လတ်တလော ငြိမ်းချမ်းရေးဆွေးနွေးပွဲများက ကောင်းသတင်းများ သယ်ယူလာသော်လည်း အစိုးရနှင့် လက်နက်ကိုင်တပ်များ အကြား တိုက်ပွဲများ ဆက်ဖြစ်နေသောကြောင့် နောက်လမှ စတင်၍ ပြန်လည် လုပ်ကိုင်သွားမည့် ကျောက်စိမ်း တူးဖော်သည့် လုပ်ငန်းများက ကချင်ပြည်နယ် ဖားကန့်မြို့ လုံခြုံရေး အခြေအနေကို စိုးရိမ်နေကြသည်။
အစိုးရနှင့် ကေအိုင်အေ တပ်တို့ အကြား ၁၇ နှစ် ကြာ သက်တမ်းရှိ အပစ်အခတ်ရပ်စဲရေး စာချုပ်ပျက်ပြယ်သွားကာ ပဋိပက္ခများ ပြန်လည်စတင်ခဲ့သည့် ၂၀၁၂ ခုနှစ် ဝန်းကျင်မှ စတင်၍ ကျောက်စိမ်းအမြောက်အများ ထွက်ရှိသည့် ဖားကန့် တောင်ကုန်းများရှိ ကျောက်စိမ်း တူးဖော်သည့် လုပ်ငန်းများ ရပ်နားသွားခဲ့သည်။ လွန်ခဲ့သည့် ၂ နှစ်တာ ကာလအတွင်း လူအနည်းငယ်သာလျှင် အနည်းအကျဉ်း တူးဖော်ခွင့်ရခဲ့ကြသည်။
သို့ရာတွင် သတ္တုတွင်းဝန်ကြီးဌာန မှ ကျောက်စိမ်းတူးဖော်သည့်လုပ်ငန်းကို စက်တင်ဘာ ၁ ရက်နေ့တွင် ပြန်လည်လုပ်ကိုင်နိုင်ပြီ ဖြစ်ကြောင်း ယခင်လက ထုတ်ပြန်ခဲ့သည်။ တူးဖော်ခွင့် လိုင်စင် ရရှိထားသော လုပ်ငန်းရှင်များနှင့် ကုမ္မဏီများမှာ လုပ်ငန်းပြန်လည်စတင်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။
သို့သော်လည်း မကြာသေးမီက ဖားကန့်ဒေသတွင်း တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ပြီး ဒေသခံ ၂၀၀ ခန့် အိုးအိမ်များကို စွန့်ခွာ တိမ်းရှောင်ခဲ့ရသည်။ ဒေသခံများအဆို ကေအိုင်အေအဖွဲ့ ထိန်းချုပ်နယ်မြေ အတွင်းရှိ တူးဖော်ရေးလုပ်ကွက်သို့ စီးနင်းဝင်ရောက်ခဲ့သောကြောင့် ပစ်ခတ်မှုဖြစ်ပွားကြောင်း သိရှိရသည်။
မြန်မာသူရ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီမှ ပြောရေးဆိုခွင့် ရှိသူ ကိုသန်းနိုင်ဦးက ပဋိပက္ခ များ အရှိန်မြှင့်တက်နေမှုကြောင့် လုပ်ငန်းပြန်လည် လုပ်ကိုင်ရန် ပြင်ဆင်နေသော ကုမ္ပဏီများ ၎င်းတို့၏ လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများ ရှိနေကြကြောင်း ဆိုသည်။
“ကျနော်တို့တော့ လုပ်ငန်းပြန်စဖို့ ဘာမှ မလုပ်ရသေးဘူး။ တခြား ကုမ္ပဏီ တွေကတော့ ပစ္စည်းတွေ သွားဆင် ပြီးပြီလို့ ကြားတယ်။ ကျနော်တို့ကတော့ အေးအေးချမ်းချမ်း အလုပ်လုပ် ချင်ပါတယ်” ဟု ပြောဆိုသည်။
ဖားကန့် မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုလှဆန်းကလည်း အစိုးရနှင့် ကေအိုင်အေအကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု မရရှိသေးဘဲ ၂ ဘက်ကြား ဆက်ဆံရေးမှာ တင်းမာလျက်ရှိသည် ဟုပြောကြားသည်။
“အစိုးရ နဲ့ ကေအိုင်အေတို့ ငြိမ်းချမ်းရေး ရသွားရင်တော့ အလုပ်လုပ်ဖို့ အဆင်ပြေသွားမှာပါ။ တိုက်ပွဲတွေက အရင် အပတ်တည်းက ပြီးသွားပါပြီ။ အထင်လွဲတာကနေ စပြီး ဖြစ်သွားတာပါ” ဟု ပြောသည်။
အစိုးရပိုင် မြန်မာကျောက်မျက်ရတနာလုပ်ငန်းမှ အမည်မဖော်လိုသူ အကြီးတန်း အရာရှိတဦးကလည်း တိုက်ပွဲ ဖြစ်ပွားခဲ့သော်လည်း သတ္တုတူးဖော်သည့် လုပ်ငန်းကို ပြန်လည်စတင် သွားမည်သာ ဖြစ်သည်ဟု အသိပေးပြောကြားခဲ့သည်။
“သတ္တုတွင်း ဝန်ကြီး ဌာနက ဇူလိုင်လမှာ သတင်းထုတ်ပြန်ပြီး နောက်ပိုင်းကနေစပြီး ဝန်ကြီး ကိုယ်တိုင် လုပ်ငန်းပြန်လည်လုပ်ကိုင်နိုင်ဖို့အတွက် စီမံခန့်ခွဲမှုတွေ လုပ်နေပါတယ်။ သိရသလောက်တော့ သတ္တုတူးဖော်တဲ့ ကုမ္မဏီတွေ အခုဖြစ်တဲ့ ပဋိပက္ခတွေကြောင့် စိုးရိမ်စရာ မရှိပါဘူး” ဟု ထိုအရာရှိက ပြောသည်။
“ပြန်လည် စတင် လုပ်ကိုင်မယ့် ရက်ကို အခု လောလောဆယ်တော့ ပြောင်းဖို့ မရှိပါဘူး။ ကြေညာထားတဲ့ အတိုင်း ဆက်လုပ်သွားမှာပါ” ဟု ဆက်လက်ပြောကြားခဲ့သည်။