တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့ ရန်ကုန်မြို့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့နဲ့ ပူးပေါင်း ဖွဲ့စည်းထားတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနိုင်းရေး အဖွဲ့ (NCCT) တို့ အခုလ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့ အထိ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
နှစ်ဘက်သဘောတူညီချက် ရရှိဖို့အတွက် အခန်း (၇) ခန်းပါတဲ့ ဒုတိယ မူကြမ်း (Single Text) ကို အဆုံးသပ်နိုင်ရေး နှစ်ဖက် ဆွေးနွေး ခဲ့ကြတာဖြစ်ပါတယ်။ ဆွေးနွေးချက်တွေထဲက အများစု သဘောတူညီမှု ရရှိခဲ့ပေမယ့် သဘောတူ လက်မှတ်ထိုးနိုင်ရေး အတွက် အရေးပါတဲ့ အချက်တချို့ကျန်ရှိနေသေးပြီး စက်တင်ဘာလဆန်းပိုင်းမှာ ပြန်ဆွေးနွေးဖို့ ရှိနေပါတယ်။
အစိုးရဘက်ကတော့ ကျန်ရှိနေသေးတဲ့အချက်တွေကို လာမယ့် စက်တင်ဘာလဆန်းပိုင်းမှာ နှစ်ဖက်တွေ့ဆုံပြီး အပြီးသတ်နိုင်ဖွယ် ရှိကြောင်းနဲ့ ဒီနှစ်မကုန်ခင် အောက်တိုဘာလထဲမှာပဲ တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲကြီး ကျင်းပ သွားနိုင် လိမ့်မယ်လို့ ဆိုပါတယ်။
နှစ်ဖက်အဖွဲ့တွေကြား ဆွေးနွေးရာမှာ ဘယ်လို ကဏ္ဍတွေမှာ ခက်ခဲ ကြန့်ကြာမှုတွေ ရှိနေသလဲ။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးရင်ရော ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေး ဖြစ်လာနိုင်မလား စတဲ့ အချက်တွေအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အလားအလာတွေနဲ့ ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် မေခ က NCCT ခေါင်းဆောင် နိုင်ဟံသာ ကို တွေ့ဆုံမေးမြန်းထားပါတယ်။
မေး ။ ။ အခုဆွေးနွေးမှုရလဒ်တွေနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စောင့်ကြည့်နေသူတွေက တိုးတက်မှုတွေ ရှိတယ်လို့ ပြောတာလည်းရှိသလို အားမလိုအားမရ ပြောဆိုသံတွေလည်း ကြားရပါတယ်။ အန်ကယ့် အနေနဲ့ ဘာများပြောချင်ပါလဲ။
