ကလေးမီးဖွားပြီး ၁၁ ရက်အကြာမှာမှ ကိုယ်မွေးထားတဲ့ သမီးလေးကို ပထမဆုံးအကြိမ်အဖြစ် မြင်ရမယ့် မခင်ဆွေလဲ့ တယောက် စိတ်တွေလှုပ်ရှားနေခဲ့ပါတယ်။
အနှီးအထပ်ထပ်နဲ့ ထွေးပတ်ထားတဲ့ မွေးကင်းစ ရက်သားအရွယ် ကလေးလေး ရင်ခွင်ထဲကို ရောက်လာတဲ့အချိန်မှာ သနပ်ခါးရေကျဲလေး လိမ်းထားတဲ့ ချစ်စဖွယ် မျက်နှာဖြူဖြူ ဖွေးဖွေးကလေးကို မြင်လိုက်ရပါတယ်။
အနှီးကို ဖြည်းဖြည်းချင်း ဖြည်ကြည့်လိုက်တဲ့ အချိန်မှာ သူ့ဘဝတသက်တာလုံး ဘယ်တော့မှ မေ့ပျောက်သွားမှာမဟုတ်တဲ့ မြင်ကွင်းတခုကို ရုတ်တရက် တွေ့လိုက်ရပါတော့တယ်။
“သူရော၊ ငါပါ တခါတည်း သေလိုက်မှ ကောင်းမယ်” ဆိုတဲ့ အတွေးက သွေးနုသားနု အမျိုးသမီးငယ် တယောက်ဖြစ်တဲ့ မခင်ဆွေလဲ့ရဲ့ ခေါင်းထဲကို ချက်ချင်းပဲ ရောက်လာ ပါတော့တယ်။
ကိုယ်လက်အင်္ဂါဆိုလို့ ဘယ်ဘက် ခြေထောက်ကလေး တချောင်းသာ အကောင်းပကတိ ပါတဲ့ လူသား ကလေးတယောက် ကြီးပြင်း ရှင်သန်လာအောင် သူဘယ်လို ကျွေးမွေးပြုစုရမယ်ဆိုတာ စဉ်းစားလို့ မရလောက်အောင် ဖြစ်ခဲ့ရတယ်လို့ လွန်ခဲ့တဲ့ ၂၅ နှစ်က အတွေ့အကြုံကို မခင်ဆွေလဲ့က ပြန်ပြောင်းပြောပြပါတယ်။
“သူ့ကို ရေချိုးပေးတဲ့ အချိန်တိုင်း စိတ်ဆင်းရဲပေမယ့် အဲဒါကို လုပ်နေခဲ့ရတာပဲ” လို့ ဒေါ်ခင်ဆွေလဲ့က ပြောပါတယ်။
တချိန်တုန်းက အကြိမ်ပေါင်းများစွာ ငိုကြွေးခဲ့ရတဲ့ ဒေါ်ခင်ဆွေလဲ့ဟာ အခုတော့ အတိတ်က အဲဒီအကြောင်းတွေကို ရယ်ရယ်မောမော ပြောဆိုနေနိုင်ပါပြီ။ သူကတော့ တခြားသူ မဟုတ်ပါဘူး။ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဂုဏ်ထူး ၄ ဘာသာနဲ့ အောင်မြင်ခဲ့ပြီး ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် (လှိုင်သာယာ) က B.Tech (IT) , B.E (IT) ဘွဲ့ကို ရရှိထားသူ၊ မကြာသေးခင်ကမှ သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ မှာရှိတဲ့ University of New South Wales ကနေ မူဝါဒ ရေးဆွဲရေးဆိုင်ရာ မာစတာဘွဲ့တခုကို အရယူလာနိုင်ခဲ့သူ မစုပုံချစ်ရဲ့ မိခင်ပဲ ဖြစ်ပါတယ်။
အသက် ၂၀ ဝန်းကျင်အရွယ်မှာ တိမွေးကုဆရာဝန် ဒေါက်တာအုန်းကျော်နဲ့ အိမ်ထောင်ကျခဲ့ပြီး ၂၃ နှစ်အရွယ် သားဦး ကိုယ်ဝန် လွယ်ပိုးထားရချိန်မှာ မိသားစုစီမံကိန်းနဲ့ အနာဂတ်အရေးကို တွေးတောရင်း ဇနီးမောင်နှံနှစ်ယောက်စလုံး စိတ်ကူးနဲ့ ပျော်ရွှင်ခဲ့ကြပါတယ်။
