ဂါဇာ ကမ်းမြောင်ဒေသကနေ အစ္စရေး မြေပြင်တပ် ပြန်ဆုတ်တဲ့ အချိန်မှာ ပါလက်စတိုင်း ၁၇၀ဝ နီးပါး သေဆုံးခဲ့ပါပြီ။ ဂါဇာ လူ့အခွင့်အရေး အဖွဲ့တွေရဲ့ အဆိုအရ ၈၀ ရာခိုင်နှုန်းက တိုက်ခိုက်ရေးသမားတွေ မဟုတ်ပါဘူး။ သေဆုံးသူ တဝက် ကျော်ဟာ အရပ်သားတွေ ဖြစ်တယ်လို့ အစ္စရေးဘက်ကလည်း ဝန်ခံပါတယ်။ အစ္စရေးဘက်ကတော့ စစ်သား ၆၃ ယောက်နဲ့ အရပ် သား ၃ ယောက် သေဆုံးခဲ့တယ်။ ပိုဆိုးတာက ဂါဇာစစ်ပွဲ မှာ ၂ ယောက်သေရင် ၁ ယောက်က ကလေးတွေပါ။
ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်နေတဲ့ စစ်ပွဲကို အနောက်ဘက်ကမ်းမှာ အစ္စရေးနဲ့ ဟားမတ်စ်အဖွဲ့ တို့ရဲ့ သီးခြားပြဿနာလို့ ထင်နေရင် မှားပါလိမ့်မယ်။ အရှေ့အလယ်ပိုင်း ဒေသက တခြား ပြဿနာတွေလိုပဲ ဒေသတွင်း အခြေအနေနဲ့ ဆက်စပ်နေတယ်။ အခုနောက်ဆုံး စစ်ပွဲကို အပေါ်ယံကြည့်ရင် ဇာတ်ညွန်း အဟောင်းပါပဲ။
ဇာတ်လမ်းအစမှာ ဂါဇာဘက်ကနေ ဟားမတ်စ်တွေက အစ္စရေးဘက်ကို ဒုံးကျည်တွေနဲ့ ပစ်မယ်။ အစ္စရေးက လေကြောင်းကနေ ဗုံးကြဲမယ်။ နောက်တော့ မြေပြင်တပ်တွေ လွှတ်မယ်၊ ဂါဇာမှာ ပါလက်စတိုင်း အရပ်သား တွေ သေမယ်။ အစ္စရေး စစ်သား အနည်းအကျဉ်းသေမယ်။ ကုလသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုတို့ ဝင်ဖျန် ဖြေမယ်။ အပစ် ရပ်သွားကြမယ်။ ဇာတ်ညွန်း အတိုင်းပါပဲ။ ဒါကြောင့် ဒီတကြိမ်မှာလည်း အနှေးနဲ့အမြန် အပစ် ရပ်သွား ကြနိုင်ပါတယ်။ ဒါပေမယ့် ရေရှည်ငြိမ်းချမ်းရေးက တခြားကိစ္စပါ။
အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန် ယာဟု ကလည်း ငြိမ်းချမ်းရေး (Peace) လို့ မသုံးဘဲ ငြိမ်ဝပ်ပိပြားရေး (Quiet) လို့ပဲ သုံးပါတယ်။ ဇူလိုင် လ ၈ ရက်နေ့က စခဲ့တဲ့ ထိုးစစ်ဟာ “ရေရှည်တည်တံ့ တဲ့ ငြိမ်ဝပ်ပိပြားရေး” (Sustainable Quiet) ကို ပြန်လည် တည်ဆောက်နိုင်ဖို့နဲ့ အစ္စရေး ပြည်သူတွေ ရေရှည်တည်တံ့တဲ့ လုံခြုံရေး အတွက် ဟားမတ်စ်နဲ့ တခြား အကြမ်းဖက် အုပ်စုတွေရဲ့ အင်အားကို သိသိသာသာ ဆုတ်ယုတ်သွားစေဖို့ ရည်ရွယ်တယ်လို့ ဆိုတယ်။ ဒီမှာလည်း အမြစ်ဖြုတ်ဖျက်စီးဖို့ ရည်ရွယ် တယ်လို့ မသုံးပါဘဲ “ဆုတ်ယုတ် သွားစေဖို့” ရည် ရွယ်တယ်လို့ သုံးနှုန်းပါတယ်။ ဒါလည်း အကြောင်း ရှိပါတယ်။ အနောက်ဘက်ကမ်းမှာ ဟားမတ်စ်အဖွဲ့ အာဏာရလာတဲ့ အချိန်ကစလို့ အစ္စရေးနဲ့ ၂ နှစ် ၁ ကြိမ်လောက် စစ်ဖြစ်နေတာမှန်ပေမယ့် ဟားမတ်စ်အဖွဲ့ကို အမြစ်ဖြုတ်ဖို့အထိ အစ္စရေးမှာ ရည် ရွယ်ချက် မရှိပါဘူး။ ဟားမတ်စ်အဖွဲ့ မရှိတော့ရင် သူ့ထက်ဆိုးတဲ့ အစွန်းရောက်တွေ အနောက်ဘက် ကမ်းမှာ အားကောင်းလာမှာကို အစ္စရေးက စိုးရိမ်ပါ တယ်။
ဂါဇာ စစ်ပွဲမှာ ထူးထူးဆန်ဆန်း တခြား စကားလုံးတွေလည်း ပေါ်ထွက်လာတယ်။ “၁၂ နာရီကြာ အပစ်ရပ်စဲ ရေး”၊ “အိဒ် ကာလ အပစ်ရပ်စဲ ရေး”၊ “လူသားချင်း စာနာမှုအရ အပစ်ရပ်စဲရေး” ဆိုတာမျိုးတွေပါ။ ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီတို့က “၇၂ နာရီကြာ အပစ်ရပ်စဲရေး” လို့ ကြေညာခဲ့ပေမယ့် မိနစ် ၉၀ ပဲ အသက်ဝင်ပြီး တိုက်ပွဲတွေပြန်စတာလည်း အစ္စရေးနဲ့ ဟားမတ်စ် စစ်ပွဲပါပဲ။
အခုနောက်ဆုံး စစ်ပွဲရဲ့ လတ်တလောအကြောင်း အရင်းက ဟားမတ်စ်အဖွဲ့က ဒုံးကျည်တွေ၊ စစ်ဘက် သုံး မြေအောက်ဥမင်တွေ၊ အစ္စရေး ဆယ်ကျော်သက် ၃ ယောက် ပြန်ပေးဆွဲ အသတ်ခံရတဲ့ ကိစ္စတွေနဲ့ပတ် သက်ပါတယ်။ ဒါပေမယ့် အဓိက မောင်းနှင်အားက ဟားမတ်စ်အဖွဲ့ရဲ့ ကိုယ်ပိုင်ပြဿနာနဲ့ ဒေသတွင်း အခြေအနေတွေနဲ့ ဆိုင်ပါတယ်။
ဂါဇာဒေသထဲ ဟားမတ်စ်အဖွဲ့ရဲ့ အကျင့်ပျက်မှုတွေနဲ့ တလွဲစီမံခန့်ခွဲမှုတွေကြောင့် လူထုထောက်ခံမှု ကျဆင်းနေတယ်။ ဒီကြားထဲ အီဂျစ်မှာ မွတ်စလင် ညီအစ်ကိုတော်များအဖွဲ့ကို ဖြုတ်ချပြီး တက်လာတဲ့ စစ်ခေါင်းဆောင်တွေက အီဂျစ်နဲ့ ဂါဇာကို ဆက်ထား တဲ့ မြေအောက် ဥမင်တွေ အားလုံးနီးပါးကို ပိတ်ပစ် ခဲ့တယ်။ (အီဂျစ်က ဟားမတ်စ်အဖွဲ့ကို ဂါဇာအခြေ စိုက် မွတ်စလင် ညီအစ်ကိုတော်များ အဖွဲ့ခွဲလို့ သတ်မှတ်ပါ တယ်။) ဟားမတ်စ်အဖွဲ့ရဲ့ အခွန်ဝင်ငွေ ကို အကြီးအကျယ် ထိခိုက်သွားတယ်။ မြေအောက် ဥမင်လမ်းကြောင်း