မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၀ ကျော်ဖြစ်ပွားနေတဲ့ ကမ္ဘာ့သက်တမ်းအရှည်ကြာဆုံး ပြည်တွင်းစစ်ပွဲကြီးကို အဆုံးသတ်ဖို့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အစိုးရတို့အကြား ဆွေးနွေးမှုတွေက တိုးတက်မှု တွေရှိလာပေမယ့် အပစ် အခတ် ရပ်စဲရေး လက်မှတ်ထိုးမယ့် လက်နက်ကိုင် အဖွဲ့အရေအတွက်၊ အပစ် ရပ်စဲပြီး ကြားကာလမှာ ပုံမှန် ရပ်တည် နိုင်ရေး၊ အပစ်ရပ်ပြီးနောက် တပ်သားစုဆောင်းရေး ၊ နိုင်ငံရေး ဆွေးနွေးမှု ပုံစံ တွေနဲ့ ပတ်သက်လို့ တိုင်းရင်းသားတွေနဲ့ အစိုးရ ကြားမှာ သဘောတူညီမှုတစုံတရာ မရရှိသေးပါဘူး။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအများစုက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူ ညီမျှရေးအတွက် လက်နက်စွဲကိုင် တော် လှန် ခဲ့တာဖြစ်ပြီး နှစ်ဖက် စစ်တိုက်ခဲ့ကြတဲ့ သက်တမ်းက ရှည်ကြာလွန်းတဲ့အတွက် တိုင်းရင်းသားတွေနဲ့ အစိုးရ စစ်တပ် ကြားမှာ မယုံကြည်မှု သံသယတွေရှိနေဆဲဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်က ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်မယ်ဆိုတဲ့ ကတိပြုချက်နဲ့ ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့ က စတင်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ အခုဆိုရင် သုံးနှစ် သက်တမ်းရှိနေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၄ ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး ပဏာမ သဘောတူ လက်မှတ် ထိုးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တိုင်းရင်း သား နယ်မြေ တချို့မှာတိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အတွက် လက်ရှိဖော်ဆောင်နေတဲ့ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ် အပေါ် ပြည်သူ တွေရဲ့ ယုံကြည်မှု လျော့ကျသံတွေ ထွက်ပေါ်နေပါတယ်။
ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာမှာ သြဂုတ်လ ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အဆင့်ကို သွားနိုင်မယ့် အခန်း (၇) ခန်းပါဝင်တဲ့ အပစ်ရပ်ရေးသဘောတူစာချုပ် ဒုတိယမူကြမ်း ပြီးစီးရေး အစိုးရ ငြိမ်းချမ်း ရေး ဖော်ဆောင်ရေး လုပ်ငန်း ကော် မတီ (UPWC) နဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပါတယ်။
အပစ်ရပ်ရေး စာချုပ်မူကြမ်းမှာ အခန်း (၁) အခြေခံမူများ ၊ အခန်း (၂) ဦးတည်ချက်နှင့် ရည်ရွယ်ချက်များ၊ အခန်း (၃) အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ကိစ္စရပ်များ၊ အခန်း (၄) အပစ်အခတ်ရပ်စဲရေးကို ခိုင်မာအောင်လုပ်ဆောင်ရမယ့် နည်း လမ်းများ၊ အခန်း (၅) နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များ၊ အခန်း (၆) ရှေ့ဆက် ဆောင်ရွက်ရမယ့် လုပ်ငန်း စဉ် များ၊ အခန်း (၇) အထွေထွေ ဆိုပြီး အခန်း ၇ ခုပါဝင်ပါတယ်။
သြဂုတ်လ ဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေဘက်က တစိုက်မတ်မတ် တောင်းဆိုနေတဲ့ အခန်း (၁) အခြေခံမူများမှာ ပါဝင်တဲ့ “ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်း ခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေး” ဆိုတဲ့ အချက်ကို အစိုးရဘက်က သဘောတူလိုက်တဲ့ အတွက် သိပ်မကြာခင် အပစ်ရပ်ရေး ဒုတိယမူကြမ်းကို အပြီးသတ်နိုင်မယ့် အခြေအနေတချို့ ပေါ်ထွန်းလာပါတယ်။ အပစ်အခတ်ရပ်စဲရေး မူကြမ်းပါ ကွဲလွဲချက် ၃၁ ချက် ရှိတဲ့ အနက် ၂၆ ချက်ကိုသဘောတူညီမှု ရရှိပြီး ကျန် အချက် ၅ ချက်ကတော့ ဆက်လက်ဆွေးနွေးဖို့ ကျန်ရှိနေပါသေးတယ်။
ကျန်ရှိတဲ့ အချက် ၅ ချက်ကတော့ အပစ်ရပ်မူကြမ်း အခန်း (၂) ၊ အခန်း (၃)၊ အခန်း (၅)၊ အခန်း (၆) ၊ အခန်း (၇) မှာပါဝင်တဲ့ အချက်တွေဖြစ်ပါတယ်။ ဒီတခေါက် ဆွေးနွေးပွဲမှာ သဘောထားကွဲလွဲနေတဲ့ အချက်တော်တော်များများကို ညှိနှိုင်းလိုက်နိုင်တာမို့ ဒီအခြေအနေဟာ တိုးတက်တဲ့ လက္ခဏာလို့ မှတ်ချက်ပြုခဲ့ကြပြီး နောက်တကြိမ်ဆွေးနွေးမှုမှာ အပြီးသတ်သဘောတူညီမှု ရရှိလိမ့်မယ်လို့ ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်သူတွေက ဆိုကြပါတယ်။