ကိုယ်ဝန် ၇ လ အရွယ်မှာ အာထရာဆောင်းတွေ ပေါ်လာတော့ ဓာတ်မှန်ပါရဂူရဲ့ စစ်ဆေးချက်အရ ပုံမှန်အနေအထားပဲ ဆိုတဲ့ အဖြေကိုရခဲ့တယ်။ ၈ လေးလုံး အရေးတော်ပုံကာလ၊ ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ ညတညမှာ ဧရာဝတီတိုင်း ညောင်တုန်း ဆေးရုံမှာ ထုံဆေးထိုးပြီး စုပုံချစ်ကို ခွဲစိတ်မွေးဖွားတော့ မိသားစုလိုရင်းနှီးနေတဲ့ ခွဲစိတ်ဆရာဝန်က မွေးလူနာ မခင်ဆွေလဲ့ရဲ့ အမျိုးသားဖြစ်တဲ့ ဒေါက်တာအုန်းကျော်ကို ခွဲစိတ်ခန်းထဲအထိ ဝင်ခွင့်ပြုခဲ့ပါတယ်။
“ဟာ” ဆိုတဲ့ အာမေဋိတ်သံကို မခင်ဆွေလဲ့ ကြားလိုက်ရတယ်။ “ဘာဖြစ်တာလဲ၊ ကလေး တခုခုဖြစ်လို့လား” အားလုံးကို ကြားနေရတဲ့ သူက ဆရာဝန်ကို မေးလိုက်ရာမှာ “ဘာမှမဖြစ်ဘူး၊ စိတ်အေးအေးထား” လို့ ဆရာဝန်က အဖြေပေးပါတယ်။
“ ဘာမှ မဖြစ်ဘူးဆိုရင် တာဝန်ခံလား” လို့ မခင်ဆွေလဲ့က ထပ်မေးလိုက်တယ်။
အဲဒီအချိန်မှာ ခွဲစိတ်ခန်းထဲအထိ လိုက်လာတဲ့ ခင်ပွန်းဖြစ်သူက မျက်ရည်လည်ရွဲနဲ့ ခွဲစိတ်ခန်းထဲက ထွက်သွား ပါတော့တယ်။ စိတ်ကျန်းမာရေး ချို့တဲ့နေတဲ့ မိခင်ဖြစ်သူကို ပြုစုစောင့်ရှောက်နေရတဲ့ မခင်ဆွေလဲ့ဟာ အဲဒီအချိန်မှာ ခေါင်းထဲကို ရောက်လာတာက “ငါ့ အမေများ သေလို့လား” ဆိုတဲ့ အတွေးပါပဲ။
ခင်ပွန်းဖြစ်သူကတော့ ခွဲစိတ်ခန်းပြင်ပမှာ သူ့မိခင် (ဒေါ်ခင်ဆွေလဲ့ရဲ့ ယောက္ခမ) နဲ့ ဖက်ကာ ငိုကြွေးနေပါတော့တယ်။
“အသားတုံးကလေးလို ဖြစ်နေတဲ့ ကလေးကို အိမ်ကိုယူသွားတယ်။ သူ့ကို မပြဘူး။ ၁၁ ရက်လောက် ကြာတဲ့အထိ သူ့သမီးကို သူ မမြင်ရသေးဘူး” လို့ ဒေါက်တာအုန်းကျော်က ပြောပြပါတယ်။
သွေးနုသားနု ဇနီးဖြစ်သူကို “ကလေးက ကျန်းမာရေး မကောင်းလို့ ဆရာမတွေအခန်းမှာ ပို့ထားတယ်၊ ကလေးကို လက်တိုဂျင် (နို့မှုန့်) တိုက်ထားတယ်၊ အစားပုပ်ကလေး” လို့ အကြောင်းအမျိုးမျိုးပြပြီး လိမ်ညာခဲ့ရပါတယ်။
ကလေးမီးဖွားတဲ့ မိတ်ဆွေတွေကို သတင်းသွားမေးတဲ့အခါတိုင်း ဘေးနားမှာ မွေးကင်းစ နီတာရဲကလေးတွေကို တွေ့ဖူးမြင်ဖူးနေကျ ဖြစ်ပေမယ့် မိမိအလှည့်ရောက်မှ ကလေးနဲ့ ခွဲနေရတာက သူ့အတွက် ထူးဆန်းနေတယ်။ လူတွေရဲ့ အရိပ်အကဲတွေကလည်း ပုံမှန်မဟုတ်ဘူးဆိုတာ သတိထားမိပေမယ့် မခင်ဆွေလဲ့တယောက် ဘယ်လိုမှ အဓိပ္ပာယ် မဖော်တတ်ခဲ့ပါဘူး။
မွေးပြီးစ ကလေးနဲ့ ခွဲနေရတဲ့ကာလ၊ ကလေးမွေးဖွားပြီး ၇ ရက်မြောက်ညမှာ သူဟာ ထူးဆန်းတဲ့ အိပ်မက်တခု မက်ပါတယ်။
“ကလေးက လက် ၂ ချောင်း မပါဘူးလို့ မက်တယ်။ လန့်နိုးပြီး သူ့အဖေကို ထမေးတော့ ကိုယ့်ကို ပြန်အိပ်ခိုင်းတယ်။ စိတ်ထဲမှာ သူစိတ်မဝင်စားဘူးလို့ ထင်လိုက်တယ်” လို့ ဒေါ်ခင်ဆွေလဲ့က ပြောပါတယ်။
သည်လိုနဲ့ ဆေးရုံကဆင်းရမယ့် ၁၁ ရက်မြောက်နေ့ကို ရောက်လာတယ်။
