ထိုင်းနိုင်ငံ ဘန်ကောက်မြို့ စမွတ် ပရာကမ် ခရိုင်ရှိ အဝတ်အထည် ဆေးဆိုးသည့် စက်ရုံတရုံတွင် သြဂုတ် ၁၇ ရက် နံနက်ပိုင်းက ဘွိုင်လာ အိုး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အတွက် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော မြန်မာအလုပ်သမား ၉ ဦး စမွတ် ပရာကမ် ဆေးရုံတွင် ဆေး ကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။
ယင်း ပေါက်ကွဲမှုတွင် ဒဏ်ရာရရှိသူ ၂၂ ဦးရှိပြီး ဒဏ်ရာပြင်းထန်သူ ၅ ဦးအနက် ၂ ဦးမှာ မြန်မာ အလုပ်သမား ဖြစ်သည်ဟု ဘန်ကောက်မြို့ မြန်မာသံရုံးမှ အလုပ်သမားရေးရာ သံမှူး ဦးသိန်းနိုင်က ပြောသည်။
“အထူးကြပ်မတ် ကုသဆောင် (ICU) ထဲမှာ မြန်မာအလုပ်သမား ၂ ယောက်ရှိပါတယ်။ မီးလောင်ဒဏ်ရာနဲ့ အပျက်အစီး တွေကြောင့် ထိခိုက် ဒဏ်ရာရခဲ့တဲ့ မြန်မာအလုပ်သမား ၇ ယောက်လည်း ဆေးကုသမှု ခံယူနေပါတယ်”ဟု ၎င်းက ပြောပြသည်။
ဦးသိန်းနိုင်က ဆက်လက်ပြီး“စကားပြောနိုင်တဲ့ အလုပ်သမား တချို့နဲ့ ကျနော်စကားပြောခဲ့ပါတယ်။ ဒါပေမယ့် တခြားသူတွေက တော့ အိပ်ပျော်နေကြတယ်။ သူတို့ အနာသက်သာအောင်ပေးထားတဲ့ ဆေးကြောင့်ဖြစ်မယ် ထင်ပါတယ်”ဟုလည်း ပြောဆိုသည်။
ဆေးဆိုး စက်ရုံမှ ဘွိုင်လာအိုး တခု နံနက် အရုဏ်တက်ချိန်တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး စက်ရုံအမိုးလည်း ပွင့်ထွက်သွားခဲ့သည် ဟု သိရသည်။
ဘွိုင်လာအတွင်းတွင် ရေမရှိသည့်အတွက် ပေါက်ကွဲခဲ့ရခြင်း ဖြစ်ကြောင်း၊ ထိခိုက်ပျက်စီးမှု တန်ဖိုး ထိုင်း ဘတ်ငွေ ၁ သန်း (အမေရိကန် ဒေါ်လာ ၃၁၀၀၀) အထိရှိကြောင်း ဘန်ကောက်ပို့စ် သတင်းစာကလည်း ဖော်ပြထားသည်။
ပေါက်ကွဲချိန်တွင် ညဆိုင်းအလုပ်သမားများ အလုပ်လုပ်နေချိန်ဖြစ်သော်လည်း သေဆုံးသူ မရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိခဲ့သော မြန်မာ အလုပ်သမားများသည် တရားဝင်မှတ်ပုံတင်၍(ယာယီ ပတ်စ်ပို့ဖြင့်) လုပ်ကိုင်နေကြသူများ ဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် စက်ရုံနောက်ဘက်ရှိ ၎င်း တို့ တည်းခိုနေထိုင်သည့် နေရာတွင် ရှိနေကြောင်း သိရသည်။
“ဖြစ်တာ တနင်္ဂနွေနေ့ မနက် စောစောဆိုတော့ သူတို့ အိမ်တွေမှာပဲ ရှိနေကြတယ်။ တချို့ကလည်း အလှည့်ကျ အလုပ်ဆင်းဖို့ ပြင် တဲ့သူ ရှိတယ်။ တချို့လည်း တနင်္ဂနွေ နားရက်လေ။ ကျနော်ရောက်သွားတော့ အိမ် ၁၆ လုံးလောက် တွေ့ခဲ့တယ်။ တချို့ဒဏ်ရာ နည်းနည်းပါးပါး ရတဲ့လူတွေနဲ့တော့ မတွေ့ခဲ့ရဘူး။ အပြင်သွားနေတယ်ဆိုလို့”ဟု မြန်မာ အလုပ်သမားများကို သြဂုတ် ၁၇ ရက် နေ့လယ်ပိုင်းက သွားရောက်တွေ့ဆုံခဲ့သော ဦးသိန်းနိုင်က ပြောပြသည်။
ထိုင်း အလုပ်ရှင် အပါအဝင် ထိုင်း လူမှုဖူလုံရေး အာဏာပိုင်များနှင့် တွေ့ဆုံပြီး မြန်မာ အလုပ်သမားများ ဆေးကုသမှု ခံယူနိုင်ရေး နှင့် ထိုင်းနိုင်ငံ ဥပဒေနှင့် အညီ နစ်နာကြေးများ ရရှိနိုင်ရေး အတွက် ဆွေးနွေးခဲ့ပြီး ဖြစ်သည်ဟု သူက ပြောဆိုသည်။
“ထိခိုက်မှုတွေ အားလုံး အတွက် သူတို့ဘက်က လုံး၀ အပြည့်အ၀ တာဝန်ယူပါတယ်လို့ ထိုင်းအလုပ်ရှင်တွေက ပြောပါတယ်”ဟု လည်း ဦးသိန်းနိုင် က ပြောသည်။