ဧရာဝတီတိုင်း ပုသိမ်-ချောင်းသာ ကားလမ်းနံဘေးရှိ ရှောပြာ ကျေးရွာအနီးတွင် တွေ့ရှိရသည့် အသတ်ခံထားရသည်ဟု ယူဆ ရသော အမျိုးသမီး တဦး သေဆုံးမှုနှင့် ပတ်သက်ပြီး တပ်မတော်မှ ဗိုလ်ကြီး အဆင့်ရှိသူ တဦးကို သံသယရှိ၍ စုံစမ်း စစ်ဆေးမှုများ ပြုလုပ် နေကြောင်း သတင်းရရှိသည်။
စုံစမ်း စစ်ဆေးမှု ပြုလုပ်ခြင်း ခံရသူသည် အနောက် တောင်တိုင်း စစ်ဌာနချုပ်(နတခ) လက်အောက်ခံ ခြေမြန် တပ်ရင်း (ခမရ) – ၂၇၁ မှ ဗိုလ်ကြီး သူရိန်ဝင်း ဆိုသူ ဖြစ်ကြောင်း ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းမှ သိရသည်။
ဦးခေါင်းနှင့် ဝမ်းဗိုက်တွင် ဒဏ်ရာရရှိထားသော အသက် ၄၄ နှစ် အရွယ်ရှိ သေဆုံးသူ အမျိုးသမီး အလောင်းကို ပုသိမ် – ချောင်း သာ ကားလမ်းဘေး မိုင်တိုင် ၁၃/၄ ၊ ရှောပြာကျေးရွာအုပ်စု ကလပ်ချီ ကျေးရွာအဝင် သလပ်ခွာ ရဲစခန်းအပိုင် လမ်းမပေါ်တွင် သြဂုတ်လ ၆ ရက် နံနက်ပိုင်းက တွေ့ရှိရပြီး အမှုကွင်းဆက်များ အရ ဗိုလ်ကြီး သူရိန်ဝင်း ကို သံသယ ရှိ၍ ဖမ်းဆီး စစ်ဆေးနေကြောင်း ပုသိမ်မြို့နယ် ရဲ တပ်ဖွဲ့ အသိုင်းအဝိုင်းက ပြောဆိုသည်။
“သေတဲ့ အမျိုးသမီးနဲ့ ဗိုလ်ကြီးနဲ့က လူမှုရေးအရ ရင်းနှီးတဲ့ ဆက်စပ်မှုတွေ ရှိတယ်။ အမှုကွင်းဆက်တွေ အရ ဗိုလ်ကြီး သူရိန်ဝင်း က သံသယဖြစ်ဖွယ် ရှိနေတဲ့ အတွက် ဧရာဝတီတိုင်း ရဲမင်းကြီး ဦးအောင်နိုင်သူက နတခ စစ်ဘက် အရာရှိကြီးတွေကို အကြောင်းကြားတဲ့ အခါမှာ နတခက ဗိုလ်ကြီးကို လာခေါ်သွားပြီး တပ်ထဲမှာ ခုံရုံးဖွဲ့ စစ်ဆေးနေတာ”ဟု ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့နှင့် နီးစပ်သူ တဦး က ပြောသည်။
အဆိုပါ အမျိုးသမီး အမှုအား ဧရာဝတီတိုင်း ရဲမင်းကြီး ဦးအောင်နိုင်သူ ဦးစီး၍ အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးခဲ့ရာမှ ၉ ရက်အကြာတွင် တရားခံဟု ယူဆရသူကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ သံသယ ရှိသူ ဗိုလ်ကြီး သူရိန်ဝင်းကို သြဂုတ် ၁၄ ရက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီး၍ သြဂုတ် ၁၅ ရက်၌ စစ်ဘက် ဆိုင်ရာ တာဝန်ရှိသူများသို့ လွှဲပြောင်း ပေးအပ်လိုက်ကြောင်း သိရ သည်။
သို့သော် အခင်းဖြစ်ပွားရာ နယ်မြေခံ ရဲစခန်း ဖြစ်သည့် သလပ်ခွာ ရဲစခန်းအား ဗိုလ်ကြီး သူရိန်ဝင်း ကို ဖမ်းဆီး စစ်ဆေးနေခြင်း နှင့် ပတ်သက်ပြီး ဧရာဝတီက ဆက်သွယ် မေးမြန်းရာ အတည်ပြုရန် ငြင်းဆိုခဲ့သည်။