ဖြေ။ ။ အခုက အန်ကယ်တို့ ဆွေးနွေးနေတဲ့အခိုက်မှာ အန်ကယ်တို့ဘက်က ဆွေးနွေးရမယ့်အချက်ကို အစိုးရဘက်က လက်ခံ ထား ပါတယ်။ စာချုပ်ထဲမှာ အခန်းတိုင်းလိုလိုက အသေးစိတ်ဆွေးနွေးရတယ်။ အခုလိုအခြေအနေအထိဖြစ်အောင်တက်လှမ်းဖို့လည်း မလွယ်ပါဘူး။ ပြည်သူတွေဘက်က ပြောနေတာကိုလည်း သိပါတယ်။ စိတ်ရှည်ပေးစေချင်တယ်။ အခုချိန်မှာသိပ်ပြီးခက်ခဲ တာ တော့ မရှိတော့ပါဘူး။
မေး။ ။ အစိုးရရဲ့ငြိမ်းချမ်းရေး ဖော်ဆောင်မှုကို ဘယ်လိုများ သုံးသပ်ချင်ပါသလဲ။
ဖြေ။ ။ ကောင်းပါတယ်။ ဒါပေမယ့် တိုင်းရင်းသားတွေဘက်က အမြင်က တထပ်တည်းတူတယ်။ အစိုးရဘက်ကျတော့ သိပ်ပြီး အမြင် က တထပ်တည်း မကျဘူးဖြစ်နေတယ်။ တပ်မတော်ရယ်၊ လွှတ်တော်နဲ့ အစိုးရ ဆိုတော့ တခါတလေ အမြင်မတူတာတွေ ရှိတယ်။ အခုဆွေး နွေးတာကတော့ တော်တော်လေးကောင်းလာပါတယ်။
မေး။ ။ ဘယ်လို အမြင်မတူတာများဖြစ်မလဲ ရှင်းပြပေးပါလား။
ဖြေ။ ။ ဟိုးအစောပိုင်းကဆိုရင် တပ်ဘက်က သူတို့လည်း သူတို့မူလရပ်တည်ချက်ပေါ်မှာ ဖက်ဒရယ်မူကို လက်မခံချင်ဘူး။ တိုင်း ရင်းသားတွေ တောင်းနေတဲ့ အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ဆိုတာကို သိပ်လက်မခံချင်ဘူး။ လက်ရှိတပ်မတော် ရှိနေ တဲ့ အနေအထားကနေ မပြင်ချင်ဘူးဆိုတဲ့ စိတ်တွေရှိတယ်။ အခုတော့ ဖက်ဒရယ်ဆိုတဲ့ ရပ်တည်မှုကို မပြောတော့ဘူး။ သူတို့က လည်း ကာလုံဆိုတဲ့ ရပ်တည်မှုအပေါ် သူတို့က လာဆွေးနွေးရတာကိုး။ ဘာမှတော့ သိပ်မပြောတော့ဘူး။ မူအားဖြင့်လက်ခံထား တယ်။
အခုချိန်မှာဒါကို သူတို့ဘက်က လက်ခံတယ်မခံဘူးဆိုတာက နောက်ပိုင်း နိုင်ငံရေးဆွေးနွေးပွဲကျမှ တိတိကျကျသိရပါမယ်။ အခုချိန် မှာတော့ ဘာမှမပြောတော့တာ သူတို့ရပ်တည်မှုကို မပြောတော့တာက ယေဘုယျ လက်ခံတယ်လို့ ပြောနိုင်ပါတယ်။
မေး။ ။ အခုချိန်မှာ အပစ်ခတ်ရပ်စဲရေးကိစ္စက တပ်နဲ့သက်ဆိုင်ပါတယ်။ တပ်နေရာချရေး၊ စစ်သည်တော်ကျင့်ဝတ်စတာတွေက တပ်ပိုင်းဆိုင်ရာကိစ္စတွေပါ။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး သူတို့နဲ့ဆွေးနွေးဖို့လိုအပ်နေပြီဒါကို ဘယ်လိုဆွေးနွေးခဲ့ပါသလဲ။
