ကမ္ဘာ့နိုင်ငံတွေမှာ မျက်နှာမရခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး မူဝါဒဟာ မြန်မာနိုင်ငံမှာ အောင်မြင်လျက် ရှိပြီးတော့ ဒီအောင်မြင်မှုကို ဆက်ထိန်းထားနိုင်ဖို့အတွက် အိုဘားမား အစိုးရအနေနဲ့ မြန်မာအစိုးရကို ဖိအားပေးဖို့ မပြောနဲ့ ပြောမှားဆိုမှား ဖြစ်မှာကိုတောင် စိုးရိမ်နေပုံရကြောင်း အခု နောက်ဆုံးတခေါက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီရဲ့ ခရီးစဉ်က သက်သေပြနေပါတယ်။
သမ္မတ အိုဘားမား အစိုးရဟာ မြန်မာနိုင်ငံမှာ သူ့ရဲ့ရှိရင်းစွဲ အောင်မြင်မှုလို့ သတ်မှတ်နိုင်မယ့် အခြေအနေတွေကို ဆက်ထိန်းထားနိုင်ဖို့ ကြိုးစား အားထုတ်မှာ သေချာပါတယ်။
မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲဟာ သမ္မတ အိုဘားမား အစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒ အောင်ပွဲအဖြစ် သတ်မှတ်နိုင်မယ့် နောက်ဆုံး အခွင့်အလမ်း ဖြစ်နေပြီးတော့ အရှေ့အလယ်ပိုင်း၊ ရုရှားနဲ့ တရုတ်နိုင်ငံတွေမှာ အမေရိကန်ရဲ့ မအောင်မြင်တဲ့ နိုင်ငံခြားရေး မူဝါဒကို အဖတ်ဆယ်ဖို့ မြန်မာ-အမေရိကန် ဆက်ဆံရေးကို တိုးမြှင့်ရုံသာမက နာမည်ပျက် ရှိခဲ့တဲ့ မြန်မာစစ်တပ်နဲ့ပါ ထိတွေ့ ဆက်ဆံဖို့ အားထုတ်လာတာကို တွေ့ရပါတယ်။
လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့တွေက အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံသို့ အလောတကြီး ဝင်လာတာကို သဘောမကျဘဲ အမေရိကန် အကူအညီနဲ့ ရလာတဲ့ နည်းပညာ၊ သင်တန်းတွေက မြန်မာလူထု၊ တိုင်းရင်းသားတွေကို အကျိုးမပြုဘဲ ဖိနှိပ်တဲ့နေရာမှာ သုံးလာရင် ဒီအကျိုးဆက်ကို ဘယ်သူ တာဝန်ယူမှာလဲဆိုပြီး မေးခွန်းထုတ်နေကြပါတယ်။
မြန်မာနဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုက စောနေတယ်၊ ဒီလို စစ်ဘက် နည်းပညာ အကူအညီတွေပေးရင် အပြုသဘော မဆောင်ဘဲနဲ့ တိုင်းရင်းသားတွေပဲ အနိုင်ကျင့်ခံရလိမ့်မယ်လို့ ရှမ်းပြည်နယ်ထဲမှာ ရှိတဲ့ တိုင်ရင်းသားအဖွဲ့ ၁၃ ဖွဲ့က ထိုင်းနိုင်ငံ ချင်းမိုင်မှာရှိတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံးကို သွားပြီး ပြီးခဲ့တဲ့လပိုင်းမှာ စာပို့ခဲ့ပါတယ်။
“အမေရိကန် ကူညီလိုက်တဲ့ နည်းပညာတွေနဲ့ တိုင်းရင်းသားတွေကို ပြန်ချရင် ဘယ်လိုလုပ်မလဲလို့ မေးခွန်းထုတ်တာ။ မေးစရာဖြစ်သွားပြီ။ ၂၀၁၅ တောင်မှ ဘာဖြစ်မယ်မှန်း မသိသေးတာ။ ရွေးကောက်ပွဲက လွတ်လွတ်လပ်လပ်ဖြစ်မလား၊ မဖြစ်ဘူးလား ဆိုတာလည်း ကျနော်တို့ မသိဘူး။ အခု PR (အချို့ကျ ကိုယ်စားပြု) စနစ် ဆိုပြီးလည်း လုပ်လာတော့ အခြေအနေတွေက ဘယ်လိုဖြစ်မလဲဆိုတာ ပြောမရဘူးလို့” လို့ မြန်မာ့နိုင်ငံရေး အခြေအနေဟာ စိတ်မချရသေးတဲ့ အကြောင်း ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်းထွန်းဦးက ပြောပါတယ်။