“ဆေးရုံက ဆင်းတော့ ဆွေမျိုးနီးစပ်တွေ အကုန်လာတယ်။ ဒီနေ့ ကလေးကိုတွေ့ရမယ်။ စိတ်ခိုင်ခိုင်ထားလို့ ပြောကြတယ်။ ဒီလောက် ဆိုးလိမ့်မယ်လို့ ထင်မထားဘူး။ လက်ချောင်းလေး ၂ ချောင်းလောက်ပဲ မပါတာလို့ ထင်တာ” လို့ ဒေါ်ခင်ဆွေလဲ့ တယောက် လွန်ခဲ့တဲ့ ၂၅ နှစ်က အတွေ့အကြုံနဲ့ ခံစားချက်တွေကို မနေ့တနေ့က တွေ့ခဲ့ရသလို ပြန်ပြောင်း ပြောပြပါတယ်။
“ကိုယ့်ကို ကလေးနဲ့ ပေးမတွေ့တဲ့ ၁၁ ရက်တာ ကာလလုံး ကိုယ့်ရှေ့မှာ ဟန်ဆောင်နေကြတယ်။ ကလေးအတွက် စိတ်မကောင်းပေမယ့် ဟန်လုပ်နေတယ်။ လူနာလာမေးတဲ့ မိတ်ဆွေတွေကို ဟာသတွေပြောလိုက်၊ ရယ်လိုက်နဲ့ သူ့ကိုယ်သူ တည်ဆောက်နေရတာလေ” လို့ အဲဒီတုန်းက ခင်ပွန်းဖြစ်သူရဲ့ စိတ်ခံစားမှုအခြေအနေကို ဒေါ်ခင်ဆွေလဲ့က ပုံဖော်ပြပါတယ်။
အိမ်ထောင်ဦးကာလ ငယ်ရွယ်သေးတဲ့ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ တုန်လှုပ်စရာတွေကို သူတို့ဇနီးမောင်နှံ ဘယ်လို ရင်ဆိုင် တုံ့ပြန်ခဲ့သလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ အခြေအနေဆိုးတဲ့ မသန်စွမ်းမှုနဲ့ မွေးဖွားလာတဲ့ ကလေး တယောက်ကို ပတ်ဝန်းကျင် အသိုင်းအဝိုင်းက ကြည့်ခဲ့ကြတဲ့ မျက်လုံးတွေ၊ ပြုမူဆက်ဆံခဲ့တဲ့ အရာတွေကို ဘယ်လို ရင်ဆိုင် ကျော်လွှားခဲ့သလဲ ဆိုတာက သူတို့မိသားစုရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး အခန်းကဏ္ဍတခု ဖြစ်တယ်ဆိုရင် မမှားနိုင်ပါဘူး။
ပခုံးနဲ့ တိတိရိရိ တသားတည်းနီးပါး ရှိနေတဲ့ ညာဘက်လက်ရယ်၊ တံတောင်ဆစ် အထိသာပါတဲ့ ဘယ်ဘက်လက်ရယ်၊ သာမန် ခြေထောက်အရှည်ရဲ့ ထက်ဝက်လောက်သာရှိတဲ့ ညာခြေထောက်ရယ်က စုပုံချစ်ဆိုတဲ့ ကလေးတယောက်ရဲ့ အမှတ် သင်္ကေတတွေပဲ ဖြစ်ပါတယ်။
“စုပုံချစ် မမွေးခင်ကတည်းက မိန်းကလေးမွေးလာရင် နာမည်မှာ “စု” ပါအောင်မှည့်မယ်၊ ယောက်ျားလေးဆိုရင် “ဆန်း” ပါအောင် မှည့်မယ်လို့ မှန်းထားခဲ့တာ” လို့ ဒေါ်ခင်ဆွေလဲ့က ပြောပါတယ်။
ဘယ်ခြေထောက် တချောင်းသာ သာမန် အနေအထားအတိုင်း ပိုင်ဆိုင်ထားတဲ့ အဲဒီကလေးတယောက်ကို ရှင်သန်အောင်၊ ကြီးပြင်းအောင်၊ လူတလုံးသူတလုံး ဖြစ်အောင် ကျွေးမွေးစောင့်ရှောက်ဖို့ တခုတည်းသော နည်းလမ်းကတော့ အရှိ တရားကို လက်ခံလိုက်တဲ့ နည်းပဲလို့ သူက လေးလေးနက်နက် ပြောပါတယ်။
“သူ့ကိုလည်း မရှက်စေချင်ဘူး။ ငယ်ငယ်က သူ့အတွက် ဘောင်းဘီချုပ်ရင် အတိုတဘက်၊ အရှည်တဘက် ချုပ်ရတယ်။ အကျၤ ီကိုတော့ လက်မပါတဲ့ လက်ပြတ်အကျၤ ီလေးတွေပဲ ချုပ်ပေးတယ်။ သူနဲ့လည်း လိုက်ဖက်တယ်လေ။ သူ့လက်တွေကို ဖုံးကွယ်ထားတဲ့ အကျၤ ီမျိုးတွေ ချုပ်မပေးချင်ဘူး” လို့ မစုပုံချစ်ရဲ့ မိခင်က ပြောပြပါတယ်။
