အစိုးရ ဝန်ထမ်းတွေအကြား အဂတိ လိုက်စားမှုတွေ ရှိနေဆဲဖြစ်ပြီး လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးမှာ ဝန်းထမ်းတွေရဲ့ စိတ်ဓာတ်တွေက အစ ပြောင်းလဲပစ်ဖို့ လိုတယ်လို့ သမ္မတ ဦးသိန်းစိန်က ယမန်နေ့က ပြောဆိုလိုက် ပါတယ်။
သြဂုတ် ၂၀ ရက်က နေပြည်တော် သမ္မတ အိမ်တော် အစည်းအဝေးခန်းမမှာ ပြုလုပ်နေတဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ ၂၀၁၄-၂၀၁၅ ခုနှစ် ပထမ လေးလပတ် အစည်းအဝေး အဖွင့်အမှာစကား ပြောကြားရာမှာ သမ္မတ ဦးသိန်းစိန်က အခုလို ထည့်သွင်း ပြော ဆိုသွားတာ ဖြစ်တယ်လို့ သမ္မတရုံး အင်တာနက် စာမျက်နှာမှာ ဖော်ပြထား ပါတယ်။
“လာဘ်ပေး လာဘ်ယူမှုများနှင့် စပ်လျဉ်းပြီး ဝန်ထမ်းများ အတွင်း လာဘ်ပေး လာဘ်ယူမှုများ၊ အဂတိ လိုက်စားမှုများ ရှိနေဆဲဖြစ်ပြီး လာဘ်ပေး လာဘ်ယူမှုများ ပပျောက်စေရန် ဝန်ထမ်းများ၏ စိတ်ဓာတ်က အစ ပြောင်းလဲပစ်ရန် လိုအပ်ကြောင်း၊ ကျန်ရှိသည့် ကာလအတွင်း လာဘ်ပေး လာဘ်ယူမှု လျော့နည်း ပပျောက်ရေး လုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင်ပြီး ဆောင်ရွက်သွားကြရန် ပြောလိုကြောင်း”လို့ သမ္မတက ဆိုထားပါတယ်။
မြန်မာနိုင်ငံရဲ့ အဂတိ လိုက်စားမှုဟာ ဦးသိန်းစိန် အစိုးရ လက်ထက်မှာလည်း ကမ္ဘာ့ နိုင်ငံပေါင်း ၁၇၀ ကျော် အနက် အဂတိ လိုက် စားမှု အများဆုံး နိုင်ငံတွေထဲမှာ ထိပ်တန်း အဆင့်မှာပဲ ရှိနေဆဲဖြစ်တဲ့ အတွက် လက်ရှိအစိုးရက အဂတိ လိုက်စားမှုတွေကို ထိထိ ရောက်ရောက် ကိုင်တွယ် ဆောင်ရွက်မှုတွေ မလုပ်ဘူးဆိုပြီး ပြည်တွင်း ပြည်ပက လေ့လာ စောင့်ကြည့်သူတွေရဲ့ဝေဖန်ပြစ်တင်မှုတွေ ကိုလည်း ခံနေရပါတယ်။
ရပ်ကွက်ရုံးတွေကနေ ဝန်ကြီးဌာနရုံးကြီးတွေ အထိ ဌာနဆိုင်ရာ အများစုရဲ့ အဆင့်တိုင်းနီးပါးမှာ ခြစားမှုတွေ ရှိနေပြီး နိုင်ငံတကာ ရင်းနှီးမြှပ်နှံ လိုသူတွေ အနေနဲ့လည်း ဒီပြဿနာကို ရင်ဆိုင် နေရတယ်လို့ နိုင်ငံတကာ အဂတိ လိုက်စားမှု စောင့်ကြည့်ရေး အဖွဲ့တွေရဲ့ မှတ်တမ်း အစီရင်ခံစာတွေမှာ ဖော်ပြရေးသားထား ပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းတွေအတွက် အဓိက အဟန့်အတားတွေက ခြစားမှု၊ ကျွမ်းကျင်လုပ်သား ရှားပါးခြင်းနဲ့ နည်းပညာ ရှားပါးခြင်းတို့က ထိပ်ဆုံးမှာ ပါဝင်နေတယ်လို့ ၂၀၁၄ ခုနှစ် မြန်မာပြည်တွင်း စီးပွားရေးဆိုင်ရာ စစ်တမ်း အစီရင်ခံစာ ထုတ်ပြန်ချက် မှာ ထောက်ပြ ရေးသားထား ပါတယ်။
ဒီစစ်တမ်းကို မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် အပါအဝင် ကုလသမဂ္ဂ အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် (UNESCAP)၊ ပြင်သစ် အခြေစိုက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (OECD) တို့က ပူးပေါင်း ကောက်ယူ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ဒီစစ်တမ်းထဲမှာ စီးပွားရေး လုပ်ငန်းမျိုးစုံရဲ့လုပ်ငန်းလိုင်စင်နဲ့ ခွင့်ပြုမိန့် ရရှိရေး