ရန်ကုန် ဘူတာကြီး တဝိုက်ရှိ ကျောင်းမှထွက်ကာ ဈေးရောင်းနေရသည့် ကလေးများ ကျောင်းပြန်တက်နိုင်ရေး အတွက် ပုဂ္ဂလိ က စေတနာ့ ဝန်ထမ်းများက ထောက်ပံ့ကူညီ ပေးရန် စီစဉ်နေကြောင်း သိရသည်။
မိသားစု စားဝတ်နေရေး အတွက် ကျောင်းမှထွက်ပြီး ရန်ကုန်ဘူတာကြီး အတွင်း ဈေးရောင်းနေသည့် ကလေးငယ်များစွာ ရှိရာတွင် ကျောင်းမတက်နိုင်သော ကလေးများလည်း ရှိကြောင်း၊ ထိုကလေးများ ကျောင်းပြန်တက်ရန် ဆန္ဒရှိပါက ထောက်ပံ့ ကူညီ ပေးသွားမည် ဖြစ်ကြောင်း ဘူတာကြီးလမ်းဘေး စာသင်ဝိုင်း တာဝန်ခံ စောအောင်မြင့်စိန်က ပြောသည်။
“ကျနော်တို့ စာသင်ဝိုင်းမှာ လာတက်နေတဲ့ ကျောင်းတပိုင်းတစ ကလေး ၁၀ ယောက် ကျော်လောက် ရှိမယ်၊ ကျောင်းမနေ ဘူးတဲ့ ကလေးတွေလည်း ပါတယ်၊ သူတို့ကို ကျောင်းပြန်တက်နိုင်အောင် အုပ်ထိန်းသူတွေဆီ ခွင့်ပြုချက် တောင်းမယ်၊ ခွင့်ပြု တယ်ဆိုရင် နောက်နှစ်မှာ ကျောင်းထားပေးသွားမှာပါ”ဟု စောအောင်မြင့်စိန်က ဆက်ပြောသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းက စေတနာဝန်ထမ်းများက စုပေါင်းပြီး ရန်ကုန်ဘူတာကြီး အတွင်းရှိ ကလေးများကို လမ်းဘေး စာသင်ဝိုင်းဖြင့် ကျောင်းစာနှင့် ဗဟုသုတများ သင်ကြားပေးသော်လည်း ဘူတာကြီးအတွင်း စာသင်ကြားရန် သက်ဆိုင်ရာမှ ခွင့် မပြုသည့်အတွက် စာသင်ကြားပေးသည့် အစီအစဉ်ကို ရပ်နားထားရသည်ဟု သိရသည်။
“အစိုးရပိုင်းကတော့ မဆက်သွယ်ပါဘူး၊ အခု အလှူရှင်ရှိတော့ ဖ.ဆ.ပ.လ ဝန်းထဲ မှာ စာသင်ဝိုင်း လုပ်ထားတယ်။ ဝန်းထဲက ကျုရှင်မယူနိုင်တဲ့ ကလေးတွေကိုလည်း သင်ပေးဖို့ စဉ်းစားနေတယ်၊ ဘူတာကြီးက ကလေးတွေက ဈေးရောင်းလိုက်၊ ကျောင်း လာတက်လိုက် ဆိုတော့ ပုံမှန်တော့ မရှိဘူး၊ သူငယ်တန်းကနေ ၆ တန်းလောက် အထိ လာသင်ကြတယ်”ဟု စောအောင်မြင့်စိန်က ဆိုသည်။
ထိုစာသင်ဝိုင်းတွင် ကလေးငယ် ၃၀ ကျော် လာရောက် ပညာသင်ယူနေပြီး ကျောင်းလုံးဝ မတက်ဘူးသူများ၊ ကျောင်း တပိုင်း တစ ထွက်ထားရသူများနှင့် ရန်ကုန်ဘူတာကြီးအတွင်း ဈေးရောင်းနေကြသည့် ကလေးများ ဖြစ်ကြောင်း သိရသည်။
စာသင်ဝိုင်းမှ ကျောင်းသားတဦးဖြစ်သူ အသက် ၅ နှစ်အရွယ် မောင်လပြည့်အောင်က “သားက စာတွေလည်း သင်ချင်တယ်၊ စာလည်း တတ်ချင်တယ်၊ အခု ဝလုံး နှစ်လုံးပူး ထဆင်ထူး ဆိုတာကို ဆရာတို့က သင်ပေးတယ်”ဟု ပြောပြသည်။
မန္တလေးမြို့တွင်လည်း ပန်းပျိူးသူများ စာသင်ဝိုင်း ရှိပြီး မန္တလေးတောင်ခြေ ကျုးကျော်ရပ်ကွက်မှ ကျောင်းတက်ရင်း ဈေးရောင်း နေကြရသည့် ကလေး ၅၀ ကျော်ကို ဈေးကူရောင်းပေးကာ စာသင်ကြားပေးနေကြောင်း သိရသည်။
ထိုစာသင်ဝိုင်းကို အစိုးရ အာဏာပိုင်များက မန္တလေးမြို့ အမှတ် ၁၆ အထက်တန်းကျောင်း စာသင်ခန်းတွင် စာသင်ကြားနိုင် ရန် နေရာစီစဉ် ပေး ခဲ့သည့်အတွက် စာသင်ရန်နေရာ အဆင်ပြေပြီ ဖြစ်ကြောင်း၊ ကလေးများကို စာသင်ကြားပေးရင်း ဈေးကူရောင်း ပေးနေဆဲ ဖြစ်ကြောင်း ဒေသခံ တဦးက ပြောဆိုသည်။
ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က “တိုက်ပေါ်က ကလေး ဖြစ်ဖြစ်၊ လမ်းပေါ်က ကလေး ဖြစ်ဖြစ်၊ ကလေးဆိုတာ တိုင်းပြည်ရဲ့ အနာဂတ်ပဲ၊ လူမှုနည်းလမ်းတွေနဲ့ ဘယ်လို ကူညီကြမလဲ ဆို တာ ကို အစိုးရပိုင်းကလည်း စဉ်းစားသင့်တယ်”ဟု အကြံပြု ပြောဆိုသည်။