မြန်မာ စစ်အစိုးရလက်ထက်က ခရိုနီလို့ သတ်မှတ်ခံထားသူတွေထဲက တချို့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ နာမည်ပျက်စာရင်း သွင်းခံထားရာကနေ ပယ်ဖျက်ပေးဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက အမေရိကန်နိုင်ငံခြားရေး ဌာနက အရာရှိတချို့နဲ့ အမေရိကန်ရဲ့ နာမည်ပျက်စာရင်းဝင် မြန်မာစီးပွားရေး လုပ်ငန်းရှင်တချို့နဲ့ ရန်ကုန်မှာ တွေ့ဖြစ်ခဲ့ကြပါတယ်။
အမေရိကန် အရာရှိတွေကလည်း ခရိုနီလို့သတ်မှတ်ခံထားရတဲ့ မြန်မာသူေဋ္ဌးတွေ ဒီမိုကရေစီရေးကို ရှေးရှုရင် နာမည်ပျက်စာရင်းက ပယ်ဖျယ်ဖွယ် ရှိတယ်ဆိုတာ ပြောလာကြတယ်။
စာရင်းက လွတ်ဖို့ စစ်တပ်နဲ့ ရှင်းရှင်းနေဖို့နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မလုပ်ဖို့ လိုတယ်လို့ အမေရိကန်အစိုးရအရာရှိတွေက ဆိုတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမား ရေးရာ ဆိုင်ရာ လက်ထောက်ဝန်ကြီး တွမ်မာလင်နော့စကီးက ဧရာဝတီကို မကြာသေးခင်က ” စစ်တပ်နဲ့ စီးပွားရေး အဆက်အသွယ်ဖြတ်လိုက်ပြီလား၊ မြေယာ သိမ်းယူမှုကို ရှောင်ရှားခြင်း အပါအဝင် လူ့အခွင့် အရေးကို လေးစားသလား၊ အရပ်ဖက်ဥပဒေတွေကို လိုက် နာသလားဆိုတာ ကျနော်တို့ ကြည့်သွားပါမယ်။ ဒီအရာတွေကို ပြသနိုင်ဖို့ အကောင်းဆုံး နည်းလမ်းတခုကတော့ စီးပွားရေး ပိုင်ဆိုင်မှုများအတွက် ယုံကြည်နိုင်လောက်တဲ့ လွတ်လပ်တဲ့ စာရင်းစစ် စနစ်ကို အသုံးပြုဖို့ နဲ့ သူတို့ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေမှာ ယုံကြည်နိုင်လောက်တဲ့ လွတ်လပ်တဲ့ လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှု အကဲဖြတ်မှုတွေရှိဖို့ ဖြစ်ပါတယ်။ ဒီကိစ္စမှာ ကုသိုလ်ဖြစ် လှူဒါန်းမှုတွေကို ထည့်သွင်းစဉ်းစားမှာ မဟုတ်ပါဘူး ဆိုတာ ရှင်းလင်းအောင်ပြောထားပြီး ဖြစ်ပါတယ်။ သူတို့ ပိုက်ဆံကို ဘယ်လို သုံး သလဲဆိုတာက အရေး မကြီးပါဘူး။ သူတို့ပိုက်ဆံ ဘယ်လိုရှာသလဲ ဆိုတာက အရေးကြီးပါတယ်” လို့ ပြောဆိုခဲ့တယ်။
ဦးသိန်းစိန်အစိုးရ တက်လာအပြီး အမေရိကန်နိုင်ငံက အရပ်သားနိုင်ငံရေးသမားများအဖြစ် ပြောင်းလဲခဲ့တဲ့ သမ္မတဦးသိန်းစိန်နဲ့ ၂၀၀၈ ခုနှစ်က မြောက်ကိုရီးယားနိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့တဲ့ ပြည်သူလွှတ်တော် ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းတို့ကို ဒဏ်ခတ်မှုစာရင်းက ပယ်ဖျက်ပေးခဲ့တယ်။
ဒါပေမယ့် မြန်မာလုပ်ငန်းရှင်ကြီးတွေကို မပယ်ဖျက်သေးတာကြောင့် မြန်မာနိုင်ငံက စီးပွားရေးလက်တွဲဖက်တွေလို့ မြင်ကြတဲ့ အမေရိကန် စီးပွားရေးသမားတွေက ဆူဆူညံညံ တောင်းဆိုလာနေကြတာကတကြောင်း၊ တရုတ်ဩဇာအောက်က ရုန်းထွက်လာနေတဲ့ မြန်မာကို လက်မလွှတ်ချင်ဘဲ ဆုပေးချင်တာက တကြောင်းကြောင့် ဒဏ်ခတ်မှုစာရင်းကို ပြင်ဖို့ လုပ်လာကြပါတယ်။။
ဇန်နဝါရီလ လလယ်ပိုင်းတုန်းကလည်း ရန်ကုန်မြို့မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell က မြန်မာလုပ်ငန်းရှင်ကြီးများနဲ့ တွေ့ဆုံခဲ့ပြီး အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ဒဏ်ခတ်မှု စာရင်းအတွင်းက နာမည်အချို့ကို မကြာမီ ဖယ်ရှားပေးတော့မယ်လို့ သတင်းကောင်းပေးခဲ့ပါသေးတယ်။
အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာနက စီးပွားရေး၊ ကုန်သွယ်မှု ဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Charles H. Rivkin လည်း ရှေ့လ ရန်ကုန်ကိုလာပြီး မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဖို့ရှိပါတယ်။ ဒဏ်ခတ်မှုစာရင်းကို ပြန်ပြင်ရာမှာ သူ့ခရီးစဉ်က အရေးပါပါလိမ့်မယ်။
