ကလေးတွေကို ဘယ်အရွယ်လောက်မှာ စာ စဖတ်ပြရမလဲ၊ ပုံပြင်လေးတွေကို စပြောပြရမလဲ ဆိုတာကို ကလေးမိခင် တော်တော် များများ သိချင်ကြပါတယ်။ ကလေးသုတေသီတွေ၊ ပညာရှင်တွေရဲ့ အဆိုအရ ကလေးကို စာဖတ်ပြဖို့ အတွက် ကလေးကတော့ဖြင့် ငယ်သေးတယ်၊ နားမလည်နိုင်သေးပါဘူး ဆိုတဲ့ အရွယ် ဆိုတာ မရှိပါဘူးတဲ့။ အမေရဲ့ ဗိုက်ထဲမှာ နေနေတဲ့ သန္ဓေသားဘဝမှာ ကတည်းက ကလေးကို စာဖတ်ပြသင့် တယ် လို့ ပညာရှင်များက ဆိုပါတယ်။
ဒီလိုမျိုး ကလေးကို စာဖတ်ပြခြင်း အားဖြင့် ကလေးတို့ရဲ့ နားထောင်မှုစွမ်းရည် (Listening Skills) တိုးတက် လာမှာ ဖြစ်သလို၊ စကားမြန်မြန် တတ်ပြီးတော့ စကားလည်း ကြွယ်လာမယ် လို့ ဆိုပါ တယ်။ ဗိုက်ထဲက မမွေးသေးတဲ့ ကလေးနဲ့ မွေးစပေါက် နီတာရဲလေးတွေကို စာဖတ်ပြရမယ် ဆိုတော့ တော်တော်လေးကို ကြောင်တောင်တောင် နိုင်တဲ့ အလုပ်ပဲလို့ ထင်စရာ ရှိပါတယ်။ ဒါပေမယ့် ဒါဟာ ကလေးတို့ စာဖတ်ဝါသနာ ပါစေဖို့ အတွက် အစောဆုံးချပေးလိုက်တဲ့ မျိုးစေ့တစေ့ပါပဲ။
သုံးလေးလသားလောက် ရောက်ပြီ ဆိုတာနဲ့ ဖွံ့ဖြိုးပြီး နိုင်ငံများမှာတော့ စာအုပ်တွေဟာ ကလေးတို့ အတွက် အင်မတန်မှ စိတ်ဝင်စားစရာ ကောင်းတဲ့ ကစားစရာ ပစ္စည်း တမျိုး ဖြစ်လာပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ ဆီက စာအုပ်တွေက ဖိကြည့်၊ နှိပ်ကြည့်ရင် အသံထွက်တဲ့၊ အရောင်တွေ အလင်းတွေ ထွက်တဲ့ စာအုပ် မျိုးတွေ၊ လက်ထိုးရုပ်လိုမျိုး ကစား လို့လည်းရ စာဖတ်လို့လည်း ရတဲ့ စာအုပ်မျိုးတွေမို့ပါ။ ကတ်ထူစာရွက် အထူကြီးတွေနဲ့မို့လို့ ကလေးတို့ စာရွက်တွေကို ဖြဲပြီးတော့ ပါးစပ်ထဲ ထည့်မှာကို လည်း မပူရပါဘူး။ အစစ အရာအရာ နောက်ကျနေတဲ့ ကျမတို့ တိုင်းပြည်မှာတော့ ဒီလို ကလေးအငယ် လေးတွေအတွက် ဖတ်စရာ၊ ဆော့စရာ စာအုပ်ရယ်လို့ တူတူတန်တန် မရှိသေးပါဘူး။