ဒေါ်ခင်ဆွေလဲ့တို့ မိသားစုက ညောင်တုန်းမြို့လယ် လူသွားလူလာ မပြတ်တဲ့ လမ်းမပေါ်မှာ နေထိုင်ကြပြီး မိသားစု စီးပွားရေးအဖြစ် ဆေးမျိုးစုံ အရောင်းဆိုင်လေး ဖွင့်ထားခဲ့ပါတယ်။ အကျၤ ီလက်ပြတ်လေး ဝတ်ဆင်ထားပြီး သနပ်ခါး အဖွေးသား လိမ်းထားတဲ့ သမီးငယ် စုပုံချစ်ဟာ ဆိုင်ရှေ့က ထိုင်ခုံမှာ အခန့်သားထိုင်ပြီး ဈေးဝယ်ဖို့ လာတဲ့လူတွေကို ပြုံးရွှင်ဖော်ရွေမှု အပြည့်နဲ့ နှုတ်ဆက်လေ့ရှိပါတယ်။
ရှင်ပြု၊ မင်္ဂလာဆောင်၊ အလှူ၊ ဘုန်းကြီးကျောင်း၊ လက်ဖက်ရည်ဆိုင်၊ အဲဒီလို လူတွေအများကြီး ရှိတဲ့နေရာတွေကို သမီးငယ်ကို အမြဲတမ်း ခေါ်သွားလေ့ရှိပြီး သမီးငယ်ကို အမြဲလိုလို ပြောပြလေ့ ရှိတာကတော့ “ပတ်ဝန်းကျင်က အထူးအဆန်းလို ကြည့်ချင် ကြည့်ပါစေ၊ မရှက်နဲ့” ဆိုတဲ့ စကားတခွန်းပါပဲ။ ပတ်ဝန်းကျင် အသိုင်းအဝိုင်းကြားမှာ ခွဲခြားနှိမ်ချ ဆက်ဆံခြင်း မခံရတာကလည်း စုပုံချစ်အတွက် အားဆေးတခွက် ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် သမီးငယ်ကိုခေါ်ပြီး ဘုန်းတော်ကြီးကျောင်းကို သွားခဲ့တဲ့ တနေ့ကို ဒေါ်ခင်ဆွေလဲ့တယောက် ယနေ့ထိ မှတ်မိ နေဆဲပါ။ သမီးလေးနဲ့ရွယ်တူ ကလေးတယောက်ရဲ့မိခင် ပြောစကားကိုလည်း ယနေ့တိုင် ကြားယောင်နေဆဲ။
“စုပုံချစ်ကိုပြပြီး ဒီလို မွေးလာတာဟာ အတိတ်က အကုသိုလ်ကံကြောင့် ဖြစ်တာလို့ သူ့ကလေးကို ပြောတယ်။ ဒါကို အခုထိ မှတ်ထားတယ်။ ဒီလောက် ဖြစ်လာပြီးမှတော့ ဒီထက်ဆိုးစရာ အကြောင်းမရှိပါဘူး” လို့ သူက ပြောတယ်။
သည်လိုနဲ့ စုပုံချစ် ကျောင်းနေအရွယ် ရောက်လာပါတော့တယ်။ မြန်မာနိုင်ငံမှာ အမြင်အာရုံချို့တဲ့တဲ့ ကလေးတွေ၊ အကြားအာရုံ ချို့တဲ့တဲ့ ကလေးတွေနဲ့ ဉာဏ်ရည်ချို့တဲ့တဲ့ ကလေးတွေအတွက် သီးသန့်ကျောင်းတွေ ရှိပေမယ့် စုပုံချစ်လို မသန်စွမ်းမှုမျိုးအတွက်တော့ ရွေးချယ်စရာ ကျောင်းမရှိပါဘူး။ သမီးငယ်ကို ပညာတတ် တယောက်ဖြစ်အောင် သင်ပေးဖို့အတွက် စတင်ခဲ့ရတဲ့ ခြေလှမ်းဟာ အင်မတန်မှ ခက်ခဲတယ်ဆိုတာ ဒေါ်ခင်ဆွေလဲ့တယောက် လက်တွေ့ သိလိုက်ရပါတယ်။
“ညောင်တုန်းမှာ ကိုဆန်းထူးဆိုတဲ့ လူတယောက်ရှိတယ်။ သူက လက်နှစ်ဖက် မပါဘူး။ စုပုံချစ်ကို ဘယ်လို စာသင်ရရင် ကောင်းမလဲဆိုတာ သူ့ကိုမေးရတယ်။ သမာန်လူဆိုရင်တော့ ညာဘက်လက်နဲ့ စာရေးသင်ရတာပေါ့။ သူ့ကို ညာခြေထောက်နဲ့ စာရေး စသင်ခဲ့တယ်” လို့ ဒေါ်ခင်ဆွေလဲ့က အတိတ်ကို ပြန်ပြောပြတယ်။
