ဧရာဝတီတိုင်း ဒေသကြီး ရေကြည်မြို့နယ်မှာ အင်းပိတ်ပြီး ငါးဖမ်းမှုတွေ ပြုလုပ်နေတာကြောင့် လယ်ဧက ၁၀၀၀ ကျော် ရေနစ်မြုပ် ခဲ့ရာမှာ လယ်ဧက ၆၀၀ ကျော် ပျက်စီးဆုံးရှုံးသွားခဲ့ပြီး ကျန်ဧက ၅၀၀ ခန့်ကတော့ ဆက်လက်ရေမြုပ်နေဆဲဖြစ်ကြောင်း သတင်းရရှိပါတယ်။
သြဂုတ်လ လဆန်းပိုင်းက မိုးသည်းထန်စွာရွာတဲ့အတွက် ရေကြည်မြို့နယ် နတ်စင်ငူ၊ သံတင်း၊ ဇီးကုန်း၊ ပျဉ်မတော၊ မောင်လှရိုး ကျေးရွာများ အပါအဝင် ရွာ ၉ ရွာက လယ်ဧက ၁၀၀၀ ကျော် ရေနစ်မြုပ်ခဲ့ကြောင်း သိရပါတယ်။
နောက်ရက်တွေမှာ မိုးစဲသွားပေမယ့် အဓိက ရေထွက်ပေါက်ဖြစ်တဲ့ ကလိပ်ပတ်ဘုတ် ချောင်းကို အင်းသားကြီး ဦးကျော်ကျော်ထွန်း က အင်းပိတ် ငါးဖမ်းနေတဲ့အတွက် ရေမစီးဆင်းနိုင်ဖြစ်ပြီး အချိန်ကြာမြင့်စွာ ရေမြုပ်ခဲ့လို့ စပါးခင်းတွေ ပျက်စီးခဲ့ရတာဖြစ်တယ်လို့ သံတင်းကျေးရွာက လယ်သမား ဦးသီဟလှိုင်က ဧရာဝတီကို ပြောပါတယ်။
“ဒီလအစောပိုင်းက မိုးတအားရွာတော့ လယ်တွေရေမြုပ်တယ်။ အဲဒီမှာ အင်းသားကြီး ဦးကျော်ကျော်ထွန်းက အင်းပိတ်ချိန်လည်း မဟုတ်ဘဲနဲ့ ငါးရစ်ငါးသန်ကာလမှာ အင်းပိတ်ပြီးငါးဖမ်းနေတာ ၁ ရက် ၂ ရက်နဲ့ လျော့ကျသွားရမယ့်ရေက မလျော့ဘဲ ဖြစ်နေပြီး လယ်တွေလည်း အခုထိ ရေမြုပ်နေတာ။ အခုဆို အနည်းဆုံး ဧက ၆၀၀ လောက်က ပျက်စီးသွားပြီ။ အချိန်အကြာကြီး ရေမြုပ်သွားတော့ စပါးပင်တွေက ဝါပြီးရိကုန်တာ။ အမြစ်ပုပ်တဲ့ဟာတွေလည်း ပုပ်တာပေါ့”လို့ သူက ပြောပြပါတယ်။
စပါးခင်းတွေ ရေနစ်မြုပ်ပျက်စီးရာမှာ နတ်စင်ငူ၊ သံတင်း၊ ကြို့ကုန်းနဲ့ တောင်လဟာကျေးရွာက လယ်သမားတွေရဲ့လယ်တွေအများဆုံး ပါဝင်ကြောင်း သိရပါတယ်။
လယ် ၁ ဧကကို စိုက်ပျိုးစရိတ် ၈ သောင်းကျပ် အနည်းဆုံးကုန်ကျပြီး လယ်ဧက ၆၀၀ ခန့် ပျက်စီးသွားတဲ့အတွက် ဆုံးရှုံးမှုတန်ဖိုး ဟာ ကျပ် သိန်းပေါင်း ၄၈၀ နီးပါးရှိမယ်လို့ လယ်သမားတွေက ခန့်မှန်းပြောဆိုပါတယ်။
ငါးတွေ မျိုးဥချပြီး မျိုးပွားမယ့်အချိန် ငါးရစ်ငါးသန်ကာလမှာ လုံးဝငါးမဖမ်းဖို့ အစိုးရက ကြေညာချက်ထုတ်ပြန် တားမြစ်ထားပါတယ်။