ဖြေ။ ။ နယ်မြေက အထိုက်အလျောက်က ခွဲရမှာပါ။ ဒါလည်း ယာယီသဘောပါ။ တပ်တွေကရောယှက်နေရင် ပြဿနာတွေဖြစ် လာ တတ်တယ်။ ဆွေးနွေးစဉ်ကာလမှာ ဒီကိစ္စက လိုကိုလိုအပ်ပါတယ်။ ဆွေးနွေးတဲ့ ကာလအတွင်းပေါ့လေ။ နောက် တပ်ပိုင်းဆိုင်ရာ လိုက်နာတဲ့ ကျင့်ဝတ်တွေက ရှိနေရမယ်လေ။ အသေးစိတ်ဆွေးနွေးတာမှာ ဒီတခေါက်က ယေဘုယျသဘောပဲ ဆွေးနွေးဖြစ်တယ်။ စောင့်ကြည့် ကော်မတီတွေ ဖွဲ့ဖို့တွေ ပါတယ်။ ဒီအပိုင်းက သူတို့ဘက်က အထက်ကို တင်ပြရမှာရှိတော့ သေချာအဖြေ မထွက်လာ ခဲ့သေးဘူး။
မေး။ ။ တပ်ပိုင်းဆိုင်ရာဘက်က အပစ်အခတ်ရပ်စဲပြီးမှ တိုင်းရင်းသားတွေဘက်က ပြန်ပြီးလက်နက်စွဲကိုင် တော်လှန်မှာကို စိုးရိမ်နေ တယ်လို့ သိရတယ်။ အဲဒီအပေါ်မှာ ဘယ်လိုထင်လဲ။ ဘာများပြောနိုင်မလဲ။
ဖြေ။ ။ တကယ်လို့ မဆွေးနွေးရင် လက်နက်စွဲကိုင် တိုက်နေမှာပဲ။ ပြေလည်ရင် လက်နက်ကိုင် တိုက်စရာမလိုဘူး။ အခုတိုက်နေ တာ နှစ်ပေါင်း ၆၀ ကျော်နေပြီပဲ။ ဆက်တိုက်မယ့်အပေါ် ဘာစိုးရိမ်စရာရှိမလဲ။ ဒါ သဘောအရပေါ့နော်။ ဆက်မတိုက်ရအောင်ညှိနှိုင်း နေတာဖြစ်တယ်။ ဒီလိုပဲတွေးနေရင်တော့ တွေးစရာတွေရှိတာပေါ့။ အန်ကယ်တို့လည်း တွေးနိုင်တယ်။ အပစ်အခတ်ရပ်စဲပြီးမှ တပ် မတော်ဘက်က ပြန်အာဏာသိမ်းလေမလား ပေါ့။ ဒီလိုဆို စဉ်းစားစရာတွေ ရှိနေတယ်လေ။ ဒီအပေါ်မှာတော့ အန်ကယ်တို့ဘက် က အာမခံနိုင်သလို သူတို့ဘက်ကလည်း အာမခံနိုင်စရာလိုတယ်။ တွေးနေရင်တော့ တွေးမဆုံးဘူးပေါ့။
မေး။ ။ အစိုးရဘက်က အချုပ်အခြာအာဏာကို ထိပါးစေတဲ့ အချက်ကလွဲရင် ကျန်အချက်တွေကို ဆွေးနွေးနိုင်တယ်လို့ ပြောလာ တာကို တွေ့မှာပါ။ အချုပ်အခြာ အာဏာဆိုတာကို ဘယ်လိုမျိုး တိုင်းရင်းသားတွေ လက်ခံထားပါသလဲ။ ဒီအပေါ်မှာဘယ်လို မြင်ပါ သလဲ သိပါရစေ။
ဖြေ။ ။ ဒါကကျတော့ အုပ်ချုပ်မှုကော၊ စီမံခန့်ခွဲမှုကိုကော နိုင်ငံတကာကဝင်မစွက်ရေး ဆိုတာပါတယ်လေ။ ခွဲထွက်ရေး ဆိုတာကို အန်ကယ်တို့ လက်နက်ကိုင်အဖွဲ့တွေက ဘယ်တော့မှ မတောင်းဆိုပါဘူး။ ဒါပေမယ့် အမျိုးသား တန်းတူရေးနဲ့ ဖက်ဒရယ်စနစ်ကို ပဲ တောင်းဆိုနေတာပါ။ မရဘူးဆိုရင်တော့ လက်နက်စွဲကိုင်နေရဦးမယ်။ ဒါမှမရလို့ ခွဲထွက်ရမယ်ဆို ခွဲထွက်ရဦးမယ်။ အဲဒီ အခွင့် အရေး ရရင်တော့ ဘယ်တိုင်းရင်းသားမှ ခွဲမထွက်ဘူး။ သေချာတယ်။