အမေရိကန်က မြန်မာဆီကို လာတာဟာ တရုတ်နိုင်ငံရဲ့ ရင်ခွင်ထဲက ဆွဲထုတ်ချင်လို့ ဖြစ်ပြီး အမေရိကန်က ပစိဖိတ်သမုဒ္ဒရာနဲ့ နီးစပ်တဲ့နိုင်ငံတွေ အားလုံးနဲ့လည်း ဆက်ဆံရေး ကောင်းအောင် လုပ်နေပါတယ်။ အမေရိကန်ရဲ့ နိုင်ငံရေး ဗျူဟာ၊ စစ်ရေး ဗျူဟာအရ အာရှနိုင်ငံများနဲ့ ဆက်ဆံရေး ကောင်းအောင် တည်ဆောက်နေခြင်း ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာစစ်တပ်နဲ့ ထိတွေ့ဆက်ဆံရေး အတွက် စိတ်အားထက်သန်မှုကို ၂၀၁၄ ခုနှစ် ဇွန်လအတွင်းက မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့တဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး တွမ်မာလင် နော့စကီးရဲ့ ခရီးစဉ်မှာ ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုလာပါတယ်။
အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး တွမ်မာလင် နော့စကီးနဲ့ အမေရိကန် ပြည်ထောင်စုရဲ့ အာရှပစိဖိတ် ဒေသဆိုင်ရာ ကွပ်ကဲရေးမှူး ကြယ် ၃ ပွင့် ဗိုလ်ချုပ် အန်ထော်နီ ခရပ်ချ်ဖီးလ်ဒ် ပါဝင်တဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့က နေပြည်တော်မှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ စစ်တပ်ချင်း ဆက်ဆံရေး တိုးမြင့်ဖို့ ဆွေးနွေးခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာစစ်တပ်နဲ့ ထိတွေ့ ဆက်ဆံဖို့ အချိန်ကျပြီလို့ ထုတ်ဖော် ပြောဆိုခဲ့တဲ့အပြင် ဗိုလ်ချုပ် အန်ထော်နီ ခရပ်ချ်ဖီးလ်ဒ်က နေပြည်တော် အမျိုးသားကာကွယ်ရေး တက္ကသိုလ်မှာ အမေရိကန် စစ်ဗိုလ်ချုပ်တဦး အနေနဲ့ ပထမဆုံးအကြိမ် မိန့်ခွန်း ပြောခဲ့ပါတယ်။
အမေရိကန်အနေနဲ့ အာရှဒေသတွင်း အင်အားကြီးနေတဲ့ တရုတ်နိုင်ငံနဲ့ ဒေသတွင်း အာဏာချိန်ခွင်လျှာ ထိန်းညှိရေးမှာ မြန်မာ့တပ်မတော်နဲ့ ဆက်ဆံရေး ထူထောင်ချင်တဲ့ဆန္ဒ ပြင်းပြနေတယ်လို့ ပြည်တွင်း နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။
လောလောဆယ် အမေရိကန် လုပ်နေတဲ့ပုံစံမှာ လူသတ်သမားကို ပုတီးစိပ်ခိုင်းသလို ဖြစ်နေပြီး အမေရိကန်ရဲ့ သင်ကြားပို့ချမှုများကို အကောင်အထည်ဖော် လိုက်နာမှု မရှိခဲ့ရင် ဘယ်လိုလုပ်မလဲလို့ ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက မေးခွန်းထုတ်ပါတယ်။
“မြန်မာ စစ်တပ်ကို စောင့်မကြည့်ဘဲနဲ့ သင်တန်းပဲ ပေးပြီး လွှတ်ထားမယ် ဆိုရင်တော့ ဘာမှဖြစ်မှာ မဟုတ်ဘူး” လို့ ဒေါ်ခွန်ဂျာက ပြောပါတယ်။
အမေရိကန် ဝင်လာတဲ့အပေါ်မှာ အမြင်အမျိုးမျိုး ရှိနေကြပါတယ်။ နိုင်ငံရေး နယ်ပယ်မှာ တချို့တွေက ခုချိန်မှာ ထိဆွေ့ဆက်ဆံပြီး Engagement မလုပ်ရင် နောက်ကျသွားမယ်လို့ ပြောဆိုကြတာမျိုး ရှိပြီး တချို့ကလည်း အမေရိကန်နဲ့ ဆက်ဆံရေး စဖို့ မြန်မာမှာ အဆင်သင့် မဖြစ်သေးဘူးလို့ သုံးသပ်ပါတယ်။
“လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်တာက တပ်မတော်က ပိုများနေတယ်။ ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လုပ်နေတဲ့ တပ်မတော်ကို ဘယ်လို Engagement လုပ်ရမလဲ။ ဒီကြားထဲမှာ သဘောတူညီမှု မရှိကြဘူး” လို့ ချင်း လူ့အခွင့်အရေး လှုပ်ရှားသူ ဒေါ်ချယ်ရီဇာဟောင်းက ပြောပါတယ်။