အလားတူ ခမရ ၂၇၁ မှ တာဝန်ရှိသူ တဦးကိုလည်း ဗိုလ်ကြီး သူရိန်ဝင်း အမှုကိစ္စနှင့် ပတ်သက်ပြီး ဧရာဝတီက မေးမြန်းရာတွင် အတည်ပြုပေးရန် ငြင်းဆန်သည်။
သေဆုံးသူ အမျိုးသမီးမှာ တနင်္သာရီတိုင်း ဒေသကြီး ရေဖြူမြို့တွင် နေထိုင်သူ ဒေါ်ရီရီအေးဖြစ်ပြီး ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဦးခေါင်းအား ကျောက်တုံးဖြင့် ထုနှက်ထားသည့် ဒဏ်ရာများဖြင့် သေဆုံးခြင်း ဖြစ်ကြောင်း၊ အလောင်းတွင် လက်စွပ်၊ နားကပ်များ တွေ့ရပြီး အလောင်းဘေးတွင် ကျောက်စီဆွဲသီးပါ ဆွဲကြိုး ၁ ကုံး၊ လက်ကောက် တကွင်း၊ ဖုန်းနှစ်လုံးနှင့် ဓား ၂ ချောင်း တွေ့ရှိရကြောင်း၊ ယင်း အမှုအား သလပ်ခွာ ရဲစခန်းက ပြစ်မှုနံပါတ် ၃၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းမှ သိရသည်။
“အလောင်းဘေးမှာ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ တွေ့တော့ ဒါဟာ ပစ္စည်းလိုချင်လို့ လူသတ်သွားတာ မဟုတ်ဘူး ဆိုတာ တွက်လို့ ရ တယ်။ အလောင်းဘေးမှာ တွေ့ရတဲ့ ဖုန်းထဲက နံပါတ်တွေကို ခေါ်ကြည့်ရာမှာ သေသူရဲ့ သမီးနဲ့ အဆက်အသွယ် ရတယ်။ သေ သူရဲ့သမီးနဲ့ ဆွေမျိုးတွေ ပုသိမ် လိုက်လာပြီး သူတို့ကို စစ်ဆေးတဲ့ အခါမှာ ဗိုလ်ကြီးနဲ့ ဆက်သွယ်မှုတွေရှိတဲ့ ကွင်းဆက်တွေ ပေါ်လာတယ်။ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီးတဲ့အခါ ဗိုလ်ကြီးကို သွားဖမ်းခဲ့တယ်။ ပြီးတော့ တိုင်းရဲမင်းကြီးကနေ တပ်ပိုင်းက လူကြီးတွေဆီ အကြောင်းကြားတာပေါ့”ဟု ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့နှင့် နီးစပ်သူက ပြောပြသည်။
ပုသိမ်မြို့ အမှတ် ၂ ရဲစခန်းသို့ ဇူလိုင် ၁၆ ရက်က ခမရ ၂၇၁ မှ ဗိုလ်မှူး အဆင့်ရှိ စစ်ဘက် အရာရှိတဦး ရောက်ရှိလာပြီး သလပ်ခွာ အမှု ဖိုင်တွဲများကို လွှဲပြောင်း ရယူခဲ့သည်။
အမှုတွဲများ လွှဲပြောင်းယူသော ဗိုလ်မှူး အား ဗိုလ်ကြီး သူရိန်ဝင်း အမှုနှင့် ပတ်သက်ပြီး သတင်း မီဒီယာများက မေးမြန်းရာတွင် ၎င်း အနေဖြင့် ဖြေကြား၍ မဖြစ်ကြောင်း ငြင်းဆန်ခဲ့သည်။
အမည်မဖော်လိုသည့် ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့ဝင် တဦးက“ဒီလူသတ်မှုကို ကျနော်တို့ ရဲတွေ ဖော်ထုတ်တာကို စစ်တပ်ပိုင်းက သိပ် သဘော မကျဘူး။ အပြစ်ပြောချင်တဲ့ သဘောတွေ ရှိတယ်။ ကျနော်တို့က တာဝန်အရ ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်ရမှာပဲ။ တပ်ပိုင်းမှာလည်း ဒီလို ဗိုလ်ကြီးအဆင့်က လူသတ်မှု ကျူးလွန်ရမလား ဆိုပြီး လူကြီးတွေ အတော်လေး ဒေါသ ထွက်နေကြတယ်” ဟု ဧရာဝတီကို ပြောသည်။