တွေကို ဖြတ်သန်းတဲ့ ကုန်ပစ္စည်း တွေကို အခွန်ကောက်တာဟာ ဟားမတ်စ်အဖွဲ့က ရတဲ့ အခွန်ငွေတွေထဲမှာ ၄၀ ရာခိုင်နှုန်းအထိ ရှိပါ တယ်။ စီးပွားရေး ပညာရှင်တယောက်ရဲ့ ခန့်မှန်း ချက်အရ ၁ နှစ်မှာ အမေရိကန် ဒေါ်လာ သန်း ၄၆၀ အထိ ဆုံးရှုံးတယ်လို့ ဆိုတယ်၊ ဂါဇာကမ်းမြောင်ဒေသ တခုလုံးရဲ့ ဂျီဒီပီနဲ့ နှိုင်းယှဉ်ရင် ၅ ပုံ ၁ ပုံ ရှိပါတယ်။
နိုင်ငံရေးအရ ကြည့်ရင် အီဂျစ်မှာ မွတ်စလင် ညီအစ်ကိုတော်များအဖွဲ့ အစိုးရကို စစ်တပ်က ဖြုတ်ချလိုက်တဲ့ အခါ ဟားမတ်စ်အဖွဲ့ဟာ ဒေသတွင်းမှာ အရေးကြီးတဲ့ မဟာမိတ်ကို ဆုံးရှုံးလိုက်ရတယ်။ ဆီးရီးယား ပြည်တွင်း စစ်မှာ မွတ်စလင် ညီအစ်ကို တော်များ နည်းတူ အာဆတ် အစိုးရကို ဆန့်ကျင်တဲ့ ဘက်က ရပ်တည်ခဲ့လို့ အစဉ်အလာ မဟာမိတ်ဖြစ်တဲ့ အီရန်နဲ့ ဆက်ဆံရေး ပျက်ယွင်းနေတယ်။ ဒီလိုနဲ့ လူထုထောက်ခံမှု ကျဆင်း နေတာကို အာရုံလွှဲဖို့နဲ့ မဟာမိတ်တွေကို ပြန်စုစည်းဖို့ နည်းလမ်းက အစ္စရေးကို ရန်စတဲ့နည်းပါပဲ။ ၂၀ဝ၈ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်တွေတုန်းက သုံးခဲ့တဲ့ နည်းလမ်းပါပဲ။
အီဂျစ်မှာ စစ်တပ်ကျောထောက် နောက်ခံပေး ထားတဲ့ မူဘာရတ် ခေတ်ကို လူထုအုံကြွမှုက ဖြုတ်ချခဲ့ပြီးတဲ့ နောက်မှာ ဘာသာရေးအစွန်းရောက် တဲ့ မွတ်စလင် ညီအစ်ကိုတော်များအဖွဲ့ အာဏာရ လာတယ်။ တနှစ် အကြာမှာပဲ မွတ်စလင် ညီအစ်ကို တော်များအဖွဲ့ အစိုးရကို စစ်တပ်က ဖြုတ်ချခဲ့ပြန် တယ်။ အီဂျစ်ပြည်သူတွေ အများစုက ထောက်ခံခဲ့ကြ တယ်။ ရွေးကောက်ပွဲမှာ နောက်ထပ် စစ်ဗိုလ်ချုပ် ဟောင်း တယောက်ကို မဲပေးခဲ့ ကြတယ်။
အီဂျစ်မှာ ညီညွတ်မှုပြိုကွဲနေတာကို ကုစားဖို့ အချိန်အတော်ယူရပါဦးမယ်။ ဒါပေမယ့် နိုင်ငံဖြစ်တည်မှု (Stateness) ရှုထောင့်ကနေကြည့်ရင်တခြား နိုင်ငံတွေထက် အခြေအနေကောင်းပါတယ်။ လစ်ဗျားမှာက ပိုဆိုးတယ်။ ကဒါဖီကို ဖြုတ်ချခဲ့ပြီးတဲ့ နောက်မှာ လူမျိုးစု ပြဿနာတွေ ပေါ်ပေါက်နေလို့ သူတလူ ငါတမင်းနဲ့ မင်းမဲ့နိုင်ငံ (ကျဆုံးနိုင်ငံ) ဖြစ် မှာကို စိုးရိမ်နေရတယ်။ ဆီးရီးယားမှာလည်း ဆွန်နီ၊ အယ်လ်ဝိုက်၊ ကာဒစ်၊ ခရစ်ယာန်နဲ့ တခြားဘာသာ ဝင်တွေဟာ ကိုယ့်အုပ်စုနဲ့ကိုယ် ဖြစ်နေတယ်။