မေး။ ။ တချိန်ချိန်မှာ ဖက်ဒရယ်ဆိုတာကို အချုပ်အခြာအာဏာကို ထိပါးစေတဲ့အချက်လို့ အစိုးရက ထောက်ပြလာမယ်ဆို အန် ကယ် တို့ အနေနဲ့ ဘယ်လိုလုပ်ဆောင်မှာလဲ။ လက်နက်စွဲကိုင်မှာလား။ အခုချိန်ထိ ဖက်ဒရယ်ဆိုတာကို မူအားဖြင့် လက်ခံလိုက်ပြီ လို့ အစိုးရဘက်က ကြေညာတယ်။ ဒီအပေါ် သူတို့လက်ခံမှုက ပြောင်းလဲနိုင်တယ် ဆိုတဲ့ သဘောလား။
ဖြေ။ ။ သူတို့ဘက်က လက်ခံလိုက်တာက အန်ကယ်တို့အတွက် အကောင်းကို ရည်ရွယ်တယ်လို့ပဲမြင်တယ်။ တပ်ပိုင်းဆိုင်ရာ လက်ခံမှု အပေါ်မှာတော့ သေချာညှိရမယ် ထင်တယ်။ သူတို့ဆီက ရလာတာနဲ့မှ နောက်ပိုင်း ဖက်ဒရယ်တပ်မတော် ဆိုတာကို တည် ထောင်နိုင်မှာဖြစ်တယ်။ ဒီအပိုင်းကတော့ နိုင်ငံရေးဆွေးနွေးပွဲမှာ ဆက်ဆွေးနွေးရမှာပါ။
မေး။ ။ တပ်နေရာချထားရေး၊ နယ်မြေသတ်မှတ်ရေးတွေက အပစ်အခတ်ရပ်စဲမှု နောက်ပိုင်းမှဆိုတော့ ဒီအပစ်အခတ် ရပ်စဲရေးက ခိုင်မာနိုင်ပါ့မလား။
ဖြေ။ ။ အန်ကယ်တို့ဘက်က အပစ်အခတ်ရပ်စဲရေး ဆိုတာကို နိုင်ငံရေးဆွေးနွေးပွဲ လုပ်နိုင်မှရမယ်ဆိုတာကို လက်ခံထားတယ်။ နိုင်ငံ ရေးနည်းအရ ဖြေရှင်းနိုင်ဖို့လိုတယ်။ ဒါကြောင့် ခိုင်မာအောင်လုပ်ဆောင်နေရတာ ဖြစ်တယ်။ အပစ်ရပ်စဲရေး ခိုင်မာဖို့က နှစ်ဖက် ကတိကျစွာ လိုက်နာဖို့လိုပါတယ်။ အခွံသက်သက် မဖြစ်အောင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ညှိနှိုင်းနေတဲ့ အထဲမှာ တပ်ဘက်ကလည်း ပါပါတယ်။ အစိုးရပိုင်းလည်း လွှတ်တော်လည်း ပါတယ်။ ဒီ ၃ ခုက တစုတည်းပါပဲ။ ဒါဆိုတော့ စုစည်းရမှာပေါ့။ ခွဲထုတ်လို့မရတော့ သူတို့လည်း လက်ခံလာမယ်လို့ မြင်ပါတယ်။
မေး။ ။ တပ်ပိုင်းဆိုင်ရာမှာ တပ်နေရာချရေး၊ နောက်တပ်သားသစ် စုဆောင်းရေးကိစ္စတွေ ညှိရမှာဆိုတာရှိတယ်။ တပ်တိုးချဲ့ရေးမှာဆို တပ်သား သစ်စုဆောင်းရေးအပေါ်မှာ ထပ်မစုဆောင်းရ ဆိုတာပါတယ်။ ဒီတော့ တိုင်းရင်းသားတွေဘက်က လိုက်နာရမယ်ဆို တပ်မတော်ဘက်ကရော လိုက်နာမယ်လို့ ပြောထားပါသလား။ တနိုင်ငံလုံးကို လက်ရှိမှာ ကိုယ်စားပြုထားတဲ့ တပ်မတော်ကို မတိုးချဲ့ရဘူးဆိုတာက မဖြစ်နိုင်တဲ့ အချက်ပါ။ ဒါကိုသူတို့ဘက်က လွယ်လွယ်လက်ခံမှာ မဟုတ်တာက နိုင်ငံတော်ကာကွယ်ရေး ဆိုတဲ့ အပိုင်းရှိနေတယ်။ ဒီတော့ ဒီအပိုင်းကဘယ်လိုတွေညှိမှာလဲ။
