ငြိမ်းချမ်းရေး ဆွေးနွေးမှု ဖြစ်စဉ်များတွင် ပါဝင်ဆွေးနွေးခွင့် ရရန်အတွက် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) သို့ အရပ်ဘက် လူမှုအဖွဲ့အစည်းပေါင်း ၂၀ က တောင်းဆို လိုက်သည်။
အရပ်ဘက် လူမှုအဖွဲ့အစည်းများသည် ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဖိုးစိန်လမ်းရှိ Green Hill ဟိုတယ်တွင် NCCT နှင့် တွေ့ဆုံခဲ့ကြပြီး လက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် အခန်းကဏ္ဍ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လူမှုအဖွဲ့ အစည်းများ ပါဝင်ဆွေးနွေးခွင့် ရရန် နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် အမျိုးသမီးကဏ္ဍများကို ထည့်သွင်း ဆွေးနွေးပေးရန် တောင်းဆိုခဲ့ကြသည်။
ယနေ့ ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး ဖြစ်စဉ်အကြောင်း၊ ငြိမ်းချမ်းရေး သဘောတူညီ စာချုပ် ချုပ်ပြီး တိုင်းပြည် ပြန်လည် ထူထောင် ရေး ပြုလုပ်မည် ဆိုပါက အရပ်ဘက် လူမှုအဖွဲ့အစည်းများ အခန်းကဏ္ဍသည် အလွန်အရေးကြီးကြောင်း၊ နောင်တွင်လည်း လူမှုအဖွဲ့အစည်းများနှင့် ထပ်မံတွေ့ဆုံသွားမည်ဖြစ်ကြောင်း တို့ကို NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ဧရာဝတီသို့ ပြောသည်။
NCCT အဖွဲ့ဝင် ဦးခွန်ဥက္ကာကလည်း“ပဋိပက္ခကို ရပ်မယ်။ သွေးထွက်သံယိုမှုကို ရပ်မယ်။ နိုင်ငံရေးအရ သဘောတူညီမှုတွေ ရယူ မယ်။ ပြီးတော့ တိုင်းပြည် ပြန်လည် ထူထောင်မယ်။ အဲဒီအချိန်မှာ အမျိုးသမီးတွေ လူငယ်တွေက ခွန်အားစိုက်ပြီးတော့ လုပ်မယ့် အချိန်ပေါ့။ အခုတော့ လူကြီးတွေက ကောင်းတဲ့ အမွေကို ချန်ဖို့ ပြင်ဆင်နေပါတယ်”ဟု ပြောဆိုသည်။
ထိုသို့ တွေ့ဆုံရာတွင် NCCT အဖွဲ့မှ နိုင်ဟံသာ၊ ဦးခွန်ဥက္ကာ၊ ဗိုလ်ချူပ် ဂွန်မော်၊ ဗိုလ်မှူး စောလုံ့လုံနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ သည်။
တက်ရောက်လာသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများမှာ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ ကွန်ရက်၊ Myanmar Youth Union၊ ကရင်လူငယ် မိသဟာရ၊ ချင်းလူငယ် ကွန်ရက်၊ ရှမ်းလူငယ် ကွန်ရက်၊ လူငယ်အဝိုင်းအဝန်း(Youth Circle)၊ ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေး ကွန်ရက်၊ နာဂလူငယ်များ၊ ကချင်ပြည်နယ် လူငယ်ကွန်ရက်၊ အဖြူရောင် တွဲလက်များနှင့် Generation Wave စသည့် အဖွဲ့များ တက်ရောက်ကြောင်း သိရသည်။
“အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲတွေပဲ ဖြစ်ဖြစ် နိုင်ငံရေး ဆွေးနွေးပွဲတွေပဲ ဖြစ်ဖြစ် အမျိုးသမီးတွေ ပါဝင်ဖို့ တောင်းဆိုခဲ့ပါတယ်။ နောက်ပိုင်း ကဏ္ဍအသီးသီးမှာ လူမှုအဖွဲ့အစည်း တရပ်အနေနဲ့ ပါဝင်ရမယ့် အချိန်မှာ လူငယ်တွေရော အမျိုးသမီး ကဏ္ဍအနေနဲ့ရော ပါဝင်ရမယ့် ကဏ္ဍအသီးသီး ရှိပါတယ်လို့ NCCT အဖွဲ့ဝင်တွေက ပြောပါတယ်” ဟု Women’s Organization Network of Myanmar မှ ဒေါ်မာမာချိုက ဧရာဝတီသို့ ပြောသည်။
NCCT နှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ တလတကြိမ် တွေ့ဆုံရေးနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် လူမှုအဖွဲ့အစည်းများ ပါဝင်မှု အခန်းကဏ္ဍကို အသေးစိတ် မပြောရသေးကြောင်း၊ ငြိမ်းချမ်းရေး စာချုပ်ချုပ်ပြီး နောက်ပိုင်း စာချုပ်အောင်မြင်ရန် အတွက် လူထု အင်အားလိုကြောင်း၊ အကြံဉာဏ်လိုကြောင်းနှင့် စာချုပ် မဖျက်ရန် သေချာ စောင့်ကြည့်သည့် အဖွဲ့များ လိုအပ်ကြောင်း NCCT အဖွဲ့ဝင် ဖြစ်သည့် ဗိုလ်မှူး စောလုံ့လုံက ဧရာဝတီကို ပြောသည်။
“NCCT နဲ့ အစိုးရ အစည်းအဝေးပြီးတိုင်းမှာ ပြည်သူလူထုကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးဖို့၊ အဓိက ကတော့ NCCT နဲ့ ကျမတို့ အကြိမ်ကြိမ် တွေ့ပြီးရင် ပိုပြီးတော့ ဆွေးနွေးဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်”ဟု အဖြူရောင်တွဲလက်များ အဖွဲ့မှ မဖြူအိသိမ်းက ဧရာဝတီကို ပြောသည်။
NCCT ခေါင်းဆောင်များနှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ(UPWC) တို့သည် ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်း ရေး စင်တာတွင် သြဂုတ်လ ၁၅ ရက်မှ ၁၇ ရက် အထိ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အဆင့်ကို သွားနိုင်မည့် အခန်း (၇) ခန်း ပါဝင်aom အပစ်ရပ် သဘောတူစာချုပ် ဒုတိယ မူကြမ်း ပြီးစီးရန် ဆွေးနွေးခဲ့ကြသည်။
သြဂုတ်လ ၁၈ ရက်တွင် ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (Myanmar Peace Center)တွင် သုံးပွင့်ဆိုင် ဆွေးနွေးပွဲအဖြစ် UPWC ၊ NCCT နှင့် နိုင်ငံရေး ပါတီ ၃၄ ပါတီမှ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
သြဂုတ် ၁၈ ရက် ညနေပိုင်းက NCCT အဖွဲ့ဝင်တချို့နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် တက္ကသိုလ် ရိပ်သာလမ်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌ တွေ့ဆုံခဲ့ကြပြီး ယနေ့ နံနက်ပိုင်းတွင်လည်း NCCT အဖွဲ့ဝင်များသည် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် ရန်ကုန်မြို့ Green Hill ဟိုတယ်တွင် တွေ့ဆုံခဲ့ကြောင်း သိရ သည်။