မြန်မာပြည်ရှိ ကားလမ်းများသည် ချိုင့်ခွက် ထူပြော၍ ကြမ်းတမ်းလှသည်။ အပျံစား နိုင်လွန်လမ်းမကြီးများ ဆောက်လုပ်ရန် ဆိုသည်မှာလည်း ဆင်းရဲနွမ်းပါးမှုက နက်ရှိုင်းစွာ အမြစ်တွယ်နေသေးသောကြောင့် အိပ်မက်သာ ဖြစ်နေသေးသည်။ သို့သော် အထက်တန်းစား ဈေးကြီးပေးရပြီး အနောက်နိုင်ငံများမှ ထုတ်သော ပြိုင်ကားများ လမ်းဆိုးလှသည့် နယ်စပ် လမ်းများမှတဆင့် မြန်မာပြည်သို့ သွင်းယူလာကာ ဟန်တကြွကြွ စီးနေကြပါပြီ။ လမ်းကောင်းဟူ၍ မရှိသည့် ထိုင်း-မြန်မာ နယ်စပ်ဒေသ မြဝတီမြို့သည် ဝင်းလက်တောက်ပသော အသစ်စက်စက် (Ferrari) ဖာရာရီ ပြိုင်ကားတစီးကို မြင်တွေ့နိုင်ဖို့ ခက်ခဲသော နေရာတခု ဖြစ်ပါသည်။ သို့သော်လည်း ပြီးခဲ့သည့် မေလနှောင်းပိုင်းက ထရပ်ကားတစီးပေါ်၌ တင်လာသည်ကို ကျနော် မြင်တွေ့ခဲ့ရသည်။
အမှန်တကယ်အားဖြင့် မြန်မာနှင့် ထိုင်းနိုင်ငံ ကြား နယ်စပ်ကုန်သွယ်ရေး၏ အဓိက အချက်အချာ နေရာဖြစ်သော မြဝတီမြို့တွင် မြင်တွေ့ရသမျှ အရာအားလုံးနီးပါးအတွက် အံ့အားသင့်စရာ မဟုတ်ပါ။ မြဝတီမြို့ကို တရားဝင်ရော တရားမဝင် ကုန်သွယ်မှု ပေါ်တွင်ပါ တည်ဆောက်ထားခြင်း ဖြစ်သည်။ ဆယ်စုနှစ်ပေါင်းများစွာအတွင်း ဟင်းသီးဟင်းရွက်နှင့် လူသုံးကုန် ပစ္စည်းများမှသည် အဆင့်မြင့် အီလက်ထရောနစ် ပစ္စည်းများနှင့် တပတ်ရစ်ကားများအထိ နယ်စပ်ကိုဖြတ်ကျော်ပြီး မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်နေခဲ့သည်။ ချစ်ကြည်ရေးတံတားကိုဖြတ်၍ တရားဝင်တချို့ ရောက်လာသည်။ သို့သော် များသောအားဖြင့် တရားဝင် ကြေညာခြင်း မရှိဘဲ အမျိုးမျိုးသော လက်နက်ကိုင် တပ်ဖွဲ့များက ထိန်းချုပ်ထားသည့် ၂၀ ခန့်ရှိသော စစ်ဆေးရေး ဂိတ်များမှတဆင့် ဖြစ်သည်။ နေ့စဉ် မြန်မာနိုင်ငံအတွင်းသို့ အနည်းဆုံး အမေရိကန်ဒေါ်လာ ၃ သန်းခန့် တန်ဖိုးရှိသော ကုန်စည်များ ဝင်ရောက်နေသည်ဟု ဒေသခံ ကုန်သည်များက ပြောကြသည်။
ကားတင်သွင်းမှုကို ကျွမ်းကျင်သော ကုန်သည်ကြီးများ၏အဆိုအရ တန်ဖိုးကြီး ဇိမ်ခံကားများ နယ်စပ်မှ ဖြတ်သွင်းလာခြင်းမှာ ယမန်နှစ်ကမှ စတင်လာ ခြင်းဖြစ်သည်။ ယင်းမတိုင်မီ မြန်မာတနိုင်ငံလုံးတွင် ပြိုင်ကားစီးနိုင်သူဟူ၍ ဦးတေဇသာရှိသည်။ ယခုတော့ မြန်မာနိုင်ငံတွင် အနည်းဆုံး ဖာရာရီ (Ferrari) ကား ၁၀ စီး၊ လမ်ဘော်ဂီနီ (Lamborghini) ၁၀ စီး နှင့် ရိုးစ်ရွိုက်စ် (Rolla-Royce) ကား ၄၀ ခန့်ရှိ သည်ဟု ကားကုန်သည်များက ပြောပြသည်။ အားလုံးကို မြဝတီမှတဆင့် တင်သွင်းခဲ့ခြင်းဖြစ်သည်။