တခြားကလေးတွေကို လက်ရေး ဝိုင်းဝိုင်းလေး ရေးတတ်အောင် လက်ထပ်ပြီး သင်ပေးရတာ လွယ်ကောင်းလွယ်နိုင် ပေမယ့် စုပုံချစ်ကို ခြေရေး ဝိုင်းဝိုင်းလေး ရေးတတ်အောင် လက်ဖဝါးနဲ့ အုပ်မိုးပြီး သင်ပေးရတာ အဆင်မပြေလှပါဘူး။
ဒါပေမယ့် အဲဒီနှစ်က သူငယ်တန်း အောင်စာရင်းမှာတော့ ခြေထောက်နဲ့စာရေးတဲ့ ကလေးတယောက်ဟာ အဆင့် ၇ နဲ့ အောင်မြင်ပါတယ်။ အဲဒီနေ့မနက်စောစောက သူငယ်တန်း အောင်မြင်မှုအပေါ်မှာ သမီးငယ်ရဲ့ တုန့်ပြန်မှုကို သူ မှတ်မိနေဆဲပါ။
“ဘယ်သူတွေ အောင်လဲလို့ မေးတယ်။ ပြီးတော့ ပထမ၊ ဒုတိယ ရတဲ့လူတွေကို မေးတယ်။ သူ့အဆင့်က ၇ မှန်းလည်း သိသွားရော … ဒါဆို သမီးမအောင်ဘူး၊ ဆက်အိပ်ဦးမယ်။ နောက်နှစ် သူငယ်တန်း ပြန်ဖြေမယ် … လို့ပြောတယ်။ ဒါကိုကြည့်ပြီး သူ ဆုလိုချင်လို့ပဲလို့ ထင်ခဲ့တယ်” လို့ ဒေါ်ခင်ဆွေလဲ့က သမီးငယ်ရဲ့ အမူအယာကို ပြန်မြင်ယောင်နေတဲ့ ဟန်နဲ့ ခပ်ပြုံးပြုံး စကားဆိုပါတယ်။
စာသင်ကျောင်းမှာ ကိုယ်အင်္ဂါမသန်စွမ်းတဲ့ ကျောင်းသားတွေအတွက် အထောက်အပံ့ပေးနိုင်တဲ့ စနစ်တွေ မရှိပါဘူး။ လက် ၂ ချောင်းလုံးမရှိတဲ့ ကလေးငယ် တယောက်အတွက် သာမန်ကလေးတွေ ထိုင်တဲ့ စာသင်ခုံတွေကို အသုံးပြုဖို့ မဖြစ်နိုင်တဲ့ အခါမှာ မိခင်တယောက်အနေနဲ့ တီထွင်ကြံဆရ ပြန်ပါတယ်။ လက်သမားဆရာနဲ့ တိုင်ပင်ပြီး သမီးငယ်အတွက် အဆင်ပြေ စေမယ့် ခုံကို ဒီဇိုင်းထွင်ပြီး စာသင်ကျောင်းဆီကို သယ်သွားရတယ်။
ဒေါ်ခင်ဆွေလဲ့ စဉ်းစားသမျှ အရာရာတိုင်းဟာ စုပုံချစ်တယောက် သာမန် ကလေးတွေနည်းတူ ဘယ်လို အဆင် ပြေအောင် နေထိုင် လုပ်ကိုင်နိုင်မလဲဆိုတဲ့ အရာတွေချည်းပဲလို့ ပြောလို့ရနိုင်ပါတယ်။ သာမန ်ကလေးတယောက်ဆိုရင် စက်ဘီးတစီး ဝယ်ပေးထားပြီး ကျောင်းကိုလွှတ်လို့ရတဲ့ အရွယ်ရောက်လာပေမယ့် စုပုံချစ် အတွက်ကတော့ အဲဒီလို မဟုတ်ပါဘူး။ မိခင်တယောက်အနေနဲ့ ဒေါ်ခင်ဆွေလဲ့ တယောက် မဖြစ်မနေလုပ်ရမယ့် နေ့စဉ်အလုပ်တွေထဲမှာ ကလေးကျောင်းကြို၊ ကျောင်းပို့ လုပ်ရတာတွေလည်း ပါဝင်ပါတယ်။
စိတ်ကျန်းမာရေး ချို့တဲ့နေတဲ့ မိခင်နဲ့ ကိုယ်လက်အင်္ဂါ မသန်စွမ်းတဲ့ သမီးငယ်တို့ နှစ်ယောက်အကြားမှာ နှစ်ပေါင်းများစွာ ဗျာများနေခဲ့ရတဲ့ သူဟာ လောကဓံကို ရင်ဆိုင်ဖို့အတွက် စိတ်ဓာတ်တွေ ကြံ့ခိုင်ခဲ့တဲ့ မိန်းမမြတ် တယောက်လို့ တင်စား ရမှာပါ။
