အီဘိုလာ ဗိုင်းရပ်စ် ရောဂါပိုး သံသယရှိသော မြန်မာသဘောၤသား ကိုဇင်မင်းဦးကို လတ်တလော ပြည်တွင်း ဓာတ်ခွဲစမ်းသပ်မှု အရ ငှက်ဖျား ရောဂါပိုးကိုသာ တွေ့ရကြောင်း အစိုးရ ကျန်းမာရေး ဝန်ကြီးဌာနက သြဂုတ်လ ၂၀ ရက် ညနေတွင် ထုတ်ပြန်လိုက်သည်။
၎င်းသည် ဂီနီနှင့် လိုက်ဘေးရီးယား နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်အလာ သြဂုတ်လ ၁၉ ရက် ညပိုင်းတွင် ရန်ကုန်လေဆိပ်၌ အီဘိုလာ ဗိုင်းရပ်စ် စစ်ဆေးရာ သံသယ ရှိသောကြောင့် မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီ ဆေးရုံတွင် စောင့်ကြပ်ကုသမှု ခံယူနေရသူဖြစ် သည်။
ကိုဇင်မင်းဦးတွင် ငှက်ဖျားရောဂါပိုး ၂ မျိုးဖြစ်သည့် ပလတ်စမို ဒီယမ်ဖယ် စီပရမ်နှင့် မလပ်စမို ဒီရမ်ဗိုင်းဘတ် ရောဂါပိုး ၂ မျိုးကို ကူး စက်ခံ နေရကြောင်း၊ ၎င်းနှင့်အတူ ကုသမှုခံယူနေရသူ သဘောၤသား ၄ ဦးလုံး၏ ပြည်တွင်း ဓာတ်ခွဲစစ်ဆေးချက်အရ မည်သည့် ရောဂါ ပိုးမျှ မတွေ့ရှိရသေးကြောင်း သိရသည်။
သို့ရာတွင် ၎င်းတို့အားလုံး၏ ဓာတ်ခွဲနမူနာများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ညှိနှိုင်းပြီး အိန္ဒိယနိုင်ငံ ပူနေးမြို့ရှိ ဗိုင်းရပ်စ်ဗေဒ ဓာတ် ခွဲခန်းသို့ ပေးပို့ရန် စီစဉ်ပြီး ရောဂါစောင့်ကြည့်မှု လုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
ထိုဓာတ်ခွဲ နမူနာများတွင် ကူးစက်မြန် အီဘိုလာ ဗိုင်းရပ်စ် ရှိ၊ မရှိ အဖြေကိုရရှိရန် ရက်သတ္တပတ် ၁ ပတ် ကြာမြင့်မည် ဖြစ်ကြောင်း၊ ငှက်ဖျား ရောဂါခံ စားနေရသူကို ငှက်ဖျားဆိုင်ရာ ကုသမှုပေးနေခြင်းကြောင့် သြဂုတ် ၂၁ ရက်တွင် ကျန်းမာရေး အခြေအနေ တိုးတက်မှု ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
အသက် ၂၂ နှစ်အရွယ် သဘောၤသား ကိုဇင်မင်းဦးသည် သြဂုတ်လ ၁၉ ရက် ည ၈ နာရီအချိန်တွင် MAI လေကြောင်း လိုင်းဖြင့် ထိုင်းနိုင်ငံမှ တဆင့် လိုက်ပါရာတွင် လေယာဉ်ပေါ်တွင် ကိုယ်အပူချိန် မြင့်တက်ခြင်း၊ ကိုယ်လက် နုံးချည့်ခြင်း စသည်များ ခံစားနေ ရသည့်အတွက် ဝေဘာဂီဆေးရုံသို့ ပို့ဆောင်၍ စောင့်ကြည့်ကုသပေးခဲ့ခြင်း ဖြစ်သည်။
၎င်း၏ ခရီးသွား ရာဇဝင်ကလည်း ကူးစက်မြန် အီဘိုလာ ရောဂါ ဖြစ်ပွားသည့် အာဖရိက အနောက်ပိုင်းဒေသ ဂီနီနိုင်ငံနှင့် လိုက်ဘေးရီးယား နိုင်ငံများရှိ တရုတ် သဘောၤလိုင်းတွင် ၁၃ လကြာ အလုပ်လုပ်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လာသူဖြစ်သည်။
ထို့အတွက် ကိုဇင်မင်းဦးနှင့်အတူ ခရီးသွားလာသူ မြန်မာသဘောၤသား ၄ ဦးကိုလည်း အီဘိုလာရောဂါ စောင့်ကြည့်ခြင်းနှင့် ဓာတ်ခွဲ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
၎င်းတို့သည် ဂီနီနိုင်ငံတွင် လေယာဉ်စီးရန် ၆ နာရီကျော်စောင့်ခဲ့ရကြောင်း၊ လေယာဉ်စီးသည့်အခါတွင် ကိုယ်လက် မအီမသာ ဖြစ်ပြီး ရန်ကုန်အရောက်တွင် ကိုယ်အပူရှိန် မြင့်တက်နေသောကြောင့် သံသယလူနာအဖြစ် လူထုအတွင်း မပျံ့နှံ့ စေရေးအတွက် ထိန်း သိမ်း ကုသမှုပေးနေကြောင်း သြဂုတ်လ ၂၀ ရက်နေ့က ဝေဘာဂီဆေးရုံအုပ်ကြီး ဒေါက်တာ သန်းသန်းဌေးက ပြောသည်။
အီဘိုလာ ဗိုင်းရပ်စ်ပိုးသည် နှစ်ပေါင်း ၄၀ အတွင်း အဆိုးဝါးဆုံးသော ရောဂါကူးစက် သေဆုံးမှုဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ထုတ်ပြန်ထားသည်။
ဗိုင်းရပ်စ် ကူးစက်ခံရပြီး ၂၁ ရက်အတွင်း အပြင်းဖျားခြင်း၊ မလှုပ်ရှားနိုင်အောင် အင်အား ကုန်ဆုံးခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်းတို့ဖြစ်ကာ မကြာခဏ အော့အန်ပြီး ဝမ်းသွားသည့် ရောဂါလက္ခဏာများ ပြတတ်သည်။
ရောဂါပြင်းထန်လာလျှင် ကျောက်ကပ်၊ အသည်းတို့ကို ပျက်စီးစေပြီး မျက်လုံး၊ ပါးစပ်၊ နှာခေါင်း စသည်တို့မှ သွေးထွက်ခြင်း၊ အရေပြား ပေါက်ပြဲကာ သွေးထွက်ခြင်းများ ဖြစ်ကာ နောက်ဆုံး သေဆုံးစေသည်။
ဂီနီ၊ လိုက်ဘေးရီးယားနှင့် ဆယ်ရာလီယွန်နိုင်ငံတို့တွင် အီဘိုလာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူများ၏ ၆၀ ရာခိုင်နှုန်းသည် အမျိုးသမီး များဖြစ်ပြီး ၎င်းတို့သည် သေဆုံးသွားပြီဖြစ်ကြောင်း၊ အီဘိုလာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေမှာ ၁၃၀၀ ကျော် ရှိပြီဖြစ်ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြသည်။
အီဘိုလာဗိုင်းရပ်စ် ရောဂါပိုးရှိသည်ဟု သံသယရှိသူအနီးသို့ မသွားရန်၊ သွားမည်ဆိုလျှင်လည်း ထိုသူ၏သွေးနှင့် အညစ်အကြေးများကို မထိရန်၊ ကျန်းမာရေး ဝန်ကြီးဌာနမှ တားမြစ်ထားသော နေရာသို့ သွားမည်ဆိုလျှင်လည်း အဝတ်အစားများ လုံခြုံစွာဝတ်ရန်၊ လက်ဆေးရန်၊ တကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ရန်၊ တောရိုင်းတိရစ္ဆာန်များ၏ အသားကို ကျက်အောင် ချက်စားရန်၊ အထူးသဖြင့် ဝက်နှင့် မျောက်ကဲ့သို့ တိရစ္ဆာန်များကို သတိပြုရန် ကျန်းမာရေး ဝန်ကြီးဌာနက သတိပေးထားသည်။