အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ် ရေးထိုးပြီးရင် နှစ်ဖက်တပ်ဖွဲ့တွေအကြား အပစ်ရပ်ရေး ၂၄ နာရီအတွင်း အကြောင်းကြားဖို့နဲ့ ၅ ရက်အတွင်း အသက်ဝင် အတည်ဖြစ်ဖို့ UPWC နဲ့ NCCT တို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဒုတိယမူကြမ်း အပြီးသတ်နိုင်ရေး အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော် မတီ (UPWC) နဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) မှာ သြဂုတ် ၁၅ ရက်၊ ၁၆ ရက် ၂ ရက် ဆွေးနွေးပြီး သဘောတူခဲ့ကြတာ ဖြစ် တယ် လို့ နှစ်ဖက် ခေါင်းဆောင်တွေက ပြောပါတယ်။
NCCT ဒုခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းက“တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို နှစ်ဖက်သဘောတူ စာချုပ် လက်မှတ် ထိုးပြီးရင် ၂၄ နာရီအတွင်း မိမိတပ်တွေကို အကြောင်းကြားနိုင်အောင် ကြိုးစားရမယ်။ အပစ်ရပ်ဖို့ ၅ ရက်အတွင်း အတည်ဖြစ် အောင် လုပ်ရမယ်။ ဘာဖြစ်လို့ အဲဒီလိုလုပ်ရလဲဆိုတော့ အစိုးရတပ်တွေက ဆက်သွယ်ရေးလမ်းကြောင်းက လွယ်တယ်၊ ကျနော်တို့တပ်တွေကြတော့ တောထဲမှာ ဆိုတော့ အဲဒီလိုမျိုး သတ်မှတ်လိုက်တာ”လို့ ဒုတိယမြောက်နေ့ ဆွေးနွေးပွဲအပြီးမှာ ဧရာဝတီကို ပြော ပါတယ်။
ဒီအချက်ဟာ UPWC နဲ့ NCC တို့ သြဂုတ် ၁၆ ရက်နေ့ ဆွေးနွေးခဲ့တဲ့ အထဲမှာ သဘောတူညီမှုရရှိခဲ့တဲ့ အခန်းသုံးခန်း အနက် “အခန်း (၃) အပစ် အခတ် ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များ”အခန်း ကဏ္ဍအောက်မှာ ရရှိခဲ့ကြတာဖြစ်ပါတယ်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဒုတိယမူကြမ်း အပြီးသတ်နိုင်ရေး UPWC နဲ့ NCC တို့အကြား အခန်း (၇) ခန်း ခွဲဆွေးနွေးခဲ့တာ ဖြစ်ပြီး ဒုတိယမြောက် နေ့မှာတော့ အခန်း ၃ ခန်း ဆွေးနွေးရာမှာ ၃ ခန်းလုံး သဘောတူညီ မှုရခဲ့တယ်လို့ နှစ်ဖက်ခေါင်း ဆောင်တွေက ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ အတည်ပြုပေးခဲ့ပါတယ်။
သဘောတူညီမှု ရရှိခဲ့တဲ့ အခန်း ၃ ခန်းကတော့ အခန်း (၂) ဦးတည်ချက်နှင့် ရည်ရွယ်ချက်များ၊ အခန်း (၃) အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ကိစ္စရပ်များ၊ အခန်း (၄) အပစ်အခတ်ရပ်စဲရေးကို ခိုင်မာအောင်လုပ်ဆောင်ရမယ့် နည်းလမ်းများ စတဲ့ အခန်းတွေဖြစ်ပါတယ်။
အခန်း (၃) အောက်မှာတော့ တပ်နေရာချထားရေး၊ တပ်ပိုင်းဆိုင်ရာ လိုက်နာရမယ့် ကျင့်ဝတ် စည်းကမ်းတွေနဲ့ နယ်မြေသတ်မှတ် ရေး စတာတွေ ပါဝင်ပြီး အခန်း(၄) အောက်မှာတော့ နှစ်ဖက်စောင့်ကြည့်ရေးအဖွဲ့များ ဖွဲ့စည်းရေးနဲ့ ဆက်သွယ် သွားလာရေးဆိုင်ရာ အချက်အလက်တွေ ပါဝင်ကြောင်း သိရပါတယ်။
ထပ်မံဆွေးနွေးဖို့ ကျန်ရှိနေတဲ့ အခန်း (၃) ခန်းကိုတော့ သြဂုတ် ၁၇ ရက်မှာ ထပ်ပြီးဆွေးနွေးကြမှာဖြစ်ပေမယ့် အလုံးစုံ သဘောတူ ညီမှု ရမယ်မရဘူးဆိုတာကတော့ အာမခံပြောဖို့ စောသေးကြောင်း၊ သို့သော်လည်း ၉၀ ရာခိုင်နှုန်းခန့်ဟာ သဘောတူညီနိုင်ဖွယ် ရှိကြောင်း MPC ရဲ့ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေ ကလည်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။
“ဒီကနေ့ဆွေးနွေးတဲ့ အခန်းသုံးခန်းလုံးကတော့ သဘောတူညီမှုရတယ်။ ဒီထဲကမှ တပ်သား အဓမ္မ တပ်သားမစုဆောင်းရေး ဆိုတဲ့ အချက်အပါအဝင် ၂ ချက် ပြန်ပြီးဆွေးနွေးဖို့ ကျန်ပါသေးတယ်။ အဲဒါအပါအဝင် ကျန်တဲ့ အခန်းသုံးခန်းကို မနက်ဖြန်ဆွေးနွေးမှာပါ” လို့ သတင်းစာရှင်းလင်းပွဲမှာ သူက ပြောဆိုသွားပါတယ်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဒုတိယမူကြမ်း အပြီးသတ်နိုင်ဖို့အတွက် UPWC နဲ့ NCCT တို့ဟာ သြဂုတ်လ ၁၅ ရက် ကတည်း က ဆွေးနွေးခဲ့ကြတာဖြစ်ပြီး အဲဒီနေ့မှာတော့ အရင်က နှစ်ဖက်အကြား သဘောတူဖို့ခက်ခဲနေတဲ့“အခန်း (၁) အခြေခံမူများ”ထဲက “ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး”ကိုသဘောတူခဲ့ကြပါတယ်။
သြဂုတ်လ ၁၈ ရက်နေ့မှာတော့ ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (Myanmar Peace Center)မှာ သုံးပွင့်ဆိုင်ဆွေးနွေးပွဲအဖြစ် UPWC နဲ့ NCCT တို့ဟာ နိုင်ငံရေးပါတီ ၃၄ ပါတီက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေး ကြ မှာဖြစ်ကြောင်း သိရပါတယ်။
တိုင်းရင်းသား ပါတီတွေအပါအဝင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီ(တစည) တို့ပါဝင်ပြီး နိုင်ငံရေးဆွေးနွေးပွဲအဆင့်မှာ ပါဝင်မယ့် နိုင်ငံရေးမူ ဘောင်တွေ ချမှတ်နိုင်ရေးအတွက် အလွတ်သဘော အမြင်ချင်းဖလှယ်ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။