စာဖတ်ဝါသနာဆိုတာဟာ ငယ်ငယ်လေးက တည်းက ကလေးတို့ကို လေ့ကျင့်ပေးရမယ့် အလေ့ကျင့်ကောင်း တခုပါ။ ကျမတို့ ငယ်ငယ်တုန်းကလည်း စာမဖတ်တတ်ခင်မှာ ဖွံ့ဖြိုးပြီး နိုင်ငံက ကလေးတွေလိုမျိုး စာအုပ် တွေကို ချစ်တတ်အောင်၊ စာအုပ်တွေနဲ့ ရင်နှီးကျွမ်းဝင်လာအောင်လို့ ဆော့ ကစားစရာ အရောင်တွေ၊ အရုပ် တွေပါတဲ့ စာအုပ် မျိုးတွေ မရှိခဲ့ကြပါဘူး။
ဒါပေမယ့် ကျမတို့ရဲ့ စူးစမ်း လိုစိတ်လေးတွေကို အညွှန့်သန်လာစေ ဖို့နဲ့ ရသဆိုတာရဲ့ အရသာကို မြည်းစမ်း ရင်းနဲ့ စွဲလမ်းသွားစေဖို့ အတွက် အိပ်ရာဝင် ပုံပြင်လေးတွေက ကျမတို့ကို ဆွဲယူခေါ်ငင် ခဲ့ပါတယ်။ ကြက် သားအမိ ပုံပြင်၊ ရွှေ ယုန်ရွှေကျား၊ ပိုနေမြဲ ကျားနေမြဲ စတဲ့ ပုံပြင်လေးတွေ၊ မနှင်းဖြူလေးနဲ့ လူပုလေးတွေရဲ့ ပုံပြင်လေးတွေဟာ ကျမတို့ရဲ့ စာဖတ်ဝါသနာ အတွက် မျိုးစေ့တွေ ပါပဲ။
မြွေမင်းသားပုံပြင်တွေ၊ ဇာတ်တော်တွေထဲက ပဋာစာရီ၊ မဟော်သဓာ စီရင်ခန်းစတဲ့ ပုံပြင်ဇာတ်လမ်း တွေကို နားထောင်ရင်းနဲ့ ကျမတို့ အိပ်ရာဝင်ခဲ့ကြတယ်။ ရယ်စရာ ပုံပြင်တွေ၊ စိတ်လှုပ်ရှားစရာ ပုံပြင်တွေ၊ ဘုရား ဇာတ် နိပါတ်တော်တွေ ထဲက ပုံတွေ၊ ဒါတွေကို စာမဖတ်တတ်ခင် ကတည်းက အဘွားတို့ အမေတို့ ပြောပြတဲ့ အိပ်ရာဝင် ပုံပြင်တွေထဲက တဆင့် ကျမတို့ သိနေခဲ့ကြပါပြီ။ ပုံပြင်တွေက တဆင့် ကျမ တို့ဟာ စိတ်နှလုံး လိမ္မာယဉ်ကျေး ခဲ့ကြတယ်၊ စိတ်ထား နူးညံ့ပျော့ပျောင်း လာခဲ့ကြရတယ်။
တကယ်တော့ အိပ်ရာဝင် ပုံပြင်ပြောပြခြင်းဟာ ကလေးတို့ အတွက် အင်မတန်မှ အကျိုးရှိစေပါတယ်။ အိပ်ရာဝင် ခါနီးတိုင်းမှာ စာဖတ်ပြခြင်း၊ ပုံပြင်ပြောပြခြင်းဟာ ကလေးတို့ကို အချိန်မှန်မှန် သိပ်ဖို့၊ တနည်း ပြောရရင် ကလေးတို့ အိပ်ရာထဲကို ဝင်ဖို့ အတွက် အကောင်းဆုံး ဆွဲဆောင်နိုင်တဲ့ နည်းတနည်းပါပဲ။ မအိပ်ခင်မှာ ကလေးနဲ့ အမေ (သို့မဟုတ်) အဖေတို့ အတူတူ ပုံပြင်လေးတွေ ပြောကြ၊ စာအုပ်လေးတွေ ဖတ်ကြရတဲ့ အတွက် ကလေးနဲ့ မိဘကြားမှာ တဦးနဲ့ တဦး ချစ်ခင်ရင်းနှီးမှု ပိုလာစေပါတယ်။