“ကျမက သားသမီးတွေကို ထိန်းသိမ်းတဲ့ ပုံစံကို သိပ်သိလို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် စုပုံချစ်အတွက် လုပ်ပေး လိုက်တာတွေဟာ အံဝင်ခွင်ကျ ဖြစ်နေတယ်။ ပတ်ဝန်းကျင်ကောင်းနဲ့ တွေ့ခဲ့တာကြောင့်လည်း ပါပါတယ်” လို့ ဒေါ်ခင်ဆွေလဲ့က ဆိုပါတယ်။
စုပုံချစ် ၆ နှစ်အရွယ်မှာ ဒုတိယ သမီးလေးကို မွေးဖွားခဲ့တယ်။ စုပုံချစ်အတွက် အထောက်အကူ ဖြစ်စေမယ့် အဖော် တယောက် ရှိမှဖြစ်မယ်ဆိုတဲ့ အတွေးနဲ့ ဒုတိယကိုယ်ဝန်ကို ယူခဲ့ပေမယ့် “စုပုံချစ်လို ထပ်မွေးလာရင်ကော” ဆိုတဲ့ အတွေးက သူတို့အတွက် ခြောက်အိပ်မက်တခုလိုပါပဲ။ ဒုတိယကလေးကို ထပ်ယူလိုက်တာဟာ သူ့အတွက်တော့ စွန့်စားခန်းတခုလို ဖြစ်ခဲ့ပါတယ်။
“နေ့စေ့လစေ့မှာ အာထရာဆောင်း ရိုက်တော့ လက်တဘက် မတွေ့ဘူးလို့ ဓာတ်မှန်ဆရာဝန်က ပြောတယ်။ ခေါင်းတွေ ကြီးသွားတာပဲ။ ခွဲစိတ်တဲ့အခါ ထုံဆေးနဲ့ခွဲလို့ရပေမယ့် မေ့ဆေးပေးခိုင်းတယ်။ ကျမ မေ့ပစ်လိုက်ချင်တယ်။ ကလေး အသံကို မကြားချင်ဘူး။ ကြောက်လွန်းလို့ တုန်နေတယ်။ သူ့အဖေကလည်း ကြောက်နေတယ်” လို့ ဒေါ်ခင်ဆွေလဲ့က အဲဒီတုန်းက စိတ်ဒဏ်ရာတွေအကြောင်းကို ပြန်ပြောပြတယ်။
ကလေးမွေးဖွားပြီးချိန်မှာ ခင်ပွန်းဖြစ်သူဟာ ကလေးရဲ့ ခြေချောင်းလေးတွေ၊ လက်ချောင်းလေးတွေကို ရေတွက်တာ၊ ကလေးရဲ့မျက်လုံးရှေ့မှာ လက်ကို ပြပြီး ကလေးမျက်လုံးမြင်၊ မမြင်ဆိုတာ သိအောင် လုပ်ကြည့်နေတာကို သူ မြင်ယောင်နေတုန်းပဲ။
“မိန်းကလေးလား၊ ယောက်ျားလေးလားဆိုတာ အရေးမကြီးဘူး။ သာမန်ကလေး ဖြစ်ဖို့ပဲလိုတယ်။ သူ့ညီမလေးက သာမန်ကလေး ဖြစ်တော့ စုပုံချစ်လည်း ဝမ်းသာတယ်” လို့ သူက ပြောပြတယ်။
သမီးအကြီးဆုံးဖြစ်တဲ့ စုပုံချစ်ရဲ့အောက်မှာ သမီးတယောက်နဲ့ သားငယ်တယောက် ထွန်းကားခဲ့ပါတယ်။ မသန်စွမ်း ကလေးကို သာမန်ကလေးတွေထက် အချိန်ပေးပြုစု စောင့်ရှောက်ရပေမယ့် မောင်နှမတွေကြားထဲမှာ စိတ်ဝမ်းကွဲမှု မဖြစ်အောင်၊ တန်းတူညီမျှ ဂရုစိုက်နိုင်အောင် ဒေါ်ခင်ဆွေလဲ့ ကြိုးစား ဖန်တီးခဲ့ရပါသေးတယ်။
စုပုံချစ်နဲ့ ပတ်သက်လာရင် သူတို့မိသားစုအတွက် အမှတ်တရအဖြစ်ဆုံးနဲ့ တနိုင်ငံလုံးက စုပုံချစ်အကြောင်းကို သိလာစေတဲ့ အဖြစ်အပျက်တခုကို ဒေါ်ခင်ဆွေလဲ့တယောက် ဘယ်တော့မှ မေ့ပျောက်နိုင်မှာ မဟုတ်ပါဘူး။
တနေ့မှာ စုပုံချစ်တယောက် ကျောင်းကအိမ်ကို ပြန်ရောက်တော့ ကျူကျူပါအောင်ငိုပြီး “ကျောင်းမနေချင်တော့ဘူး။ စာတော်လည်း ဘာလုပ်မှာလဲ” ဆိုတဲ့ စကားကို ပြောလာပါတယ်။