ဖြေ။ ။ ဒီကိစ္စတွေက ဆွေးနွေးတာက အဖြေတော့မရဘူး။ နှစ်ဖက်စလုံးမတိုးချဲ့တာက ပြဿနာမဖြစ်ဘူး။ အန်ကယ်တို့ ဘက်ကို ပဲ မတိုးချဲ့ရ ဆိုတာကတော့ မရဘူးလေ။ ပြောကြတဲ့အထဲမှာ တပ်အင်အားမတိုးချဲ့ရေး ဆိုတာကတော့ အဓမ္မ မတိုးချဲ့ဘူး ဆိုတာ ကို အန်ကယ်တို့ဘက်က ပြောထားတယ်။ စစ်ထဲကို ဆန္ဒအလျောက်လာရင်တော့ လက်ခံမယ်၊ ဒါကိုတော့ပြောထားတာ ဆုံးဖြတ်ချက် မကျလိုက်ဘူး။ အဓမ္မနည်းကိုမလုပ်ဘူးလို့ ပြောထားတယ်။ ဒါကိုအထက်ကို တင်မယ်ပြောတယ်။ အဖြေမရသေးဘူး။ ညှိတာမှာတော့ အမြင်ပြောရရင် ခက်ခဲမလားဆိုတာတော့ ခက်မယ်ထင်တယ်။
မေး။ ။ တပ်ပိုင်းဆိုင်ရာ ပြောဆိုမှုတွေမှာဆို နေရာချရေး၊ နယ်မြေခွဲဝေရေး၊ တပ်ပိုင်းဆိုင်ရာ ကျင့်ဝတ်၊ စောင့်ကြည့် လေ့လာ ရေး အဖွဲ့ဖွဲ့ရေးက လုံးဝအဖြေမထွက်သေးတာလို့ ပြောနိုင်တာပေါ့။
ဖြေ။ ။ ဟုတ်ပါတယ်။ အခြေခံသဘောတူတာပဲ ရသေးတယ်။ ဘာမှ မကျသေးဘူး။ ညှိရမှာပေါ့။
မေး။ ။ ညှိုနှိုင်းမှုတွေနဲ့ ပတ်သက်ပြီး ပြောရရင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်မှာ ညှိနှိုင်းရတာ ဘယ်အပိုင်းက တိုင်းရင်းသားတွေ အတွက် အခက်ခဲဆုံးဖြစ်မလဲ။ ပြောပြပေးနိုင်မလား။
ဖြေ။ ။ ညှိနှိုင်းရတာတော့ တပ်ပိုင်းဆိုင်ရာဘက်က ညှိရတာ အခက်ခဲဆုံးပါပဲ။ တပ်ပိုင်းက အတွေးအခေါ်က ဟိုးအရင် အတွေးအခေါ် ဟောင်းတွေပေါ်မှာ ရပ်တည်နေတုန်းပဲ။ ဒီလာတဲ့လူတွေအကုန်ကလည်း သူတို့စိတ်ထက် ကာချုပ်အမိန့်နဲ့ လာရတာများ တယ်။ သူတို့မှာအမိန့်ဆိုတာ ရှိတော့ ညှိတဲ့နေရာမှာ နည်းနည်းခက်တာပေါ့။ ဖက်ဒရယ်ဆိုတာက သမ္မတ၊ လွှတ်တော် ဘက်က လက်ခံနေပေမယ့် သူတို့ဘက်က ခက်ခဲနေတုန်းပဲ။ ဒါက တော်တော်လေး ခက်နေသေးတယ်။
မေး။ ။ အပစ်အခတ် ရပ်စဲရေးမှာက တပ်နဲ့ညှိရမှာ များတယ်။ နောက် နယ်မြေသတ်မှတ်ရေးကျတော့ တခါတည်း လုပ်မှာလား။ အပစ်ရပ် ပြီးမှ လုပ်မလား။
