ကမ္ဘာ့လူသားထုကို ခြိမ်းခြောက်နေသော ကူးစက်ရောဂါဖြစ်သည့် အီဘိုလာ ဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားရာမှ ပြန်လာသူ မြန်မာ သင်္ဘောသား ၅ ဦးကို အီဘိုလာရောဂါ ကူးစက် လာနိုင်ခြေရှိသော သံသယရှိခံရသူများအဖြစ် သတ်မှတ်ပြီး မြောက်ဥက္ကလာပ မြို့နယ်၊ ဝေဘာဂီဆေးရုံကြီးတွင် ခေတ္တ ခေါ်ယူထိန်းသိမ်းကာ ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်နေရကြောင်း သိရှိရသည်။
သြဂုတ်လ ၁၉ ရက်နေ့၊ ည ၈ နာရီအချိန်တွင် MAI လေကြောင်းလိုင်း လေယာဉ် ခရီးစဉ်အမှတ် (8 M-332) ဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ ရန်ကုန်မြို့သို့ လိုက်ပါလာသော မြန်မာနိုင်ငံသား အသက် ၂၂ နှစ်အရွယ် ကိုဇင်မင်းဦးသည် ကိုယ်အပူချိန် မြင့်တက်ခြင်း၊ ကိုယ်လက် နှုံးချိခြင်း စသည့် ရောဂါလက္ခဏာများ ခံစားနေရသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ၎င်း၏ ခရီးသွားရာဇဝင်အား စုံစမ်းခဲ့ရာ ၎င်းသည် ကူးစက်မြန် အီဘိုလာ ဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားနေသော အာဖရိက အနောက်ပိုင်းဒေသ ဂီနီ (Guinea) နိုင်ငံနှင့် လိုက်ဘေးရီးယား (Liberia) နိုင်ငံများတွင် ၁၃ လခန့် အလုပ်လုပ်ပြီး မြန်မာနိုင်ငံသို့ ပြန်လာကြောင်း စုံစမ်းသိရှိရသဖြင့် အီဘိုလာ ဗိုင်းရပ်စ်ရောဂါ စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်း လမ်းညွှန်ချက်များအရ သံသယလူနာအဖြစ် သတ်မှတ်၍ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီ အထူးကု ဆေးရုံကြီးသို့ လွှဲပြောင်းကုသခြင်းနှင့် ရောဂါထိန်းချုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရှိရသည်။
ကိုဇင်မင်ဦးနှင့်အတူ ခရီးသွားခဲ့သူ မြန်မာ သင်္ဘောသား ၄ ဦးတို့ကိုလည်း ဝေဘာဂီအထူးကု ဆေးရုံကြီးသို့ ပို့ဆောင်လွှဲပြောင်း၍ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းနှင့် ဓါတ်ခွဲစစ်ဆေးခြင်းများ ဆောင်ရွက်နေကြောင်း သိရှိရသည်။
ဝေဘာဂီဆေးရုံအုပ်ကြီး ဒေါက်တာ သန်းသန်းဌေးက “သူတို့ ၅ ယောက်စလုံးက တရုတ် သဘောၤလိုင်းက သဘောၤသားတွေ။ ဂီနီမှာ လေယာဉ်ပျံစီးဖို့ ၆ နာရီလောက် ကြာခဲ့တယ်။ ဟိုက ထွက်လာတော့ အကောင်းပဲ။ ဒီကို ပြန်လာတဲ့လမ်းမှာ လေယဉ်စီးတဲ့အခါ တယောက်က မအီမသာနဲ့ နေရထိုင်ရတာ မသက်သာဘူးပေါ့နော်။ ဒီရောက်တော့ ကိုယ်ပူရှိန်တွေက အရမ်းတက်နေပြီး အပူချိန်တိုင်းလိုက်တော့ နည်းနည်းဖြစ်နေတယ်၊ ရှိနေတဲ့ အခါကျတော့ အဲဒီမြို့ကလည်းလာတယ် ဆိုတော့ ရှိလိုရှိငြား လူထုကို ပျံ့မှာစိုးလို့ ဖမ်းထိန်းထားလိုက်တာ။ ဒါပဲ။ ဘာမှ မဖြစ်သေးဘူး။ အခု အကုန်လုံးနေကောင်းတယ်။ ဒီမနက်ဆိုရင်လေ သူတို့က ငပိရည်နဲ့ တို့စရာတွေ စားချင်တယ်ဆိုလို့ သွားပေးရသေးတယ်။ အဲဒီ အခြေအနေဆို သိပေါ့။ အကုန်လုံး ဝယ်ကျွေးထားတယ်။ အခြေအနေ ကောင်းတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လတ်တလောတွင် ကိုဇင်မင်းဦး၏ သွေးနမူနာများကို ရယူ၍ အီဘိုလာ ဗိုင်းရပ်စ်ကူးစက်ခြင်း ရှိ၊ မရှိ စစ်ဆေးရန် အိန္ဒိယနိုင်ငံ၊ ပူနေးမြို့သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေး၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ နုနုကြည်က ဧရာဝတီသို့ ပြောသည်။
