ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်အဆင့် ကျောင်းသား တချို့နှင့် မြို့ပေါ်ရပ်ကွက်ရှိ လူငယ်တချို့မှာ အိမ်သုံးဆေးဝါးများကို မူးယစ်ဆေးအဖြစ် သုံးစွဲမှုများ ရှိနေကြောင်း သတင်းရရှိသည်။
Dextro Tablet ခေါ် ချောင်းဆိုးပျောက် ဆေးလုံးများကို မူးယစ်ရီဝေစေရန်အတွက် အလုံးရေများစွာ သောက်သုံး၍ မူးယစ်ဆေး သဖွယ် အသုံးပြုနေခြင်းများ တွေ့ရှိရကြောင်း ပုသိမ် အခြေစိုက် အမှတ် ၄၉ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး အထူးအဖွဲ့ တပ်ဖွဲ့စုမှူး မြင့်အောင်က ဧရာဝတီကို ပြောသည်။
“တက္ကသိုလ်အဆင့်မှာ အနည်းငယ်သုံးစွဲတာတွေ့ရတယ်။ အဓိက သုံးနေတာကတော့ အထက်တန်း ကျောင်းသားတွေပေါ့။ GTC (နည်းပညာတက္ကသိုလ်) ကျောင်းသားတချို့လည်း သုံးစွဲတာတွေ့ရတယ်။ ကျောင်းသားလူငယ်တွေ ဗန်းစကားအရတော့ အဲဒီဆေး ကို သခွားစေ့လို့ ခေါ်ကြတယ်။ သူက ချောင်းဆိုး၊ အအေးမိပျောက်ဆေးပါ။ ဒါကို တခါသောက်ရင် ၁၀ လုံး၊ အလုံး ၂၀ စသဖြင့် အလုံးရေ အများကြီးသောက်ပြီး မူးယစ်ဆေးလို သုံးနေတော့ သူတို့အတွက် ဘေးအန္တရယ်ဖြစ်လာတာပေါ့”ဟု သူက ပြောသည်။
အဆိုပါ Dextro Tablet ဆေးဝါးကို ထိုင်းနိုင်ငံမှ တင်သွင်းလာခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် တရားဝင် မှတ်ပုံတင်၍ ဖြန့်ဖြူးနေသော အိမ်သုံးဆေး တမျိုးဖြစ်သည်ဟုလည်း ဆိုသည်။
အလုံးရေ ၁၀၀၀ ပါသည့် ဘူးတဘူးလျှင် မြန်မာငွေ ၁၅၀၀၀ ကျပ် ဈေးနှုန်းရှိပြီး ယင်းဆေးများကို ပုသိမ်မြို့ပေါ်ရှိ ကွမ်းယာဆိုင်၊ ကုန်စုံဆိုင်နှင့် ဆေးဆိုင်တချို့က ဆေးတလုံးလျှင် ၂၅ ကျပ်ဖြင့် ကျောင်းသားများနှင့် လူငယ်များကို ရောင်းချပေးနေကြောင်း စုံစမ်း သိရှိရသည်။
ပုသိမ်မြို့ အမှတ် (၂) ရဲစခန်းမှ စခန်းမှူး ရဲအုပ် သိန်းဇော်ဦးကလည်း “ကျနော်တို့ရထားတဲ့ သတင်းတွေအရ အလယ်တန်း၊ အထက် တန်း ကျောင်းသားလေးတွေက ဒီဆေးတွေကို အိမ်သာတို့ သန့်စင်ခန်းတို့မှာ သုံးတယ်။ သုံးပြီးတာနဲ့ မျက်လုံးလေးတွေ မှေးလာ တယ်။ ဒီဆေးက အိပ်ချင်တဲ့ သဘော ရှိတယ်။ ဒီသတင်းကို ကျောင်းသားတွေက ရုံးခန်းကိုသွားပြီးဆရာကြီးကို သတင်းပေးတဲ့အခါမှာ ဆရာက ကလေးကိုလာကြည့်တော့ ကလေးက ခေါင်းမထူနိုင်တော့ဘူး။ အဲ့ဒီလိုဖြစ်ခဲ့တာတွေ ရှိတယ်”ဟု ဧရာဝတီကို ပြော သည်။
အိမ်သုံးဆေးကို မူးယစ်ဆေးအဖြစ် တလွဲအသုံးပြုမှုမှာ Dextro Tablet ခေါ် သခွားစေ့သာမက ပန်းသီး၊ အာဒိန်း စသည့် ဆေးလုံးများကိုလည်း သုံးစွဲကြကြောင်း၊ ကျောင်းသားများသာမက အရပ်ထဲရှိ လူငယ်များလည်း သုံးစွဲနေကြောင်း ပုသိမ်မြို့ အမှတ် ၉ ရပ်ကွက် မှ အသက် ၂၁ နှစ်အရွယ် လူငယ်တဦးက ပြောပြသည်။