၂ဝ၁၂ ခုနှစ်ကတည်းက အမေရိကန်ပြည်ထောင်စုက မြန်မာအပေါ် တားဆီး ပိတ်ပင်အရေးယူထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တော်တော်များများကို ဖြေလျှော့လာတာပါ။ ကိုကာကိုလာ ကုမ္ပဏီနဲ့ Western Union တို့လို ကုမ္ပဏီတွေကတော့ မြန်မာနိုင်ငံမှာ အခုဆိုရင် ရင်းနှီးမြှုပ်နှံနေကြပြီဖြစ်ပါတယ်။ ဒီအပြင် နောက်ထပ် အမေရိကန်ကုမ္ပဏီတွေကလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံချင်နေကြပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံတွင်းမှာ အမေရိကန်ကုမ္ပဏီတွေနဲ့ တွဲလုပ်မယ့် ငွေပင်ငွေရင်း အလုံးအရင်း ရှိသူတွေ တော်တော်များများက SDN လို့ ခေါ်တဲ့ ဒဏ်ခတ်မှု စာရင်း အမည်ပျက် စာရင်းဝင်ဖြစ်နေတာကြောင့် အမေရိကန်ဘက်က ကုမ္ပဏီတွေက မြန်မာခရိုနီတွေရဲ့ ကုမ္ပဏီတွေနဲ့ စီးပွားရေး အတူလုပ်ရင် ဥပဒေအရ မလွယ်တဲ့ အခြေအနေ ဆိုက်နေတာပါ။
လတ်တလောမှာပဲ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက နာမည်ပျက်စာရင်း သွင်းထားတဲ့ မြန်မာကုမ္ပဏီပေါင်း ၁၂ဝ လောက်နဲ့ တသီးပုဂ္ဂလတွေ တော်တော်များများ ရှိနေတာပါ။
မြန်မာကုမ္ပဏီတွေကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက နာမည်ပျက်စာရင်းသွင်းတာကလည်း ၂ဝ၁၁ ခုနှစ်မတိုင်ခင်ထိ မြန်မာနိုင်ငံကို စစ်အုပ်ချုပ်ရေးနဲ့ အုပ်စိုးခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ နီးစပ်ဆက်နွယ်ပြီး အခွင့်ထူးတွေ ခံစားခဲ့ကြလို့ဖြစ်တယ်။
ဆယ်စုနှစ်တွေနဲ့ ချီတဲ့ စစ်အုပ်ချုပ်ရေး သဘောအရ စီးပွားရေးကို စစ်တပ်ကပဲ အများဆုံး ထိန်းချုပ်ခဲ့တာဖြစ်ပြီး ကုမ္ပဏီတွေကလည်း မြန်မာ အစိုးရစစ်တပ်နဲ့ နက်နက်ရှိုင်းရှိုင်း ဆက်နွယ် ထိစပ်ကြရတာဖြစ်ပြီး အခုထိလည်း ဒီအရှိန်က ရှိနေဆဲပဲလို့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။
“ တိုင်းပြည်မှာ အဓိက စီးပွားရေးကို လုပ်ဆောင်ကြသူ အများစုဟာ အခုထိလည်း သီးခြား ပစ်မှတ်ထား ဒဏ်ခတ်ခံထားရဆဲပါဘဲ” လို့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ဆိုင်ရာ အထူးပြု ရှေ့နေ Erich Ferrari က Wall Street Journal သတင်းစာကို ပြောထားပါတယ်။
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ လွန်ခဲ့တဲ့ ရက်ပိုင်းက မြန်မာနိုင်ငံသွားစဉ် နာမည်ပျက်စာရင်းထဲ ရှိနေတဲ့ မြန်မာစီးပွားရေး လုပ်ငန်းရှင် မက်စ် ဦးဇော်ဇော် ပိုင်ဆိုင်တဲ့ ဟိုတယ်တခုမှာ တည်းခိုခဲ့တဲ့ကိစ္စဟာ အမေရိကန်အစိုးရရဲ့ ကြိုတင်အချက်ပြမှုလည်း ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက နာမည်ပျက်စာရင်းဝင်လူ ပိုင်ဆိုင်တဲ့ ဟိုတယ်မှာ တည်းခိုလို့ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ဆိုင်ရာ ပြဌာန်းချက်ကို ချိုးဖောက်ရာမကျဘူးလို့ တုံ့ပြန်ဖြေရှင်းခဲ့ရပါတယ်။
ဒါပေမယ့် ဦးဇော်ဇော်ပိုင် ဟိုတယ်မှာ တည်းခိုတာဟာ အကျိုးတုန့်ပြန်ချက် နည်းမယ်ဆိုတာ အမေရိကန်တွေ တွက်ချက်ပြီးမှ ဆုံးဖြတ်ခဲ့ပုံပါ။
၂၀၁၁ ခုနှစ်ကုန်မှာ နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့တဲ့ ဟေလာရီကလင်တန် နေပြည်တော် လာတုန်းကလည်း ဦးဇော်ဇော်လို နာမည်သိပ်မဆိုးတဲ့ ဦးချစ်ခိုင်ပိုင်တဲ့ သင်္ဂဟဟိုတယ်မှာ ရွေးချယ်တည်းခိုသွားခဲ့ဖူးပါတယ်။