ဆက်လက်ဆွေးနွေးဖို့ လိုအပ်ပြီး သဘောတူညီမှုမရသေးတဲ့ အချက်တွေကတော့ အပစ်ရပ်ရေး လက်မှတ်ထိုးမယ့် အဖွဲ့တွေ၊ လက်မှတ်ထိုးရာမှာပါဝင်ကြမယ့် သက်သေတွေ၊ တပြည်လုံး အပစ်အခတ်ရပ်စဲပြီး ကြားကာလမှာ ပုံမှန် ရပ်တည် နိုင်ဖို့၊ အပစ်ရပ်ပြီး တပ်သားစုဆောင်းရေးကိစ္စ၊ နိုင်ငံရေး ဆွေးနွေးမှုအဆင့်မှာ ဘယ်သူတွေပါဝင်သင့်သလဲ စတဲ့ အချက် တွေ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်း ကြန့်ကြာနေတဲ့ အပေါ် ပြည်သူတွေက အားမလိုအားမရဖြစ်နေတယ်လို့ မြန်မာ့ ငြိမ်းချမ်းရေးစင်တာမှာ ဆွေးနွေးပွဲမှာ တိုင်းရင်းသားခေါင်းဆောင်တွေက ထုတ်ဖော်ပြောဆိုခဲ့ပြီး ဆွေးနွေးပွဲ အပြီး နောက်ဆုံး နေ့မှာလည်း အလုံးစုံ သဘောတူညီမှု မရရှိသေးတဲ့ အပေါ်မှာ နားလည်မှုမလွဲကြဖို့နဲ့ ရေရှည် တည်တံ့ ခိုင်မာတဲ့ ငြိမ်းချမ်းရေးဖြစ်ဖို့ နှစ်ဖက် အကြားမှာ တိကျ ခိုင်မာတဲ့ ကတိကဝတ်တွေရရှိဖို့ လိုအပ်တယ်လို့ရှင်းပြ ခဲ့ပါသေး တယ်။
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ရှိတဲ့ ရှေ့တန်းစစ်မြေပြင်တွေမှာ အစိုးရ စစ်တပ် တွေက ပုံမှန်မဟုတ်တဲ့ တပ်အင်အား ဖြည့်တင်းမှု၊ ရိက္ခာနဲ့ လက်နက်ခဲယမ်း ဖြည့်တင်းမှု တွေ လှုပ်ရှားတာ တွေရှိသလို တိုင်းရင်းသား တပ် တွေ ဘက်ကလည်း ပြင်ဆင်မှုတွေလုပ်တာတွေရှိတော့ ဒေသခံတွေက လက်ရှိ လုပ်ဆောင် နေတဲ့ ငြိမ်းချမ်းရေး ပျက်ပြီး တိုက်ပွဲ တွေပြန်ဖြစ်မလားလို့ စိုးရိမ်စိတ်နဲ့ ကျီးလန့်စာစားနေရဆဲဖြစ်ပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာက ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSPP/SSA)၊ မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) တို့ ပူးပေါင်းတပ်တွေနဲ့ အစိုးရစစ်တပ်တွေအကြား တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်နေ ပါသေးတယ်။
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေထဲမှာ နယ်မြေသတ်မှတ်ရေး၊ တပ်နေရာ ချထားရေးတွေ ပီပီပြင်ပြင် မလုပ် ဆောင်၊ မထားနိုင်သေးဘဲ နှစ်ဘက်တပ်တွေ ကြားမှာ သေနက်ကိုင်ပြီး ကျည်ထိုးထားတဲ့ အခြေအနေ တွေဖြစ်တာမို့ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုပြီးသည့်တိုင် ခိုင်မာပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေက တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး လေ့လာစောင့်ကြည်သူတွေကြားမှာ ဖြစ်ပေါ်နေပါတယ်။
လတ်တလော တနိုင်ငံလုံး အပစ်အခတ်ရပ်စဲနိုင်ရေး ဒုတိယမှုကြမ်းဆွေးနွေးရာမှာ အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် ချုပ်ဆိုပြီးချိန်ကစပြီး ၂၄ နာရီအတွင်း အပစ်အခတ်ရပ်စဲကြဖို့၊ နှစ်ဖက်တပ် တွေအကြား အကြောင်းကြားကြဖို့နဲ့ တနိုင်ငံလုံး အပစ်ရပ်ရေး ၅ ရက်အတွင်း အသက်ဝင် အတည်ဖြစ်ဖို့ သဘောတူညီခဲ့ကြပါတယ်။
နှစ်ဖက်ခေါင်းဆောင်တွေကတော့ ဒုတိယမူကြမ်းဆွေးနွေပွဲမှာ မပြီးပြတ်သေးတဲ့ အချက်တွေကို စက်တင်ဘာ လဆန်းပိုင်းမှာ ဆွေးနွေးကြမှာဖြစ်ပြီး သဘောတူညီမှုရရှိနိုင်ဖို့ကလည်း ရာခိုင်နှုန်းများနေပါတယ်။ တိုင်းရင်းသားတွေနဲ့ အစိုးရကြားမှာ သဘောထားကွဲလွဲနေတဲ့ အချက်တွေကို ဆွေးနွေးညှိနှိုင်း သဘောတူညီမှုရရှိခဲ့ရင်တော့ ၂၀၁၄ ခုနှစ် မကုန်မီ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အစိုးရအဖွဲ့တို့အကြား တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုနိုင်မယ့် အခြေအနေ တွေဖြစ်ထွန်းလာဖို့ ရှိနေပါတယ်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုပြီးတာနဲ့ ၅ ရက်အတွင်း အပစ်ရပ်ရေး စာချုပ် စတင်အကျိုး သက်ရောက်မှာဖြစ်လို့ နိုင်ငံတဝန်း သေနတ်သံတွေ အမှန်တကယ် တိတ်ဆိတ် သွားမှာ အသေအချာပါပဲ။