“ပန်းသီးဆိုရင် အဲဒါကစ်ပြီး ဆိုင်ကယ်စီးရင် လေထဲမှာပျံနေရသလို လွင့်နေတာ။ သခွားစေ့က ငြိမ်တယ်။ အေးဆေးပဲ မှိန်းနေချင် တယ်။ အာဒိန်းကတော့ မသုံးဘူးတော့ မသိဘူး။ ဒီဆေးတွေက တက္ကသိုလ် ကျောင်းသားတင် မဟုတ်ဘူး။ ရပ်ကွက်ထဲက လူငယ် တွေလည်း သုံးကြပါတယ်။ သင်္ကြန်ပွဲ၊ ဘုရားပွဲ၊ စတိတ်ရှိုးပွဲ စသဖြင့်ပေါ့။ ပွဲလမ်းသဘင် ရှိတဲ့နေ့တွေ သုံးကြတယ်။ ဟိုတလောက ရွာပြန်တော့ ဘုရားပွဲရှိတာ ရွာကလူငယ်တွေလည်း ဒီဆေးတွေသုံးပြီး ကောင်းနေတာ တွေ့ခဲ့ရတယ်”ဟု ဆေးသုံးဖူးသည့် အဆိုပါ လူငယ်က ရှင်းပြသည်။
Dextro Tablet ဆေးဝါးမှာ တီဘီ၊ HIV၊ နမိုးနီးယား (အဆုတ်ယောင်ရောဂါ)နှင့် အဆုတ်ကင်ဆာ ဝေဒနာရှင်များကို တိုက်ကျွေးသည့် ဆေးဖြစ်ပြီး အလုံးရေများစွာ သောက်သုံးပါက အာရုံကြောများနှင့် ကျောက်ကပ် ထိခိုက်ပျက်စီး နိုင်ကြောင်း ပုသိမ်မြို့မှ အထွေထွေရောဂါကု ဆရာဝန်တဦးက ရှင်းပြသည်။
“ဒီဆေးက အဆုတ်ငြိမ်ပြီး ချွဲပျော်စေတဲ့ဆေးပါ။ တီဘီသမား၊ အဆုတ်ကင်ဆာ သမားနဲ့ HIV ဝေဒနာသည်တွေ ကိုတောင် ဆရာ ဝန် ညွှန်ကြားချက်အရ ၁ လုံး ၂ လုံးပဲ တိုက်ရတဲ့ ဆေးမျိုးပါ။ ကလေးတွေက ၁ ခါသောက် ၁၀ လုံး၊ အလုံး ၂၀ ဆိုတာမျိုးသောက် လာရင်တော့ ကြာလာရင် အာရုံကြောတွေ ထိခိုက်လာမယ်။ ကျောက်ကပ် ပျက်စီးတာတွေ ဖြစ်လာမယ်”ဟု သူက ပြောသည်။
Dextro Tablet ဆေးဝါးများ မရောင်းချရန် ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့က မြို့ပေါ်ကျောင်းများအနီး ရောင်းချနေသည့် ကွမ်းယာဆိုင်များအားလုံးကို သတိပေးထားပြီး ပညာပေးကာလအဖြစ် သြဂုတ်လ ၁၆ ရက်နေ့က စတင်ကာ ၁၄ ရက် အချိန်ပေးထားသည်။
သတ်မှတ်ရက် ကျော်လွန်ချိန်တွင် ဆေးရောင်းချသည့် ကွမ်းယာဆိုင်များကို ရှာဖွေဖမ်းဆီး၍ အမျိုးသား ဆေးဝါးဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန် ကြေညာထားသည်။
ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်စိုးက“ပညာပေးကာလ အချိန် ၂ ပတ်ပေးထားတယ်ဆိုတာက ရောင်းနေရင်လည်း မရောင်းဖို့၊ သူများကိုလည်း မရောင်းနဲ့လို့ သတိပေးနိုင်ဖို့ အချိန်ပေးထားတာပါ။ ၂ ပတ်ကျော်တာနဲ့ စည်ပင်အဖွဲ့ရယ်၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရယ်၊ ကျောင်းဆရာတွေရယ်၊ ရဲတပ်ဖွဲ့ရယ် ပူးပေါင်းပြီး ဥပဒေအရ လိုအပ်သလို အရေးယူသွားမှာပါ”ဟု ပြောသည်။
Dextro Tablet ဆေးဝါးများကို ဆရာဝန်ညွှန်ကြားချက် မပါဘဲ မရောင်းချရန်နှင့် ကျောင်းသားလူငယ်များကို လုံးဝရောင်းချခြင်းမပြုရန် ပုသိမ်မြို့ပေါ်ရှိ ဆေးဆိုင်များအားလုံးကိုလည်း ရဲတပ်ဖွဲ့ တာဝန်ရှိသူများက သတိပေး ပြောဆိုထားသည်။