“ဒီမနက်ပဲ သူ့သွေး နမူနာကို အိန္ဒိယနိုင်ငံ၊ ပူနေးမြို့က WHO အသိအမှတ်ပြု ဓါတ်ခွဲခန်း (Reference Laboratory) ကို ပို့လိုက်ပါပြီ။ မြန်မာနိုင်ငံမှာက အဲဒီလို အဆင့်မီ ဓါတ်ခွဲခန်းက မရှိသေးဘူးလေ။ အဖြေကိုတော့ အသွားအပြန်ခရီးနဲ့ဆိုရင် ၃ ရက်လောက်တော့ ကြာမယ်ထင်တယ်။ ဝေဘာဂီ ဆေးရုံမှာလည်း ဒီရောဂါကို ကုသပေးဖို့ အဆင်သင့် ပြင်ထားတဲ့အတွက် အခု သူဖျားတာကို ကုသနေပြီး ဘာရောဂါ လက္ခဏာ ဖြစ်လာမလဲကို စောင့်ကြည့်နေတယ်။ ချောင်းဆိုမလား၊ အန်မလား။ အဆင့်ဆင့် ကုသပေးဖို့ စီစဉ်ထားပါတယ်။ ၅ ဦးလုံးကိုစောင့်ကြည့်မှာပါ” ဟု ဒေါက်တာ နုနုကြည်က ဆိုသည်။
အီဘိုလာ ဗိုင်းစ်ရပ် ရောဂါပိုးသည် လေထဲမှတဆင့် ကူးစက်နိုင်သည့် ရောဂါပိုး မဟုတ်ကြောင်း၊ ရောဂါခံစား နေရသူများနှင့် အသားချင်း ထိတွေ့ခြင်း၊ အရေပြား ပေါက်ပြဲသော နေရာအား ထိတွေ့ခြင်း၊ နမ်းခြင်း၊ လိင်ဆက်ဆံခြင်းတို့ဖြင့် ရောဂါရှိသူ၏ အသွေးအသား၊ သွေး၊ အချွဲ၊ အရည်တို့ကို လက်ဖြင့် ထိတွေ့ရုံဖြင့် ကူးစက်နိုင်ကြောင်း ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်ကံကောင်းကလည်း ပြောသည်။
မြန်မာနိုင်ငံတွင် ရောဂါဖြစ်သည့် ဇာစ်မြစ် မရှိကြောင်း၊ ၂၀၁၄ ခုနှစ်တွင် အီဘိုလာ ဗိုင်းရပ်စ် ရောဂါပိုး မြစ်ဖျားခံရာ ဂီနီ နိုင်ငံမှတဆင့် ဆယ်ရာလီယွန်၊ လိုက်ဘေးရီးယား၊ နိုက်ဂျီရီးယား နိုင်ငံတို့သို့ ကူးစက်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
အီဘိုလာ ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံရပြီး ၂၁ ရက်အတွင်း အပြင်းဖျားခြင်း၊ မလှုပ်ရှားနိုင်အောင် အင်အားကုန်ဆုံးခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း တို့ဖြစ်ကာ မကြာခဏ အော့အန်ပြီး ဝမ်းသွားသည့် လက္ခဏာများပြတတ်သည်။ ရောဂါပြင်းထန်လာလျှင် ကျောက်ကပ်၊ အသည်းတို့ကို ပျက်စီးစေပြီး မျက်လုံး၊ ပါးစပ်၊ နှာခေါင်း စသည်တို့မှ သွေးထွက်ခြင်း၊ အရေပြား ပေါက်ပြဲကာ သွေးထွက်ခြင်းများဖြစ်ကာ နောက်ဆုံး သေဆုံးစေသည်။
အီဘိုလာသည် နှစ်ပေါင်း ၄၀ အတွင်း အဆိုးဝါးဆုံးသော ရောဂါကူးစက် သေဆုံးမှု ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ခဲ့သည်။
အီဘိုလာ ဗိုင်းရပ်စ် ရောဂါပိုးရှိသူဟု သံသယရှိသူအနီးသို့ မသွားရန်၊ သွားမည်ဆိုလျှင်လည်း ထိုသူ၏ သွေးနှင့် အညစ်အကြေးများကို မထိရန်၊ ကျန်းမာရေး ဝန်ကြီးဌာနမှ တားမြစ်ထားသော နေရာသို့ သွားမည်ဆိုလျှင်လည်း အဝတ်အစားများ လုံခြုံ စွာဝတ်ရန်၊ လက်ဆေးရန်၊ တကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ရန်၊ တောရိုင်းတိရစ္ဆာန်များ၏ အသားကို ကျက်အောင် ချက်စားရန်၊ အထူးသဖြင့် ဝက်နှင့် မျောက်ကဲ့သို့ တိရစ္ဆာန်များကို သတိပြုရန် ကျန်းမာရေး ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
WHO ၏ သြဂုတ်လ ၁၉ ရက် ထုတ်ပြန်ချက်များအရ ရောဂါကူးစက်ခံရသူ ၂၂၄၀ တွင် ၁၂၂၉ ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း သိရသည်။
အကြီးတန်း သတင်းထောက် ထက်နိုင်ဇော်နှင့် စနေလင်း ပူးပေါင်းရေးသားသည်။