ဖြေ။ ။ ဒီအပိုင်းကတော့ စာချုပ်ချုပ်ပြီး နယ်မြေသတ်မှတ်ရေးက သက်ဆိုင်ရာနယ်မြေမှာ ဆင်းပြီးလုပ်ရမှာ ရှိတယ်။ ဒီအပိုင်းကို လည်း အခုထိတော့ အသေးစိတ်မပြောရသေးဘူး။ ဒါကတဖွဲ့နဲ့တဖွဲ့ သီးခြားစီ ပြောရမှာတွေရှိပါတယ်။ နယ်မြေခွဲဝေရေး ကတော့ ညှိနှိုင်းတာတွေ ရှိမယ်။ စက်တင်ဘာ ကျရင်တော့ အခြေအတင်ပြောရမယ် ထင်တယ်။
မေး။ ။ တချို့ကကျတော့ တိုင်းရင်းသားအဖွဲ့တွေမှာ တပ်မရှိတော့တာ ရှိတယ်။ နောက် နည်းတာရှိတယ်။ အပစ်အခတ် မရှိပေမယ့် ကိုယ်ပိုင်တပ်တွေ ရှိတယ်။ နောက် တခုကျတော့ တပ်ရှိတယ်၊ နယ်မြေသတ်မှတ်ဖို့ ခက်တာရှိတယ်။ ဒီအပေါ်မှာ တပ်မတော် ဘက် က သဘောထားက ဘယ်လိုရှိလဲ။
ဖြေ။ ။ ဒါကကျတော့ နေရာမကျသေးဘူး။ တပ်အင်အား နည်းတာကို အပစ်အခတ်ရပ်စဲရေးမှာ စာရင်းမသွင်းချင်ဘူး။ အန်ကယ်တို့က ဒါကို အသိမှတ်မပြုရင် သူတို့ကို ရန်သူလို သဘောထားမလား။ ဒါဆို တနိုင်ငံလုံး အပစ်ရပ်ဖို့ မပြောနိုင်ဘူး။ ဘယ်သူတွေ ပါမလဲ၊ ဒါ ကိုဘယ်လိုလုပ်မလဲ ဆိုတာ ညှိနေဆဲပါ။ အဖြေ မထွက်သေးပါဘူး။
မေး။ ။ ဒါဆိုအခုချိန်မှာ တပ်ပိုင်းဆိုင်ရာက အခုချိန်အထိ ဘာမှ အဖြေမရတာက ဘာကြောင့်များလဲ။ ဒီမှာဘာမှ ထပ်ပြီးမဆွေးနွေးဖြစ် တာ ဘာကြောင့်လဲ။
ဖြေ။ ။ ဒါကအချိန်မရတာလည်း ပါတယ်။ အသေးစိတ် လုပ်ဆောင်ရမှာတွေ ရှိတာကိုး။ အဓိက ကတော့ ဒီမှာက ယေဘုယျဘာတွေ လုပ်မလဲ ဆိုတာလောက်ပဲ ဆွေးနွေးဖြစ်တာပေါ့။
မေး။ ။ ကြားကာလအစီစဉ်မှာ အကျိုးစီးပွားခွဲဝေတာ ပါတယ်။ ဒါက တိုင်းရင်းသားတွေဘက်က ဖြတ် ၃ ဖြတ်ဆိုတာ ခံစားဖူး တော့ ရပ်တည်ဖို့ လုပ်ဆောင်ရမယ် ပြောတယ်။ အစိုးရပိုင်းကျတော့ သူတို့က သူတို့အာဏာ၊ သူတို့ပိုင်ဆိုင်မှုလို့ သတ်မှတ်ရင် ဒါက အာဏာ ခွဲဝေရေးလို့ မြင်လာနိုင်တော့ ဒီအပေါ်မှာ အခက်အခဲကြုံနေတာများ ရှိမလား။
ဖြေ။ ။ မှန်ပါတယ်။ ဒါက တကယ်တော့ အာဏာခွဲဝေတာ မဟုတ်ဘူး။ သူတို့ကို နားလည်အောင် ရှင်းပြရတယ်။ ဒါကလည်း အခု ထိတော့ အဖြေမထွက်သေးဘူး။ ဒါက ပထမအခေါက်က အန်ကယ်တို့ ရှင်းပြတာမှာ လိုတာတွေရှိတယ်။ အခုတော့ သေချာ ရှင်းပြ လိုက်တယ်။ သူတို့ဘက်က အထက်ကို တင်ပြမယ် ပြောတယ်။ နှစ်ဦးစလုံး စဉ်းစားရမယ်။ အလုပ်ဖြစ်ဖို့ဆို မျှမျှတတ စဉ်းစားဖို့လို တယ်။ အန်ကယ်တို့ ရပ်တည်မှုမရှိလို့ မရဘူး။ ဒီလိုမျိုး အချက်မပါလို့ အဖွဲ့တွေ ပျောက်တာတွေ ရှိခဲ့ဖူးတယ်။