“၄ တန်းနှစ်မှာ စုပုံချစ် ထူးချွန်အဆင့် ပါတယ်။ အဲဒီတုန်းက မာလ်တီမီဒီယာဖွင့်ပွဲ လုပ်ဖို့အတွက် ကွန်ပျူတာခန်းမှာ သရုပ်ပြဖို့ အဆင့် ၁၊ ၂၊ ၃ ရတဲ့ လူတွေကို နာမည်ခေါ်တယ်။ စုပုံချစ်က မတ်တပ်ရပ်တော့ ဆရာမက ပြန်ထိုင်ခိုင်းတယ်။ တခြားသူတွေ ပါသွားတယ်။ သူကျန်ခဲ့တယ်လေ” လို့ စိတ်ထိခိုက်နေတဲ့ သမီးဖြစ်သူကို ကြည့်ရင်း ဒေါသစိတ်နဲ့ ကျောင်းထုတ်ဖို့အထိ စိတ်ကူးခဲ့တယ်လို့ ဒေါ်ခင်ဆွေလဲ့က ပြောပါတယ်။
ဒါပေမယ့် ဂျပန်စာရေးဆရာ အိုးတိုးထာကဲ ရေးထားတဲ့ “ခြေမစုံ၊ လက်မစုံ၊ ဘဝအတွေ့အကြုံ” ဆိုတဲ့ စာအုပ်ကို မြန်မာစာရေးဆရာ ရဲမြလွင်က ဘာသာပြန်ထားတာကို ဖတ်မိတဲ့အချိန်မှာ စိတ်ခွန်အားတွေ ပြန်လည်ရရှိခဲ့ပါတယ်။
ညောင်တုန်းမြို့ အထက်တန်းကျောင်းရဲ့ မာလ်တီမီဒီယာ သင်ထောက်ကူ ခန်းမဖွင့်ပွဲမှာ ကိုယ်အင်္ဂါ မသန်စွမ်းမှုကြောင့် ဆိုတဲ့ အကြောင်းပြချက်နဲ့ ပညာထူးချွန်တဲ့ စုပုံချစ်ကို ပါဝင်ခွင့် မပေးခဲ့ပါဘူး။
“သူမပါတော့ ရန်ကုန်က မိတ်ဆွေတွေက ဖုန်းဆက်မေးကြတယ်။ သူက စိတ်ဒဏ်ရာ ဖြစ်သွားတော့ ငိုတယ်။ သူငိုလေ၊ မျက်ရည်ကျလေ ကိုယ်က စိတ်ဆင်းရဲရလေပဲ။ ဒါကို အထက်လူကြီးတွေသိအောင် တိုင်မယ်ဆိုတဲ့စိတ် ဝင်လာတယ်။ တိုင်မယ်၊ မအောင်မြင်ရင် ကလေးတွေကို ကျောင်းဆက်မထားဘူး။ မအောင်မြင်ဘူးဆိုရင် နယ်စပ်ကို ထွက်ပြေးဖို့အထိ မှန်းခဲ့တယ်” လို့ ဒေါ်ခင်ဆွေလဲ့က စိတ်လှုပ်ရှားစရာ ကောင်းခဲ့တဲ့ အတိတ်ကို ပြန်ပြောပြပါတယ်။
မိတ်ဆွေတွေ အကူအညီနဲ့ ထိထိရောက် တိုင်ကြားစာ ပို့နိုင်ခဲ့တဲ့ နောက်ပိုင်းမှာ တိုင်းအဆင့် အခြေခံပညာဦးစီးဌာနက လာရောက် စစ်ဆေးပြီး စုပုံချစ် မိသားစုကို ကူညီပေးဖို့ဆိုတဲ့ ညွှန်ကြားစာတစောင် မြို့နယ်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီကို ရောက်လာတဲ့ အဆင့်အထိ ဖြစ်လာပါတော့တယ်။
ပညာထူးချွန်မှုနဲ့ ပတ်ဝန်းကျင်ရဲ့ ဝိုင်းဝန်းပံ့ပိုးမှုကြောင့် အဲဒီအချိန်တုန်းက အုပ်ချုပ်ရေးစနစ်မှာ တန်ခိုးထွားခဲ့တဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်က သတိထားမိလာပြီး ပံ့ပိုးကူညီပေးခဲ့တဲ့ ကျေးဇူးတွေကြောင့် ညောင်တုန်းမြို့ သေးသေးလေးမှာ မွေးဖွားခဲ့တဲ့ စုပုံချစ်ကို မြန်မာလူထုက သိလာပါတယ်။
သူတို့ ဇနီးမောင်နှံကို စာနာစိတ်၊ သနားစိတ်နဲ့ မိတ်ဆွေတွေက စွန့်ပစ်ဖို့အထိ အကြံပေးခဲ့ဖူးတဲ့ ခြေမစုံ လက်မစုံတဲ့ မွေးကင်းစ ကလေးဟာ အခုတော့ မြန်မာနိုင်ငံက ပညာရေးစနစ်မှာ အဆင့်မြင့်တဲ့ ကျောင်းတွေထဲက တခုဖြစ်တဲ့ နည်းပညာတက္ကသိုလ်ကို တက်ရောက်နိုင်ခဲ့ပါပြီ။ သြစတေးလျနိုင်ငံ အစိုးရက ပေးတဲ့ ပညာသင်ဆုကို ရရှိခဲ့ပြီး ဆစ်ဒနီမြို့မှာရှိတဲ့ University of New South Wales တက္ကသိုလ်က ပေးတဲ့ မူဝါဒရေးဆွဲရေးဆိုင်ရာ မာစတာဘွဲ့တခုကို အရယူနိုင်ခဲ့ပါပြီ။