ငါးမဖမ်းရတဲ့ ငါးရစ်ငါးသန်ကာလကတော့ နှစ်စဉ် ဧပြီလကုန်ပိုင်းကနေ သြဂုတ်လအထိဖြစ်ကြောင်း သိရပါတယ်။ မြန်မာလနဲ့ဆိုရင် တန်ခူးလပြည့်ကျော် ၁ ရက်နေ့ကနေ တော်သလင်းလဆန်း ၁ ရက်နေ့အထိ ဖြစ်ပါတယ်။
ဒီလို ငါးရစ်ငါးသန်ကာလမှာ အင်းသားကြီး ဦးကျော်ကျော်ထွန်းက ဝါခေါင်လဆန်း ၁ ရက်နေ့ (ဇူလိုင်လ ၂၇ ရက်) ကစပြီး အင်းပိတ်ပြီး ငါးဖမ်းနေလို့ လယ်တွေရေမြုပ်တဲ့အကြောင်းကို ရေကြည်မြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးမောင်မောင်ထံမှာ တင်ပြပေမယ့် ငါးလုပ် ငန်းက အင်းသားကြီးကို ထိရောက်စွာ အရေးယူပေးခြင်းမရှိဘူးလို့ နတ်စင်ငူကျေးရွာက လယ်သမား ကိုကြည်ခိုင်က ပြောပါတယ်။
ရေကြည်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနကတော့ အင်းပိတ်ပြီး ငါးဖမ်းတဲ့အတွက်ကြောင့် လယ်တွေရေမြုပ်တာ မရှိသလို အင်းသားကြီး ဦးကျော်ကျော်ထွန်းကလည်း သူ့အချိန်ကျလို့ အင်းပိတ်တာဖြစ်တယ်လို့ ပြောဆိုပါတယ်။
“လယ်သမားတွေတိုင်ကြားလို့ ကျနော်တို့ငါးလုပ်ငန်းဌာနက ၂ ကြိမ်တိုင်တိုင် ကွင်းဆင်းကြည့်ပြီးပါပြီ။ အဲဒီမှာ လယ်တွေရေနစ်မြုပ် တာကို မတွေ့ခဲ့ရပါဘူး။ အင်းတွေမှာ အင်းဆည်ချရက် ရှိပါတယ်။ ဒီအင်းဟာ ဒီရက်မှာဆည်ချရမယ်။ ဦးကျော်ကျော်ထွန်းရဲ့အင်းက အင်းဆည်ချရက်ရောက်လို့ ကျနော်တို့က ခွင့်ပြုပေးရတာပါ”လို့ ရေကြည်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန အကြီးတန်းအရာရှိတဦးက ပြောပါတယ်။
လယ်သမားတွေက လယ်တွေ ရေနစ်မြုပ်မှုနဲ့ ပတ်သက်ပြီး ဧရာဝတီတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးသိန်းအောင်၊ လွှတ်တော် ဥက္ကဋ္ဌ ဦးတင်စိုး၊ တိုင်းဒေသကြီး စိုက်ပျိုးရေးနဲ့ မွေးမြူရေး ဝန်ကြီး ဦးစန်းမောင်နဲ့ ရေကြည် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ လှမြတ်သွေး တို့ဆီကို ဒီလ ၁၂ ရက်က တင်ပြ တိုင်ကြားထားတယ်လို့ သိရပါတယ်။
