Obituary

NLD ခေါင်းဆောင် ဦးကြည်မောင် ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် ကျင်းပ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီ ခေါင်းဆောင် တဦးဖြစ်သည့် ဦးကြည်မောင် ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို မိသားစုဝင်များနှင့် နိုင်ငံရေး လုပ်ဖော် ကိုင်ဖက်များက ဦးဆောင်ပြီး ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် ကျင်းပ ကြောင်း သတင်းရသည်။

မြန်မာ့ တပ်မတော်တွင် ဗိုလ်မှူးကြီး အဆင့်အထိ တာဝန် ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည့် ဦးကြည်မောင်သည် နှလုံးရောဂါဖြင့် ၂၀၀၄ ခုနှစ် သြဂုတ်လ ၁၉ ရက်တွင် ကွယ်လွန်ခဲ့ပြီး ၂၀၁၄ ခုနှစ် သြဂုတ်လ ၁၉ ရက်တွင် ၁၀ နှစ် ပြည့်မြောက်ပြီ ဖြစ်သည်။
ကွယ်လွန်ချိန်၌ ဇနီး ဒေါ်ကြည်ကြည်သာ နှင့် သားသမီး ၂ ဦး ကျန်ရစ်သည်။

ကွယ်လွန်သူ ဦးကြည်မောင်အား ရည်စူး၍ ကျန်ရစ်သူ မိသားစုနှင့် နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များက ယနေ့ သံဃာတော်များကို လည်း ဆွမ်း ဆက်ကပ် လှူဒါန်းကြကြောင်း သိရသည်။

အခမ်းအနား၌ ဦးကြည်မောင်၏ ဂန္ဒီခန်းမတွင် ဟောပြောခဲ့သော မိန့်ခွန်းများကို အမှတ်တရ ဖွင့်ပြခြင်း၊ နိုင်ငံရေး လုပ်ဖော် ကိုင်ဖက် များက အမှတ်တရ စကားများ ပြောကြားခြင်းနှင့် ဦးကြည်မောင် အမှတ်တရ စာအုပ် ရောင်းချခြင်းများ ပြုလုပ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)၏ နာယက ဖြစ်သော ဦးတင်ဦး က ဆရာသမားလည်းဖြစ်၊ လုပ်ဖော်ကိုင်ဖက် ရဲဘော်ရဲဘက် လည်းဖြစ်၊ အဖွဲ့ချုပ် ခေါင်းဆောင်လည်း ဖြစ်သည့် ဦးကြည်မောင် ကွယ်လွန်သွားခဲ့ခြင်းအပေါ် မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်း ကြောင်း၊ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ် ဆန့်ကျင်ရေး၊ လွတ်လပ်ရေးကို ရယူခဲ့သော ဦးကြည်မောင်ကို အလေးပြု ဂါရဝပြုကြောင်း အခမ်းအနားတွင် ပြောကြားသည်။

“ဦးနေဝင်းရဲ့ လုပ်ပုံကိုင်ပုံတွေကို စောစောကတည်းက သူမကြိုက်ဘူး။ တော်လှန်ရေး ကောင်စီတက်တော့ လုံး၀ လက်မခံနိုင်ကြောင်း ပြတ်ပြတ်သားသား ပြောခဲ့တယ်။ ၁၉၆၂ ခုနှစ် မတ်လမှာ စစ်တပ် အာဏာသိမ်းတော့ မလုပ်နိုင်ဘူးလို့ ပြောတဲ့အခါ တာဝန် ကနေ အနားပေးခံရတယ်။ အဲဒီတာဝန်ကို ကျနော်က သွားယူခဲ့ရတယ်”ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်းလည်း ဖြစ် သည့် ဦးတင်ဦးက အမှတ်တရ ပြန်ပြောပြသည်။

ဦးကြည်မောင်သည် စစ်အာဏာ သိမ်းခြင်းကို အလွန် ရွံရှာစက်ဆုပ်သူ တဦးဖြစ်သောကြောင့် ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ် နေဝင်း ဦးဆောင်ပြီး အာဏာသိမ်းယူသောအခါ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော တော်လှန်ရေး ကောင်စီနှင့် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ(မဆလ) လက်ထက်တွင် နှစ်ကြိမ်တိုင် ဖမ်းဆီးထောင်ချခံခဲ့ရသည်။