အတွက် တိတ်တဆိတ် လာဘ်ထိုးမှုတွေ ရှိနေကြောင်း၊ စစ်တမ်း ကောက်ယူမှုမှာ ပါဝင်တဲ့ဖြေဆိုသူ ထက်ဝက်ခန့်မှာ ပေးဖို့လိုအပ်တဲ့ ငွေကြေးထက် ကျပ် ၅ သိန်း ပိုမို ပေးဆောင် နေရပြီး တချို့မှာ ကျပ်သိန်း ၁၀၀ အထိ ပိုပြီး ပေးဆောင်နေခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ဒီအခြေအနေတွေဟာ သမ္မတ ဦးသိန်းစိန် စတင် တာဝန်ယူခဲ့စဉ်က အစိုးရကို “ကောင်းမွန်သော အုပ်ချုပ်မှု စနစ်နှင့် သန့်ရှင်းသော အစိုးရ”အဖြစ် ဆောင်ရွက်မယ်လို့ ကြေညာခဲ့ပြီးနောက် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အဖွဲ့အစည်းတွေ ဖွဲ့စည်းခဲ့ ပေမယ့် ဒီကနေ့အထိ အောင်မြင်မှု မရရှိသေးတာကို ညွှန်ပြနေပါတယ်။
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၇ ရက်က သမ္မတ အမိန့်နဲ့ ထုတ်ပြန်ခဲ့ပြီး ၂၀၁၄ ခုနှစ် ထဲမှာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဖွဲ့စည်းခဲ့ပါတယ်။
ဒီကော်မရှင် အဖွဲ့အတွက် သမ္မတနဲ့ လွှတ်တော်တို့က အဆို တင်သွင်းထားတဲ့သူ အများစုဟာ စစ်အရာရှိ အငြိမ်းစားတွေ၊ အစိုးရ ဝန်ထမ်းဟောင်းတွေနဲ့ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်တွေ ဖြစ်နေတာကြောင့် လွတ်လပ်စွာ စုံစမ်းဖော်ထုတ်ဖို့ အားနည်းမှုတွေ ရှိလိမ့်မယ်ဆိုပြီး ဝေဖန်သံတွေလည်း ထွက်ပေါ် ခဲ့ပါသေးတယ်။
၂၀၁၃ ခုနှစ်ဆန်းပိုင်းက အဂတိ လိုက်စားမှု ပပျောက်စေရေး အတွက် “လာဘ်ပေးလာဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီ” တရပ်ကို ဖွဲ့စည်း လုပ်ဆောင်ခဲ့ပေမယ့် အဲဒီအဖွ့ဲဟာ နာမည်သာရှိပြီး အလုပ်မဖြစ်ခဲ့တာကို တွေ့မြင်ရပါတယ်။
အဲဒီကော်မတီမှာ ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကို၊ သမ္မတရုံး ဝန်ကြီးတွေ ဖြစ်တဲ့ ဦးသိန်းညွန့်၊ ဦးစိုးမောင်၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ ထွန်းရှင်၊ သမ္မတ ဥပဒေအကြံ ပေး ဦးသန်းကျော်နဲ့ သမ္မတရုံး ညွှန်ချုပ် ဦးလှထွန်းတို့ ပါဝင်ပါတယ်။
နိုင်ငံတကာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့(Transperancy International) က ၂၀၁၃ ခုနှစ် က ထုတ်ပြန်လိုက်တဲ့ အစီရင် ခံစာအရ ကမ္ဘာတလွှားရှိ နိုင်ငံပေါင်း ၁၇၇ နိုင်ငံ အနက် မြန်မာနိုင်ငံဟာ အဂတိ လိုက်စားဆုံး အဆင့် ၂၀ မှာ ရပ်တည်ခဲ့ပါတယ်။ ဒါဟာ ၂၀၁၂ ခုနှစ်ကထက်စာရင် အဆင့်တော်တော်များများ လျော့ကျသွားတာလည်း ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ် Transperancy International ရဲ့ အစီရင်ခံစာမှာ မြန်မာက ထိပ်ဆုံးအဆင့် အဆင့် ၃ မှာ ရပ်တည်ခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်က နောက်ဆုံး ထုတ်ပြန်ခဲ့တဲ့ စီးပွားရေး လုပ်ကိုင်နိုင်တဲ့ အဆင့်အတန်း သတ်မှတ်ရာမှာလည်း အဂတိ လိုက်စားမှု ပြဿနာ တွေကြောင့် ကမ္ဘာတဝန်း နိုင်ငံပေါင်း ၁၈၉ နိုင်ငံမှာ မြန်မာနိုင်ငံကို ၁၈၂ အဆင့်မှာပဲ ထည့်သွင်း ဖော်ပြထားပါတယ်။