဲတော့ ဒီကျောင်းက အောင်တဲ့ ကလေးတွေ ကို အခြားကျောင်းကို ပြောင်း တက်ဖို့ မလွှတ်ရဲဘူး။ မသွားရဲကြဘူး”
“စာသင်ကျောင်းမှာ ကြံ့ခိုင်ရေး ပါတီက လာဆောက်ပေးထားတဲ့ အိမ်သာ ရှိတယ်။ တွင်းက တိမ်တော့ ကျောင်းသား အယောက် ၃၀ လောက် ဝိုင်းတက်ရင် ခဏလေးနဲ့ ပြည့်သွားမှာ။ အဲဒါကြောင့် ချွေတာ သုံးနေရတယ်”
ထိုသို့သော ရွာ၏ လိုအပ်ချက်များနှင့် အခြေအနေများကို တယောက်ပြီးတယောက် ဆွေးနွေးကြသည်။
စကား အထစ်အငေါ့ လေးများ၊ အမှားအယွင်း လေးများပါလျှင် အသံခပ်အုပ်အုပ်ဖြင့် ဝိုင်းရယ်ကြသည်။ ပြီးလျှင် ပြောစရာ ရှိသည်များကို တယောက်ချင်း မတ်တပ်ထလျက် ပြောကြ၊ ဆိုကြ၊ ဆွေးနွေးကြ၏။
“ဟိုဘက်ရွာက ဟိုယာမှာ တိုက်နယ်ဆေးရုံနဲ့ ဆရာဝန်တယောက် အစိုးရက ချပေးတယ်။ အရင် တခေါက် ကျောပိုးအိတ် အဖွဲ့က အလကား ပေးခဲ့တဲ့ အကြောဆေး ပုလင်းတွေကို အဲဒီဆရာဝန်က တပုလင်း ၅ ထောင်နဲ့ လူတွေကို ပြန်ထိုးပေးတယ်။ ဒီတော့ လူတွေက အစိုးရဆေးရုံကို မသွားချင်ဘူး။ ပိုက်ဆံလည်း မရှိကြဘူးလေ”ဟု ဒေသခံ တဦးက ရင်ဖွင့်သည်။
ရွာ၏ အစည်းအဝေး အဆုံးသတ်ချိန်တွင် ပြင်ပအမှောင်ထုက ပိုကဲလာ၏၊ မူကြိုကျောင်းဝင်းအတွင်း စုဝေးနေသူများ သည် လာရာလမ်း အတိုင်း တဖွဲဖွဲ ပြန်ထွက်ခွာသွားကြသည်။
လောပိတ ရေအားလျှပ်စစ် စက်ရုံနှင့် ပြည်နယ်တခု တည်းတွင် အတူရှိသည့် ရာဧပရား ရွာကလေးသည် အမှောင် ထုထဲတွင် တဖြည်းဖြည်း မြုပ်ကွယ်သွားလေသည်။
“ဒုံးဒုံး..ဒုံး-ဒုံးဒုံး…ဒုံး” ဆိုသည့် အသံကျယ်ကြီးကို ဆက်တိုက် ကြားလိုက်ရသည်။ နေ့လယ်က ရွာသားများနှင့် ပြည် တွင်းစစ်ဒဏ် ခံရသည့် အကြောင်းများကို မေးမြန်းပြောဆိုခဲ့ရာ ယခုကြားလိုက်ရသော အသံကြောင့် မိမိစိတ်တွင် ထိတ်ခနဲ ဖြစ်သွားသည်။
ထို့နောက် ဆက်တိုက် ထွက်ပေါ်လာသည့် ဘင်ခရာအသံနှင့်အတူ ပလွေများကို တညီတညာတည်း မှုတ်နေသည့် လူစုလူဝေးသည် အမှောင်ထု ကြားမှနေ၍ မိမိတို့တည်းခိုရာ အိမ်ဆီသို့ ဦးတည် လာနေသည်။