တနေ့လုံး ကလေးနဲ့ ခွဲနေရပေမယ့် အိပ်ရာဝင်ချိန်လေးမှာ ကလေးတို့ကို ပုံလေးတွေ ပြောပြတာ၊ ကလေးတို့ သိချင်တဲ့ မေးခွန်းလေးတွေကို ပုံပြင်ပြောရင်းနဲ့ ဖြေကြားပေးတာတွေ လုပ်လိုက်ရတာဟာ ဆယ် မိနစ်၊ ဆယ့်ငါး မိနစ် လောက်သာကြာပေမယ့် ကလေး တို့အတွက်ကတော့ တဘဝလုံး သတိရနေစေမယ့် အမှတ်ရစရာလေး တွေပါပဲ။ ပုံပြင်တွေ၊ ဇာတ်လမ်းတွေထဲက ဇာတ်ကောင်လေးတွေကို အားကျရင်း၊ အတုယူရင်းနဲ့ပဲ ကလေးတို့ဟာ လူ့လောကမှာ ကလေးတို့ လိုက်နာရမယ့်၊ စိတ်ယဉ်ကျေးမှု၊ ကိုယ်ယဉ်ကျေးမှု လေးတွေကို ပုံပြင်လေးတွေထဲက တဆင့် သူတို့ဘာသာ သူတို့ သင်ယူသွားကြ ပါလိမ့်မယ်။
ပုံပြင်လေးတွေဟာ ကလေးတွေရဲ့ စိတ်ကူး စိတ်သန်းကို ပိုပြီးတော့ အားကောင်း လာအောင်လို့ လုပ်ပေးနိုင် သလို၊ တီထွင်ဖန်တီးမှု စွမ်းရည်ကိုလည်း တိုးတက်လာအောင်လို့ လုပ်ပေးနိုင်ပါတယ်။ အထူးသဖြင့် ကျောင်း နေတဲ့ အရွယ်မှာ အင်မတန် အရေးကြီးတဲ့ စွမ်းရည်ကြီး တခုဖြစ်တဲ့ အာရုံ စူးစိုက်နိုင်စွမ်းကို ပုံပြင်လေးတွေ နားထောင်ခြင်းက ရရှိစေပါတယ်။ ပုံပြင်လေးတွေ နားထောင်ရတာကို မကြိုက်တဲ့ ကလေးဆိုတာ မရှိပါဘူး။
ဒီဘက်ခေတ်မှာတော့ မိခင်ရော ဖခင်ပါ အလုပ် လုပ်ကြရပြီး အိမ်ပြန်ရောက်ပြီ ဆိုရင်လည်း မိုးချုပ် ပင်ပန်း နေကြပြီမို့ ကလေးတွေကို ပုံပြင်နဲ့ ချော့သိပ်ဖို့ မလုပ်နိုင်ကြတော့ပါဘူး။ အိမ်မှာ ကျန်ရစ်ခဲ့တဲ့ အဘွား၊ အဒေါ် စသူတို့ကလည်း တီဗီ ဇာတ်လမ်းတွဲတွေထဲမှာ မျောပါနေကြတာမို့ ဟိုးအရင် ကျမတို့ ငယ်ငယ်တုန်းက လိုမျိုး ကလေးတွေကို ပုံပြောပြဖို့ အချိန်တွေ နည်းလာကြပါတယ်။ နည်းပညာ တိုးတက်လာတဲ့ ခေတ် ဖြစ်လာတာမို့ ကလေးတို့ နှစ်နှစ် သုံးနှစ် လောက်ရောက်ပြီ ဆိုရင် အိုင်ပက်ဒ်၊ တက်ဘလက်နဲ့ ဖုန်းတို့မှာပါတဲ့ ဂိမ်းတွေကို ကလေးတွေ ကစားတတ် လာကြပါပြီ။
ကလေးတို့ဟာ ပုံပြင်တွေထဲက ယုန်ကလေးတွေ၊ စိတ်ကောင်းရှိတဲ့ မင်းသမီးလေးတွေ၊ စိတ် ယုတ်မာရှိတဲ့ စုန်းမကြီးတွေ စတဲ့ ဇာတ်ကောင်တွေ အစား သေနတ်ပစ်လိုက်၊ ဗုံးခွဲလိုက်လို့ အကောင် လေးတွေ သေသွားတဲ့ ဂိမ်းတွေကို သဘောကျတတ် လာပါပြီ။