သြစတေးလျပါလီမန်ထဲမှာ စုပုံချစ်ဆိုတဲ့ မိန်းကလေးတယောက် တက်ရောက် စကားပြောခွင့် ရခဲ့တာဟာ ဒေါ်ခင်ဆွေလဲ့ အတွက် အိပ်မက်တခုတော့ မဟုတ်ပါဘူး။ မိဘတွေနဲ့ ၂ နှစ်နီးပါး ခွဲခွာပြီး ကျောင်းသွားတက်နေရတဲ့ သမီးကိုအားပေးခဲ့တဲ့ စကားတခွန်း ရှိခဲ့ပါတယ်။
“မြန်မာကျော်အောင် ကြိုးစားခဲ့သလို၊ ကမ္ဘာကျော်အောင် ကြိုးစား” ဆိုတဲ့ စကားပါပဲ။
ထိခိုက်လွယ်၊ ခံစားလွယ်တဲ့ နှလုံးသားပိုင်ရှင် မိန်းမတယောက်အနေနဲ့ သားသမီးအတွက် မန်တင်းနေရတဲ့ အမူ အယာက သူ့မျက်နှာမှာ အထင်းသား ပေါ်လွင်နေပါတယ်။
စုပုံချစ်ရဲ့ ရှေ့ရေးအတွက် တွေးတောပူပင်ရင်း စိတ်ဓာတ်ကျတာတွေ အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့ပေမယ့် အိမ်ထောင်ဘက် ဖြစ်သူ ဒေါက်တာအုန်းကျော်ရဲ့ ပါရမီ ဖြည့်ဆည်းမှုတွေကလည်း သူ့အတွက်တော့ တန်ဖိုးရှိလွန်းလှတဲ့ ခွန်အားတွေပါပဲ။ ရှေ့ဆက်လျှောက်ဖို့အတွက် လမ်းပြကြယ်ပဲလို့ သူက ဆိုပါတယ်။
“ဒီကလေးကို ဘာ့ကြောင့် စာတွေသင်ပေးပြီး၊ ဘာကြောင့် ဘွဲ့တွေ ယူခိုင်းနေတာလဲလို့ ညည ထိုင်စဉ်းစားမိခဲ့တယ်။ သူ့အတွက် စိတ်တင်းပြီး လုပ်နေရပေမယ့် ကျမ စိတ်နုပါတယ်။ တခြား မသန်စွမ်းကလေးတွေနဲ့ ဆုံတဲ့အခါ၊ မိဘမဲ့ ကလေးတွေကို သွားကြည့်တဲ့အခါ ဘယ်လိုမှ မခံစားနိုင်ဘူး” လို့ ဒေါ်ခင်ဆွေလဲ့က ဆိုပါတယ်။
စုပုံချစ်အတွက် ရှေ့ရေးကို ပူပင်စရာမလိုတော့တဲ့ ဒေါ်ခင်ဆွေလဲ့ဟာ အခုအချိန်မှာ ညောင်တုန်းမြို့မှာပဲ မိသားစုနဲ့အတူ နေထိုင်ပြီး စိတ်ကျန်းမာရေး ချို့တဲ့နေတဲ့ မိခင်ဖြစ်သူကို ပြုစုစောင့်ရှောက် နေပါတယ်။
မသန်စွမ်း ကလေးငယ်တွေ မွေးဖွားလာတဲ့ ဘဝတူ မိဘတွေအတွက် သူမှာ စကားပြောစရာတွေ ရှိနေပါတယ်။
“ဒီလိုကလေးမျိုး မွေးထားရင် သူများထက် အဆပေါင်းများစွာ ကြိုးစားရမယ်။ သားသမီးကို နည်းမှန်လမ်းမှန် လျှောက်လှမ်း နိုင်အောင် လုပ်ရမယ်။ အမေတယောက်အနေနဲ့ မသန်စွမ်းကလေးတယောက်ကို မွေးခဲ့ပြီးပြီ။ ဒီထက်ပိုပြီး စိတ်ဓာတ် မကျပါနဲ့” လို့ ဒေါ်ခင်ဆွေလဲ့က ပြောပါတယ်။
တဘက်လူကို ခွန်အားသစ်တွေ ပေးနိုင်လောက်အောင် စကားပြောကောင်းတဲ့ ဒေါ်ခင်ဆွေလဲ့က “ပျော်နေတယ် လို့တော့ မထင်လိုက်ပါနဲ့။ ကံတရားအဆိုးထဲကမှ အကောင်းကို ပြန်ရှာထားရတာပါ” လို့ လေးလေးနက်နက် ပြောလိုက်ရင်း အတိတ်အကြောင်း စကားဝိုင်းကို အဆုံးသတ်လိုက်ပါတယ်။