အီရတ်မှာ ကြည့်ရင်လည်း ဆွန်နီ-ရှီယိုက် ပြဿနာ ပေါ်နေတယ်။ ယီမင်မှာလည်း ဒီသဘောပါပဲ။ အရှေ့ အလယ်ပိုင်း ပြဿနာဟာလည်း ရေရှည် ဖြေရှင်းမရတဲ့ ပြဿနာအဖြစ် တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာပါ တယ်။ အာရပ် ပြည်သူတွေဟာလည်း နိုင်ငံရေးအရ အင်အားမဲ့သလို အများစုဟာ ဆင်းရဲပြီး ဘဝမျှော်လင့်ချက် လည်း မရှိသလောက်ပါပဲ။
အစ္စလမ်ဘာသာကလည်း ဥရောပမှာလို ပြုပြင်ပြောင်းလဲရေးခေတ်ကို ဖြတ်သန်းခဲ့တာမျိုး မရှိခဲ့ပါဘူး။ ဘာသာရေး အစွဲကြီးသူတွေနဲ့ လောကီ သီးသန့် ဝါဒီတွေကို ခွဲခြားဖို့ ခက်ခဲတယ်။ နိုင်ငံရေး ရဲ့ သရုပ်သကန် ကလည်း ဘာသာရေး၊ လူမျိုရေးတွေ အပေါ် တည်ဆောက်ထားကြတာ များတယ်။ လူထု အခြေပြု အဖွဲ့ အစည်းတွေ အားနည်းတယ်။ တချို့ နိုင်ငံတွေမှာ တိုင်းပြည်စီးပွားရေးက ရေနံနဲ့ ဓာတ် ငွေ့တွေအပေါ်မှာပဲ ရပ်တည်နေတယ်။ တခြား စီးပွားရေး ကဏ္ဍတွေရဲ့ ဖွံ့ဖြိုးမှုနဲ့ လူလတ်တန်းစား တွေ ပေါ်ပေါက်ဖို့ အဟန့်အတား ဖြစ်နေတယ်။ ပညာရေးစနစ်ကလည်း ထွင်းဖောက်စဉ်းစားတဲ့ စနစ်မျိုး မဟုတ်ဘဲ လှေကြီးထိုးရိုးရိုး ပညာရေး စနစ်မျိုးမှာပဲ နောက်ကျကျန်နေတယ်။
၂၀၁၁ မှာ တူနီးရှားကနေ စတင်ခဲ့တဲ့အချိန်က ရေတွက်ရင် အာရပ်နွေဦးဟာ လေးနှစ်ထဲကို ဝင် လာပါပြီ။ အာရပ်ပြည်သူတွေဟာ အာဏာရှင်စနစ်နဲ့ ဘုရင်စနစ်ကို ဆန့်ကျင်ဖို့ လမ်းပေါ်ထွက်ခဲ့ကြတယ်။ ပြဿနာက လေးစားလောက်တဲ့ ခေါင်းဆောင်နဲ့ တိကျတဲ့ အစီအစဉ်တွေ မရှိခဲ့တဲ့အတွက် သိပ်မကြာ ခင်မှာပဲ လမ်းဟောင်း အတိုင်း ပြန်လျှောက်ခဲ့ကြ တယ်။ နိုင်ငံတော်ရဲ့အခန်းကဏ္ဍ အားနည်းလာတဲ့ အချိန်မှာ လူမျိုးစုတွေ၊ ဘာသာ ရေး အုပ်စုတွေ အပေါ်မှာ သစ္စာခံတာ၊ ဂိုဏ်းဖွဲ့တာတွေ အားကောင်း လာနေတယ်။ အီရတ်၊ ဆီးရီးယား၊ ယီမင်၊ လက် ဘနွန် တို့မှာ ဆွန်နီ၊ ရှီယိုက်၊ အယ်လ်ဝိုက် စသဖြင့် ဘာသာရေးအပေါ် အခြေခံပြီး နိုင်ငံကို စည်းရုံး လှုပ်ရှားမှုတွေ ပြင်းထန်လာတယ်။ နိုင်ငံရေး သရုပ်သကန်ဟာ ခေတ်နောက်ပြန်ဆွဲတဲ့ လမ်းကြောင်းကို ဦးတည်သွားတဲ့ သဘောပါပဲ။
