Ethnic Issues

ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ခေါင်းဆောင်များ တွေ့ဆုံ

This article has been converted from Zawgyi One to Unicode

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ရန်ကုန်မြို့ကို ရောက်နေတဲ့ လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်တချို့နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ တက္ကသိုလ် ရိပ်သာလမ်းက နေအိမ်မှာ တွေ့ဆုံခဲ့ကြကြောင်း သိရပါတယ်။

သြဂုတ်လ ၁၈ ရက် ညနေပိုင်းက တွေ့ဆုံခဲ့ကြတာဖြစ်ပြီး လက်ရှိအစိုးရနဲ့ ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပါအဝင် လွှတ် တော်တွင်း အခြေအနေနဲ့ အပစ်အခတ်ရပ်စဲပြီး အရေးကြီးကာလတွေမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာနိုင်ရေးတို့ ဆွေးနွေးဖြစ် ခဲ့တယ်လို့ နှစ်ဖက်တွေ့ဆုံသူတွေနဲ့ နီးစပ်သူက ပြောပါတယ်။

“ဒီဘက်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဘယ်လိုရှိလဲ၊ လွှတ်တော်ထဲက အခြေအနေတိုးတက်မှုတွေ အပြန်အလှန် ဖလှယ်ကြတဲ့ သဘောပါ”လို့ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး နှစ်ဖက်တွေ့ဆုံသူတွေနဲ့ နီးစပ်သူက ဧရာဝတီကို ရှင်းပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံတဲ့အထဲမှာ မွန်ပြည်သစ်ပါတီ (NMSP) အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO) ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ရခိုင် အမျိုးသား ကောင်စီ(ANC) အတွင်းရေးမှူး ဦးထွန်းဇော် တို့ ပါဝင်တယ်လို့ သိရပါတယ်။

ဒီခေါင်းဆောင်တွေဟာ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် အစိုးရနဲ့ လာရောက် ညှိနှိုင်းကြတာဖြစ်ပြီး NLD ပါဝင်တဲ့ နိုင်ငံရေးပါတီ ၃၄ ပါတီနဲ့လည်း အပစ်အခတ်ရပ်စဲရေး နောက်ပိုင်း နိုင်ငံရေး ဆွေးနွေးပွဲ ကာလမှာ နိုင်ငံရေးမူဘောင် ချမှတ်ရေး အဆင့်အတွက် သုံးပွင့်ဆိုင် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေးစင်တာမှာ သြဂုတ်လ ၁၅ ရက်ကနေ ၁၇ ရက်အထိ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အဆင့်ကို သွားနိုင်မယ့် အခန်း (၇) ခန်းပါဝင်တဲ့ အပစ်ရပ်ရေး သဘောတူစာချုပ် ဒုတိယမူကြမ်း ပြီးစီးရေး အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ(UPWC) နဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြ ပါတယ်။

အဲဒီမှာ အများစု သဘောတူညီမှု ရရှိခဲ့ပေမယ့် အပစ်ရပ်ရေးစာချုပ် လက်မှတ်ထိုးစဉ်မှာ ဘယ်သူတွေထိုးမှာလည်း၊ အသိသက်သေ တွေက ဘယ်သူတွေဖြစ်မှာလည်း စတာတွေအပါအဝင် တပြည်လုံး အပစ်အခတ်ရပ်စဲပြီး ကြားကာလမှာ ပုံမှန် ရပ်တည်နိုင်ဖို့၊ အပစ် ရပ်ပြီး တပ်သားစုဆောင်းရေးကိစ္စ၊ နိုင်ငံရေး ဆွေးနွေးမှုအဆင့်မှာ ဘယ်သူတွေပါဝင်သင့်သလဲ စတဲ့ အချက်တွေ ဖြစ်ပါတယ်။

တိုင်းရင်းသား ခေါင်းဆောင်တွေဘက်က တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိပြီးရင် ငြိမ်းချမ်းရေး ပိုမိုခိုင်မာ စေဖို့ နိုင်ငံရေးဆွေးနွေးပွဲနဲ့ အရေးကြီးတဲ့ အဆင့်တွေမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး စတဲ့ ခေါင်းဆောင်တွေအပါအဝင် နိုင်ငံတကာက အသိသက်သေတွေလည်း ပါဝင်နိုင်ဖို့ ကြိုးပမ်း နေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စမှာ သူ့အနေနဲ့ ပါဝင်ဖို့ လက်တွန့်မှာ မဟုတ်ဘူးဆိုပြီး သူ့ရဲ့သဘောထားကို အရင်ကလည်း မကြခဏ ထုတ်ဖော် ပြောဆိုဖူးပါတယ်။

Loading