ပုံပြင်လေးတွေမှာ ပါတဲ့ စိတ်ကောင်းရှိတာ၊ စိတ်ယုတ်မာရှိတာ၊ ဝမ်းသာ စရာကောင်းတာ၊ ဝမ်း နည်းစရာ ကောင်းတာ၊ ဒေါသထွက်တာ၊ ကြောက်တာ စတဲ့ ရသခံစားချက်တွေဟာ ကလေးတို့ကို ကိုယ့်ရဲ့ စိတ်ခံစားချက် နဲ့ တဖက်လူရဲ့ စိတ်ခံစားချက်တွေကို နားလည်တတ်စေဖို့ အတွက် ပုံပြင်များက တဆင့် သင်ပေးနိုင်ပါတယ်။ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်နဲ့ တဖက်လူရဲ့စိတ်ခံစားချက်ကို နားလည်သူများဟာ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း (Self-control) ရှိလာကြပါတယ်။ ဒါဟာ ကလေးတို့ကို စိတ်ဉာဏ်ရည် မြင့်တက်လာ အောင်လို့ လုပ်ပေးခြင်းပါပဲ။
ဒါကြောင့် မို့လို့ တိုးတက်တဲ့ နိုင်ငံများမှာတော့ ကလေးတို့ အတွက် ပုံပြင်လေးတွေ၊ ကလေးဖတ်ဖို့ စာအုပ်လေး တွေကို အမြောက်အမြား ရေးသားကြ ထုတ်ဝေပေးကြသလို၊ မိဘများကလည်း ကလေးများကို အချိန်ပေးပြီး တော့ ပုံပြောတာမျိုး၊ စာအုပ်ဖတ်ပြ တာမျိုး လုပ်ပေးတတ်ကြပါတယ်။ ကျမတို့ဆီမှာကတော့ ကလေးတွေ ဖတ်ဖို့ ပုံပြင် စာအုပ်လေးတွေ အများကြီး ရှိလှသေးတာ မဟုတ်ပါဘူး။ ဒါပေမယ့် ရှိတဲ့ ပုံပြင်လေးတွေနဲ့ပဲ အိပ်ရာဝင် ပုံပြင်လေးတွေ အဖြစ် ကလေးတို့ကို ပြောပြလို့ ရပါသေးတယ်။
ပုံပြင်တွေဟာ တကယ်တော့ ကလေးတွေ အတွက် ကျောင်းသင်ခန်းစာလိုပဲ အင်မတန်မှ အရေးကြီးတဲ့ အရာ ပါ။ ကလေးဘဝ ကာလမှာ ကလေးတို့ဟာ ပုံပြင်လေးတွေကို နားထောင်ဖို့၊ ပုံပြင်လေးတွေနဲ့ ကြီးပြင်းဖို့ လိုပါ တယ်။ ပုံပြင်လေးတွေဟာ ကလေး တို့ကို တီထွင်ဖန်တီးမှု အားကောင်းတဲ့၊ စိတ်ကူး စိတ်သန်း အားကောင်း တဲ့၊ ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်စွမ်းရှိတဲ့ လူကြီးလူကောင်း စိတ်တွေနဲ့ ကြီး ပြင်းလာစေဖို့ လုပ်ပေးနိုင်စွမ်း ရှိပါ တယ်။ ဒါကြောင့်မို့လို့ မိဘများအနေနဲ့ ကိုယ့်ရဲ့ အားလပ်ချိန်လေး တွေထဲကနေ ကလေးတွေကို ပုံပြောဖို့ တနေ့ ကို ၁၀ မိနစ်လောက် အချိန်လေး ဖဲ့ပေးပြီးတော့ ကလေးတို့ကို ပုံပြင်လေးတွေ ပြောပြပေးကြပါလို့။ ။