မေး။ ။ ကြားကာလ အစီစဉ်ပေါ် အစိုးရဘက်က တိုင်းရင်းသားတွေဘက်ကို ဘယ်လိုဆွေးနွေးတာ ရှိသလဲ။
ဖြေ။ ။ သူတို့ဘက်က အပြတ်မပြောဘူး။ ဒါကိုအသိမှတ်ပြုရင် သဘောကတော့ နယ်မြေခွဲသလို ခံစားနေရတယ်။ အစိုးရဘက်ကို နားလည်အောင် ရှင်းပြနေရဆဲပါပဲ။ ကြားကာလဆိုတာက အန်ကယ်တို့ဘက်က ပိုနေမြဲကျားနေမြဲ ကိစ္စပါ ဆိုတာ သေချာပြော ထား တယ်။ အစိုးရဘက်က ကြားကာလ ပြဿနာ မရှိဘူး။ အန်ကယ်တို့ဘက်က စားရေးသောက်ရေးကို ဒီလိုပဲ ဆက်နေဖို့မြင်ပေးဖို့ ပြောတာ လက်မခံသေးဘူး။ အန်ကယ်တို့က အာဏာခွဲတာ မဟုတ်တာကို သေချာရှင်းပြထားတယ်၊ ဒါက ဆွေးနွေးရဦးမယ်။ အဖြေ မရသေးဘူး။
မေး။ ။ ဒီကြားကာလ အစီအစဉ်မှာ လူမှုအကျိုးစီးပွား ဆိုတာကို ဘယ်လို ဆွေးနွေးထားသလဲဆိုတာ အသေးစိတ်ပြောပြနိုင်မလား။
ဖြေ။ ။ အဓိကက အစိုးရဘက်က ရပ်တည်နိုင်တယ်။ အန်ကယ်တို့ဘက်မှာက စားဖို့နေဖို့ အခုလက်ရှိကနေ ပျောက်မသွားဖို့ပါ။ ပြော ရရင် အာဏာခွဲဝေမှု၊ ပိုင်ဆိုင်တာ ခွဲဝေဖို့တောင်းတာ မဟုတ်ဘူး။ အစိုးရဘက်က နားလည်ဖို့ လိုတယ်။ ဒါကို အာဏာခွဲတာလို့ မြင် နေတယ်ဆိုရင်တော့ အဆင်မပြေဘူး။ ဒီအပိုင်းက နားလည်ဖို့ ခက်နိုင်တာကို အန်ကယ်တို့ သေချာရှင်းပြထားတယ်။
မေး။ ။ အစိုးရဘက်က အပစ်အခတ်ရပ်စဲရေးမှာ သူတို့သဘောထားကို ဘယ်လိုချမှတ်ထားတယ်လို့ တင်ပြတာရှိသလဲ။
ဖြေ။ ။ သူတို့ဘက်က တင်ပြတာထက် ကိုယ့်ဘက်က ရှိတာကို သူတို့ဘက်က ဆွေးနွေးတာများပါတယ်။ သူတို့မူကတော့ ဖက်ဒရယ် ဆိုတာကို ဥပဒေနဲ့အညီ ဆိုပြီး တင်ထားတယ်။ ဒါကိုတော့ အန်ကယ်တို့ဘက်က ဆက်ဆွေးနွေးရဦးမယ်။
မေး။ ။ အခုလက်ရှိလုပ်နေတဲ့ ငြိမ်းချမ်းရေး လက်မှတ်က တကယ်ပဲ ထိုးနိုင်မလားဆိုတာ တိတိကျကျ ပြောနိုင်ပြီလား။
ဖြေ။ ။ အပစ်အခတ် လက်မှတ်ထိုးတာက ဒီနှစ်ထဲထိုးနိုင်မှာပါ။ အခိုင်မာဆုံးဖြစ်ဖို့ အန်ကယ်တို့လည်း လုပ်ဆောင်နေပါတယ်။ ခိုင်မာဖို့ အသိသက်သေတွေနဲ့ ဘယ်သူတွေ ပါဝင်လက်မှတ်ထိုးဖို့ဆိုတာ အခုချိန်အထိတော့ အဖြေ မထွက်သေးပါဘူး။ ဒါပေမယ့် ဒီနှစ်ထဲတော့ လက်မှတ်ထိုးဖြစ်မှာပါ။ ။