“ဦးကြည်မောင်လို လူမျိုးက NLD မှာ မရှိမဖြစ် ရှိသင့်တဲ့ ပုဂ္ဂိုလ်ပဲ။ နိုင်ငံရေး အယူအဆနဲ့ အတွေးအခေါ်လည်း မြင့်မားတဲ့ ပုဂ္ဂိုလ်ဖြစ် တယ်။ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ NLD အောင်နိုင်အောင် ဦးကြည်မောင်က ဦးဆောင်လုပ်ခဲ့တဲ့ အပိုင်းမှာ ပါခဲ့တယ်။ ပြီးတော့ လူငယ်တွေရဲ့အားကို ယုံကြည်တဲ့သူ ဖြစ်ပြီး တော်တော်လည်း ယဉ်ကျေးသိမ်မွေ့တဲ့သူ”ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဗဟိုကော်မတီဝင် ဖျာပုံ နီလုံဦးက ဧရာဝတီသို့ ပြောသည်။

ဦးကြည်မောင်ကို ဧရာဝတီတိုင်း ညောင်တုန်းမြို့ တဖက်ကမ်း ရန်ကင်းစံရွာ၌ ၁၉၁၈ ခုနှစ်တွင် ဖွားမြင်ခဲ့ပြီး ၁၉၃၆ ခုနှစ်တွင် ဆယ်တန်း စာမေးပွဲအောင်မြင်ခဲ့သည်။

ရန်ကုန်တက္ကသိုလ်တွင် BA နောက်ဆုံးနှစ် အထိတက်ရောက်ခဲ့ပြီး ၁၉၄၁ ခုနှစ် ဧပြီလတွင် မန္တလေးမြို့မှ BIA တပ်သို့ ဝင်ရောက် ခဲ့သည်။

ဂျပန်ခေတ်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်း ပထမ အပတ်စဉ်သို့ တက်ရောက်ခဲ့ပြီး ၁၉၄၃ ခုနှစ်မှ ၁၉၄၅ ခုနှစ် အထိ ဂျပန်ဘုရင့် စစ် တက္ကသိုလ်တွင် တက်ရောက်ခဲ့သည်။

၁၉၄၇ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၌ စစ်သင်တန်း တက်ရောက်ခဲ့ပြီး ပြည်တွင်း သောင်းကျန်းမှု ကာလတွင် ဒုတိယ ဗိုလ်မှူးကြီး အဆင့်ဖြင့် ပြည်ထောင်စု အရန် တပ်ရင်းကို ဦးစီးခဲ့သူ ဖြစ်သည်။

ထို့နောက် တပ်မတော်တွင် ရာထူးအဆင့်ဆင့် တက်ခဲ့ပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ၊ အနောက်တောင်ပိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၁၉၆၂ ခုနှစ်တွင် စစ်အာဏာသိမ်းမှုကို လက်မခံခဲ့သဖြင့် ၁၉၆၃ ခုနှစ် ဖေဖော်ဝါရီလတွင် တာဝန်မှ အနားယူခဲ့ရသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ လှုပ်ရှားမှုကြီးအပြီးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ စတင် တည်ထောင်ရာ ၌ ပါဝင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် လည်းကောင်း၊ ရန်ကုန်မြို့ ဂန္ဒီခန်းမ အစည်းအဝေး ပြုလုပ်ရာတွင် လည်းကောင်း NLD ပါတီကို ဦးဆောင်ခဲ့သူ ဖြစ်သည်။

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့(နဝတ) စစ်အစိုးရ လက်ထက်တွင် ၁၉၉၀ ပြည့်နှစ်မှ ၁၉၉၅ ခုနှစ်အထိ ထောင် ဒဏ် ကျခံခဲ့ရသည်။

ဦးကြည်မောင်၏ တပည့်တဦး ဖြစ်ခဲ့သူ NLD ပါတီဝင် ဒေါ်ခင်ထားရီက“ဘဘ(ဦးကြည်မောင်)က အရာအားလုံးကို တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းရဲသူပါ။ သူ့ရဲ့ လူနေမှု ဘဝတလျှောက်လုံးမှာ လူငယ်တွေကို ညွှန်ပြခဲ့တယ်။ ကျမတို့ကိုလည်း ပညာ ဗဟုသုတတွေ ပြည့်ဝအောင် သင်ပြခဲ့သလို အင်္ဂလိပ်စာကိုလည်း အချိန်ယူ သင်ပြခဲ့ပါတယ်။ ကျမတို့မှာ စိတ်ပျက်စရာ၊ အားငယ်စရာတွေ ကြုံခဲ့ရင် ဘဘကို စံနမူနာယူပြီး မျှမျှတတ ဆုံးဖြတ်နိုင်ခဲ့ကြတယ်”ဟု အခမ်းအနားတွင် ပြောကြားသွားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading