လတ်တလော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများက အပေးအယူ အလျှော့ အတင်းများ ပေါ်ထွက်လာပြီး ပြည်တွင်းစစ် လုံးဝ ရပ်စဲသွားနိုင်ရေး ကောင်း သတင်းများ သယ်ယူလာနိုင်ခဲ့သောကြောင့် လူထုထောက်ခံမှု ကျဆင်းနေသော ဦးသိန်းစိန်အစိုးရ အသက်ရှုပေါက် ရသွားခဲ့သည်။ နှစ်ပေါင်း ၆၀ ကျော်ဖြစ်ပွားနေခဲ့သော ကမ္ဘာ့သက်တမ်း အရှည်ကြာဆုံး ပြည်တွင်း စစ်ပွဲကြီးကို အဆုံးသတ်ရေး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၊ အစိုးရနှင့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်များ သာမက နိုင်ငံရေးပါတီများဖြင့်ပါ “သုံးပွင့်ဆိုင်” ဆွေးနွေးနိုင်ခဲ့ခြင်းကလည်း အချိန် ကြာမြင့်စွာ ဆွေးနွေးနေသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို မျှော်လင့်ချက် ကောင်းများဖြင့် ပြန်လည် အသက်ဝင်စေ ခဲ့သည်။
သို့ရာတွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရချိန်ကတည်းက ဖြစ်ပေါ်ခဲ့ရသည့် အမျိုးသားသွေးကွဲမှုနှင့် ပြည်တွင်းစစ်၏ အဓိက အကြောင်းရင်းဖြစ်သော ဒီမိုကရေစီစနစ်အပေါ် ခိုင်မာသော သန္နိဋ္ဌာန်ကင်းမဲ့ခြင်း၊ လူမျိုးစုံအကြား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည်ကို အသိအမှတ် မပြု မလိုက်နာ မကျင့်သုံးခြင်းတို့အပေါ် မှီတည်နေကြောင်း သိမြင်မှသာ လက်ရှိ ခံစားနေရသော ပြည်တွင်းစစ်၏ ဒဏ်ရာဒဏ်ချက်များကို ကုသနိုင်ကာ အနာဂါတ်တွင် ရေရှည် ငြိမ်းချမ်းရေးကို ထူထောင်နိုင်မည်ဖြစ်သည်။ ခေတ်မီပြီး ရေရှည်အမြင်ရှိသည့် လုံခြုံရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အယူအဆမှာ စစ်ရေးအမြင် တခုတည်းတွင်သာ အခြေမခံဘဲ လူမျိုးရေးနှင့် လူတန်းစားများအကြား ဆက်ဆံရေးတင်းမာမှုများ ပေါက်ဖွားရာ မညီမျှ မှုများကို အသိအမှတ်ပြု လက်ခံ ဖော်ထုတ်ပြီး သက်ဆိုင်ရာ လူထုလူတန်းစား အဖွဲ့အစည်း အသီးသီးက တာဝန်သိစွာ ပါဝင်ဆောင်ရွက်သော ဘက်စုံ ချဉ်းကပ်မှုအပေါ်လည်း အခြေခံသည်။
ထို့ကြောင့် နိုင်ငံရေးသမားများနှင့် လက်နက်ကိုင်တပ်ဖွဲ့များကသာ သဘောတူ ချမှတ် ကျင့်သုံးသော ငြိမ်းချမ်းရေးဖြစ်စဉ် မဟုတ်စေဘဲ နိုင်ငံသူနိုင်ငံသားများ အထူးသဖြင့် စစ်ပွဲနှင့် ပဋိပက္ခများ ဖြစ်ပွားနေသော ပြည်နယ်နှင့် တိုင်းများရှိ သက်ဆိုင်ရာ လူမျိုးစုများနှင့် နိုင်ငံသားများက ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ကိုင်ခွင့် ရှိသော Stakeholders များအားလုံးပါဝင်သည့် ငြိမ်းချမ်းရေးတည်ဆောက်မှု ဖြစ်သင့်သည်။ နှစ်ပေါင်းရှည်ကြာ ကျင့်သုံးနေခဲ့သော အားကြီးသူသာ အနိုင်ယူသည့် လူမျိုးကြီးဝါဒကို စွန့်လွှတ်မှ လူမျိုးစုံ ကူးလူးပေါင်းစည်းမှုများ၊ အတူယှဉ်တွဲနေထိုင် ဖွံ့ဖြိုးတိုးတက်ရေးကို အခြေတည်နိုင်ကာ တိုင်းပြည်၏ ရေရှည် ဖွံ့ဖြိုးတိုးတက်မှု အလားအလာများကို သယ်ယူလာမည်။ Sustain ဖြစ်မည်။
ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်သည် မြန်မာ့ပြုပြင်ပြောင်းလဲရေး၏ အဓိကကျသော အစိတ်အပိုင်းဖြစ်သည်။ ငြိမ်းချမ်းရေးမရှိဘဲ တည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်မည့် နိုင်ငံတော်ကို မတည်ဆောက်နိုင်ပေ။ ထို့ပြင် နှစ်ပေါင်း ၆၀ ကြာ ရှုပ်ရှုပ်ထွေးထွေးဖြစ်လာခဲ့သည့် မယုံသင်္ကာမှုများကို နေ့ချင်းညချင်း ပြေလည်အောင် ဖြေရှင်းနိုင်မည်ဟု မျှော်လင့်နေမည်ဆိုလျှင်လည်း လက်တွေ့ကျမည် မဟုတ်။ ငြိမ်းချမ်းရေးတည်ဆောက်နိုင်သူများအဖြစ် သမိုင်းတွင်ချင်သည်ဆိုလျှင် လူထုပူးပေါင်းပါဝင်နိုင်ခွင့်ကို မြှင့်တင်သင့်ပြီး နောက်တက်မည့် အစိုးရလက်ထက်များတွင်လည်း ဆက်လက် အကောင်အထည်ဖော်နိုင်စေရန် အုတ်မြစ်ချ လမ်းခင်းပေးရမည်။ ထိုသို့ မဟုတ်ဘဲ ငါသာလျှင် လုပ်ဆောင်နိုင်မည် အခြားသူများ မလုပ်နိုင်ဟုဆိုပြီး အတ္တမာနများ ရှေ့တန်းတင်လာမည်ဆိုလျှင် လက်မှတ်ထိုးလိုက် ပြန်ပစ်လိုက်ဖြင့် သံသရာလည်နေဦးမည်ဟုသာ ဆိုချင်တော့သည်။