ဇိမ်ခံကားများ မည်သည့်အတွက် အများအပြား တင်သွင်းလာရသနည်းဟု မေးစရာရှိလာပါသည်။ မြန်မာနိုင်ငံမှ လက်တဆုပ်စာ အထက်တန်းလွှာ တစုသည် နိုင်ငံတကာက ပိတ်ဆို့ထားသည့်အချိန် ယခင် စစ်အစိုးရ၏ အဆီအငေါ်မတည့် ကုန်သွယ်ရေး မူဝါဒများအောက် မထိတွေ့ခဲ့ရသည့် အကောင်းစား ဇိမ်ခံပစ္စည်းများကို ယခုအခါ စိတ်ကိုလွှတ်ပြီးဝယ်ယူ သုံးစွဲခွင့် ရှိလာသောကြောင့် ဇိမ်ခံကားတင်သွင်းမှု တက်လာခြင်းကို အံ့ဩစရာမလိုသော်လည်း ပြိုင်ကားတင်သွင်းမှု၏ အဓိက အကြောင်းရင်းတွင် စီးပွားရေးထက် နိုင်ငံရေးလည်း ပါဝင်နေသည်။ ယင်းသည် သမ္မတ ဦးသိန်းစိန်လက်ထက် သီးပွင့်လာသော ငြိမ်းချမ်းရေး အကျိုးဆက်ဟုပင် ဆိုရမည်။
၂၀၁၁ ခုနှစ်တွင် အရပ်သားအမည်ခံ အစိုးရ၏ အကြီးအကဲအဖြစ် အာဏာရရှိလာခဲ့ပြီးနောက် သမ္မတ ဦးသိန်းစိန်သည် ဆယ်စုနှစ်ပေါင်းများစွာ ရှိနေခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်ရေးကို သူ၏ လုပ်ငန်းအစီအစဉ်တွင် ပင်မနေရာထား၍ အားထုတ်လာခဲ့သည်။ ကချင် စစ်ပွဲပြန်ဖြစ်ပွားခဲ့ခြင်း၊ တိုင်းရင်းသားများက အဓိကထား၍ လိုချင်နေသော ဖက်ဒရယ်စနစ်ကို စစ်တပ်က ကန့်ကွက်ခဲ့ခြင်းကြောင့် တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးက တဝက်တပျက် ဖြစ်နေသော်လည်း ငြိမ်းချမ်းရေး ဆောင်ရွက်မှုတွင် အထူးသဖြင့် ကရင်ပြည်နယ်တွင် အသိအမှတ် ပြုလောက်စရာ အောင်မြင်မှုအချို့ ရရှိခဲ့သည်။ မြန်မာနိုင်ငံတွင် ကာလအရှည်ကြာဆုံး လက်နက်စွဲကိုင် တော်လှန်ခဲ့သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) က ယခင်က မရှိခဲ့ဖူးသော အပစ်အခတ် ရပ်စဲရေးကို ဗဟိုအစိုးရနှင့် ညှိနှိုင်းရယူနိုင်ခဲ့သည်။ ထိုအတွက်ကြောင့်လည်း အစိုးရအပေါ် နိုင်ငံတကာက ချီးကျူးခဲ့ရသည်။
သို့သော် အဆိုပါတိုးတက်မှုသည် အမှန်တကယ် နိုင်ငံရေးအရ စေ့စပ်ဆွေးနွေးခြင်း မရှိဘဲ စီးပွားရေး မက်လုံးအပေါ်တွင် များစွာအခြေခံနေသည်ဟု ဝေဖန်သူများက ပြောလာကြသည်။ သမ္မတ၏ ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် ဝန်ကြီး ဦးအောင်မင်းက လက်နက်ကိုင် အဖွဲ့အစည်းများသို့ ငြိမ်းချမ်းရေး လက်ဆောင်အနေဖြင့် ရာနှင့်ချီသော “ကားပါမစ်” များ ချထားပေးခဲ့ခြင်းကို ထောက်ပြကြသည်။
ယခုအချိန်အထိ ပါမစ်အမြောက်အမြားချထား ပေးခဲ့ပြီးဖြစ်ကြောင်းလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် နီးစပ်သော သတင်းရင်းမြစ်များက အတည်ပြုပေးကြသည်။ အစိုးရ ကျောထောက်နောက်ခံ ပေးထားသည့် မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) ၏ အထူးအကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေက ကားအစီး ရေ ၈၀ဝ “မှတ်ပုံတင်ခွင့်” ချထားပေးပြီး ဖြစ်ကြောင်း နှင့် ၎င်းတို့ထဲမှ ၂၇၀ ကို အခွန်လုံးဝ ကင်းလွတ်ခွင့် ပြုထားကြောင်းပြောပြသည်။ ယခုအချိန်အထိ နိုင်ငံအတွင်းမှ လက်နက်ကိုင် အဖွဲ့အစည်း ၁၇ ခုအနက် ၃ ခုကိုသာ ပါမစ်များချပေးရန် ကျန်ရှိတော့သည်ဟုလည်း သူကဆိုသည်။