အမေရိကန် ပြည်ထောင်စုအနေနဲ့ သူ့နိုင်ငံရဲ့ အမျိုးသား လုံခြုံရေးအရ ပထဝီနိုင်ငံရေး ရည်ရွယ်ချက်နဲ့ ထိတွေ့ဆက်ဆံမှု လုပ်ချင်တာကို ပွင့်ပွင့်လင်းလင်း ပြောဆိုသင့်ပြီး မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအတွက် အားပေးချင်လို့ ထိတွေ့ဆက်ဆံမှု လုပ်တာဆိုပြီး ပြောဆိုနေတာမျိုးကို လုံး၀ လက်မခံနိုင်ဘူးလို့ ဒေါ်ချယ်ရီဇာဟောင်းက ပြောပါတယ်။
“ဘာကြောင့်လဲဆိုတော့ ဒီ Reform မှာ စစ်တပ်က တောက်လျှောက် အနှောက်အယှက် ပေးနေတာ၊ နှေးသွားအောင် လုပ်နေတာ၊ စစ်ပွဲတွေ လုပ်နေတာ ဘာပြောမလဲ။ အဲဒါကို Reform ကို အားပေးချင်လို့ Engagement လုပ်တယ်လို့ ပြောရင်တော့ လက်ခံနိုင်စရာ မရှိဘူး” လို့ သူက ဆိုပါတယ်။
အမေရိကန် ပြည်ထောင်စုဟာ ဒီမိုကရေစီ ရင့်သန်ပြီး ကမ္ဘာ့အင်အားကြီး နိုင်ငံတခု ဖြစ်တဲ့အတွက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လျော့ပါးသွားအောင် စစ်တပ်ကို ထိန်းကျောင်းနိုင်ခဲ့ရင် အမေရိကန်နဲ့ ဆက်ဆံရေးက ပြဿနာ မရှိဘူးလို့ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမြအေးက ဧရာဝတီကို ပြောပါတယ်။
“ကျနော်တို့ တပ်မတော်နဲ့ အမေရိကန်ရဲ့ ဆက်ဆံရေးပိုင်းမှာ အတိုင်းအတာအထိ ကျနော် နားလည်တယ်။ ဒါပေမယ့် ကျနော်တို့ နိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ထည့်သွင်း စဉ်းစားခြင်း မရှိဘဲနဲ့ ဆက်ဆံမယ် ဆိုရင်တော့ ဒီမိုကရေစီ နိုင်ငံတနိုင်ငံ ဖြစ်ထွန်းလာဖို့အတွက် အထောက်အကူ ပြုနိုင်မယ် မထင်ဘူး။ ဒီအပေါ်မှာလည်း ကျနော်တို့ သတိကြီးကြီးနဲ့ စောင့်ကြည့်နေပါတယ်” လို့ ဦးမြအေးက ပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အမေရိကန် ပြည်ထောင်စုနဲ့ တရုတ်ကြားမှာ ဘယ်ဘက်ကိုမှ မလိုက်ဘဲ မျှတတဲ့ သံတမန်ရေးရာ မူဝါဒတွေ ရှိဖို့လိုပြီး အာဆီယံနိုင်ငံတွေကို အခြေခံပြီးတော့ နိုင်ငံကြီးတွေနဲ့ ဆက်ဆံရေး ကောင်းအောင် ကြိုးစားသင့်တယ်လို့ ရန်ကုန် လူငယ်ကွန်ရက်က Coordinator တဦးဖြစ်တဲ့ မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။
သူတို့လို လူငယ်အဖွဲ့အစည်းတွေ အနေနဲ့လည်း အမေရိကန် ပြည်ထောင်စုကလာတဲ့ အကူအညီတွေကို အရမ်းသတိထားပြီး သူတို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေမှာ အသုံးချခံရမှာ စိုးရိမ်တယ်လို့ မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။
“အဓိက US Aid ပေါ့နော် ။ ဒီ Aid တွေရဲ့ ပေါ်လစီပိုင်း၊ သူတို့ရဲ့ လုပ်ဆောင်မှုနဲ့ ပတ်သက်တဲ့ Report တွေကို ကျမတို့ လေ့လာတယ်။ ဘယ်လောက်အထိ ပွင့်လင်းမြင်သာမှု ရှိလည်းဆိုတာကို ကျမတို့ အလေးထားတယ်ပေါ့နော်။ တခြား Aid တွေထက်စာရင် ဒီ Us Aid ကို အများကြီး ပိုပြီးတော့ စိုးရိမ်ပူပန်မှု ရှိပါတယ်” လို့ သူက ဆိုပါတယ်။