အားနည်းတဲ့ နိုင်ငံတွေမှာ လုံခြုံရေးနဲ့ တည် ငြိမ်ရေးကို မထိန်းနိုင်ဘဲ ဖြစ်နေတဲ့အချိန်မှာ ဒေသတွင်း နှိုင်းယှဉ်ချက်အရ အင်အားတောင့်တင်းတဲ့ နိုင်ငံတွေက ဩဇာ ထူထောင်လာကြတယ်။ အင်အား ပြိုင်လာ ကြတယ်။ အစ္စရေးနဲ့ ဟားမတ်စ် စစ်ပွဲ မှာ ကာတာနဲ့ တူရကီက ဟားမတ်စ်အဖွဲ့ကို ထောက်ပံ့ပေးတယ်။ ပြိုင်ဘက် အီဂျစ်နဲ့ ဆော်ဒီတို့ ကလည်း ဟားမတ်စ်တွေ အင်အား ချိနဲ့သွားစေချင် တာနဲ့ အစ္စရေးကို အကူအညီ ပေးတယ်။ အပြိုင် အဆိုင် ဩဇာထူထောင်လာကြတဲ့ သဘောပါ။
ဒီလို အခြေအနေတွေ နောက်ခံမှာ အစ္စရေး-ဟားမတ်စ် စစ်ပွဲဟာ တဆင့်ခံ စစ်ပွဲ၊ ဒေသတွင်း ပါဝါတွေရဲ့ အားပြိုင်ရာ စစ်မြေပြင်ဖြစ်လာတယ်။ အရှေ့အလယ်ပိုင်းမှာ အခုလို ပြဿနာတွေ ပေါ်နေတာ တချို့က အာဏာ လေဟာနယ်ကြောင့်လို့ ပြောတယ်။ အမေရိကန် အင်အားချိနဲ့လာတာနဲ့ အရှေ့အလယ်ပိုင်း ဒေသကို အာရုံစိုက်မှု နည်းလာ တာကြောင့်လို့ ထင်တယ်။ အမှန်က အာဏာလေဟာ နယ် မဟုတ်ဘဲ တန်ဖိုး လေဟာ နယ် ဖြစ်နေတာကြောင့်ပါ။ နိုင်ငံရေး ယဉ်ကျေးမှုမှာ ဒီမိုကရေစီနဲ့ လူများစု ဗိုလ်ကျရေးဝါဒလို့ အကောက်အယူ လွဲတာနဲ့ ဆိုင်ပါတယ်။
ရွေးကောက်ပွဲတွေကို အာဏာမျှဝေ သုံးစွဲရေး အတွက် ရည်ရွယ်တာမျိုး မဟုတ်ဘဲ အာဏာကို မောင်ပိုင်စီးဖို့ အတွက် သုံးနေကြတာနဲ့ ဆိုင်ပါတယ်။ ပါလက်စတိုင်းဘက်ကနေ အစ္စရေးဘက်ကိုဟားမတ်စ် အဖွဲ့က ဒုံးကျည်နဲ့ လှမ်းပစ်နေတာကို ရပ်တန့်ဖို့က အနောက်ဘက်ကမ်းမှာ တည်ငြိမ်ဖို့ လိုပါတယ်။ ဒီလိုပဲ အရှေ့ အလယ်ပိုင်းမှာ တည်ငြိမ်ဖို့ လိုပါတယ်။ ဂါဇာမှာ ဟားမတ်စ်အဖွဲ့နေရာမှာ အလယ်အလတ် သဘောထားရှိတဲ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ အစားမထိုး နိုင်ရင်မတည်ငြိမ်တဲ့ ဒေသတွင်း အခြေအနေက အပစ် ရပ်လိုက်၊ စစ်တိုက် လိုက် ဇာတ်လမ်းကိုဆက်ပြီး ဖန်တီးနေပါလိမ့်မယ်။