“ရွာကို အထူးဧည့်သည်တွေ လာရင် ညကျရင် ဒီလို တီးမှုတ်ဖျော်ဖြေပေးတဲ့ အစဉ်အလာ ရှိတယ်။ အခုလည်း ကျနော်တို့ ရွာကို လာလည်တဲ့ ဧည့်သည် တွေကို ဂုဏ်ပြု ကြိုဆိုတဲ့ အနေနဲ့ ဒီလိုလုပ်တာပါ” ဟု ရာဧပရား ဘင်ခရာအဖွဲ့ဝင် တယောက်က ဖော်ရွေ လှိုက်လှဲသည့် အပြုံးနှင့် စကားဆိုသည်။
ထို ဘင်ခရာအဖွဲ့သည် မိမိတို့ စတည်းချရာ အိမ်ပေါ်သို့ အုပ်စုလိုက် ချီတက်လာကြပြီး၊ ဧည့်ခန်းတွင် အသီးသီး နေရာယူ လိုက်ကြကာ၊ ထို့နောက် နားဝင်ပီယံ ရှိလှသည့် ကယောရိုးရာ သံစဉ်အတိုင်း တီးမှုတ်ကြ လေတော့သည်။
မည်သည့် အရပ်ဒေသတွင်မျှ မကြုံဖူးသည့် ထိုရိုးရာ ဓလေ့လေးသည် ချစ်စရာကောင်းပြီး ထူးဆန်းလှသည်။ အိမ်ပေါ်တွင် ကလေးများရော၊ ခွေးကလေးများပါ တန်းစီထိုင်နေ ကြသည်။ ထိုညခင်းသည် ပျော်ရွှင်ဖွယ် ညတညပင် တည်း။
ရာဧပရား၏ နံနက်ခင်းသည် ထုံးစံအတိုင်း နှင်းမိုးများ တဖွဲဖွဲကျနေသည်။ ရွာ၏ မူကြိုကျောင်းကလေးဆီသို့ နံနက် ၆ နာရီခန့် ကတည်းကပင် ကလေးတချို့ ရောက်နေကြသည်။
ကလေးများ ကျောင်းခေါင်းလောင်း မထိုးမီ မိမိတို့ အဖွဲ့ ရာဧပရားမှ ပြန်ခဲ့ကြသည်။ လာစဉ်တုန်းက ကားမဟုတ်တော့ ဘဲ၊ ကရင်နီပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဦးမှ စစ်သားတဦးလည်းဖြစ်၊ နယ်လှည့် ကျောပိုးအိတ် ဆေး အဖွဲ့၏ ဆေးမှူးတဦးလည်း ဖြစ်သည့် ဦးကို့ကို မောင်းနှင်သော ကားဖြင့် ကယော တောင်တန်းပေါ်ရှိ ရွှံ့ညွန်လမ်းကို လည်းကောင်း၊ ကျောက်ခင်း လမ်းကြမ်းကို လည်းကောင်း တဝူးဝူးမြည်သံ ပေးလျက် ကျော်ဖြတ်ခဲ့သည်။
တိမ်နှင့်တောင် ရောယှက်နေသည့် အလှအပ ရှုခင်းမြင်ကွင်းများက ဤဒေသသို့ ထပ်လာဖို့ ဖိတ်ခေါ်နေသလို၊ ရာဧပရားသို့ သွားရာ တောင်အတက်လမ်းတွင် နောက်ပြန် လျောကျလာသော ကားပေါ်မှ ကမန်းကတန်း ခုန်ချ ခဲ့ရသည့် အဖြစ်အပျက်၊ ကားလမ်းဘေး တဖက်ခြမ်းရှိ အသူရာချောက် ကမ်းပါးထဲသို့ ကျသွားမည် စိုးရိမ်ကာ မိမိအသက်ကို ကြိမ်ဖန်များစွာ နှမြောတသ ဖြစ်ရသည့် အဖြစ်အပျက်တို့သည် ထိုခရီးစဉ်၏ တသက်မမေ့ နိုင်ဖွယ် အတွေ့အကြုံပင် ဖြစ်လေသည်။ ။