တိုင်းအစိုးရအဖွဲ့ဝင် လယ်ယာစိုက်ပျိုးရေးနဲ့ မွေးမြူရေးဝန်ကြီး ဦးစန်းမောင်က“ဒီကိစ္စကို ကျနော် စုံစမ်းစစ်ဆေးသွားမှာပါ။ ငါးရစ်ငါးသန် ကာလမှာ ဘယ်သူမှ ငါးဖမ်းခွင့် မရှိပါဘူး။ တကယ်လို့သာ လယ်သမားတွေ တင်ပြသလို ငါးဖမ်းနေတာ အမှန်ပဲဆိုရင် အဲဒီလူ ကို အင်းလုပ်ငန်း လိုင်စင် ရုပ်သိမ်းပစ်ပါမယ်။ သူ့ကိုလည်း Black List (အမည်ပျက်စာရင်း) သွင်းပစ်မှာပါ”လို့ ဧရာဝတီကို ပြောပါတယ်။
လက်ရှိအချိန်အထိ ရေလှောင်ငါးဖမ်းနေတဲ့ ဆည်ချက်ကို တာဝန်ရှိသူတွေက အရေးယူဖယ်ရှားပေးခြင်း မရှိတဲ့အတွက် လယ်တွေရေနစ်မြုပ်ခံနေရတဲ့ ရေကြည်မြို့နယ်က လယ်သမားတွေက ရေကြည်မြို့နယ် ငါးလုပ်ငန်းဌာနနဲ့ အင်းသားကြီးတွေကို ဆန္ဒပြဖို့ပြင် ဆင် နေကြောင်း သိရပါတယ်။
“ကျနော့်အမြင်ကတော့ ငါးလုပ်ငန်းဌာနတွေက ပြည်သူလူထု အကျိုးစီးပွားနဲ့ အင်းသားကြီး အကျိုးစီးပွားယှဉ်လာရင် အင်းသားကြီး တွေရဲ့အကျိုးစီးပွားကိုပဲ ဦးစားပေးကြတာ များပါတယ်။ လယ်သမားတွေ ဒုက္ခရောက်နေတာ သူတို့လည်း မြင်နေတာပဲလေ။ မြင်နေ တာကို ထိထိရောက်ရောက် လုပ်ရမယ့်အစား ရလာမယ့် လာဘ်လာဘနဲ့ငွေကြေးက သူတို့ရဲ့ ပါးစပ်တွေ ပိတ်ထားတဲ့ အခြေအနေ ဖြစ်နေတာပေါ့”လို့ လယ်သမားတွေကို ကူညီပေးနေတဲ့ ကျုံပျော်မြို့ ၈၈ ပွင့်လင်းအဖွဲ့မှ ဦးသိန်းမြင့်ဆောင်းက ပြောဆိုပါတယ်။
ဧရာဝတီတိုင်းမှာ မိုးရာသီကာလ အင်းသားကြီးတွေက ချောင်းမြောင်းတွေကို ပိတ်ဆို့ငါးဖမ်းတဲ့အတွက် ဟင်္သာတ၊ ရေကြည်၊ ကျောင်းကုန်းနဲ့ ပန်းတနော်ဒေသက လယ်ယာမြေတွေ ရေနစ်မြုပ်ပျက်စီးမှု နှစ်စဉ် ရင်ဆိုင်နေရတယ်လို့ လယ်သမားအရေး လှုပ်ရှားသူ တွေ က ပြောပြကြပါတယ်။
ဟင်္သာတ ခရိုင် အတွင်းရှိ အင်းအိုင်ချောင်းမြောင်းတွေကိုလည်း အင်းသားကြီးတွေက ပိတ်ဆို့ငါးဖမ်းနေလို့ လယ်ဧက ၄၀၀၀ ကျော် ရေ နစ်မြုပ်မှု ရင်ဆိုင်နေရတဲ့ အတွက် ဟင်္သာတက လယ်သမား ၄၀၀ ကျော်က ဒီလ ၁၂ ရက်နေ့မှာ ဟင်္သာတခရိုင် ငါးလုပ်ငန်း ဦးစီး ဌာနနဲ့ အင်းသားကြီးတွေကို ဆန္ဒပြခဲ့ကြပါသေးတယ်။