သို့သော်လည်း ပါမစ်များသည် စီးပွားကုန်သွယ်ရေးအရ ချပေးခြင်းမဟုတ်ဟု ဦးအောင်မင်းက ငြင်းဆန်ခဲ့သည်။ ၎င်းတို့ထဲမှ အများစုကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ အခမ်းအနားတွင် သူကိုယ်တိုင် လက်မှတ်ထိုး၍ ပေးအပ်ခဲ့ခြင်းဖြစ်သည်။
“ဒါတွေက တခြားသူတွေပြောနေသလို ပါမစ်မဟုတ်ပါဘူး။ သူတို့ (တိုင်းရင်းသား အဖွဲ့အစည်းများ) တွေရဲ့ မော်တော်ယာဉ်တွေက လိုင်စင်မဲ့တွေ ဖြစ်နေတဲ့အတွက် တရားဝင်မှတ်ပုံတင်ပြီး လိုင်စင်ပြု လုပ်ခွင့်ပြုတာဖြစ်ပါတယ်” ဟု ဦးအောင်မင်းက ဧရာဝတီသို့ ပြောသည်။ “ဒါကို ကျနော်ဆုံးဖြတ်ခဲ့တာ မဟုတ်ပါဘူး။ သမ္မတ ဆုံးဖြတ်တာလည်း မဟုတ်ပါဘူး။ သက်ဆိုင်ရာ အစိုးရအဖွဲ့ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်” ဟု သူကထပ်ပြောသည်။
သူတို့က မည်သို့ဖြေရှင်းသည်ဖြစ်စေ လက်နက်ကိုင် အဖွဲ့အစည်းများကတော့ ပါမစ်များကို ဝင်ငွေရရှိစေသည့် အရင်းအမြစ်တခုအဖြစ် သဘောထားခဲ့ကြသည်။ KNU ၏ အထွေထွေ အတွင်းရေးမှူး စောကွယ်ထူးဝင်းက အဖွဲ့အတွက် ပါမစ် ၁၂၀ ရရှိခဲ့ ပြီး ၎င်းတို့ထဲမှ အများစုကို အဖွဲ့အစည်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် ရောင်းချခဲ့ပြီး ဖြစ်သည်ဟုပြောသည်။ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် မွန်ပြည်သစ်ပါတီ အပါအဝင် အခြားအဖွဲ့အစည်းများလည်း KNU အဖွဲ့နှင့် အရေအတွက် တူညီသော ပါမစ်များ ရရှိခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ကဲ့သို့သော အဖွဲ့ငယ်များက ပါမစ် ၆၀ ရရှိခဲ့သည်ဟု သတင်းရင်းမြစ်များက ပြောကြသည်။
၂၀၁၁ ခုနှစ်တွင် အစိုးရက ကားတင်သွင်းခွင့် မူဝါဒများကို ဖြေလျှော့ပေးလိုက်ပြီးသည့် နောက်ပိုင်းတွင် ကားအများစု၏ တန်ဖိုးများ ကျဆင်းသွားခဲ့ရ သည်။ ထို့ပြင် “ဝစ်သောက်” ဟု အများခေါ်ကြသော တရားဝင် အကောက်ခွန်ဆောင်ပြီး တင်သွင်းခြင်း မဟုတ်ဘဲ မောင်းနှင်နေကြသည့် ကားများကို နယ်စပ်မှ အများအပြားသွင်းယူပြီး သက်ဆိုင်ရာ အာဏာပိုင်များက မှတ်ပုံတင်ခွင့် ပေးနေခဲ့သည်မှာ လူသိများသော လျှို့ဝှက်ချက်ဖြစ်သည်။ ငြိမ်းချမ်းရေးယူထားသော အဖွဲ့ပေါင်းစုံ၏ ကားများသည် သက်ဆိုင်ရာ ပြည်နယ်အတွင်းမှာသာ တရားဝင်သည်။
အခွန်လုံးဝကင်းလွတ်ခွင့် ပြုထားသော ငြိမ်းချမ်းရေး ကားပါမစ်များသည် ကားပွဲစားများ မျက်စိကျစရာပင်။ ပါမစ်များ ဈေးအကြီးဆုံးကားများ ဝယ်ယူရန်အတွက် အသုံးဝင်သွားခဲ့ကြသည်။ ကားဈေးကွက်နှင့် နီးစပ်သူတဦးက ရိုးစ်ရွိုက်စ် (Rolls-Royce) ကားတစီး တင်သွင်းနိုင်သည့် ပါမစ်ကို အမေရိကန်ဒေါ်လာ ၅၀,ဝဝဝ အထိပေး၍ ဝယ်ယူကြောင်း ဧရာဝတီသို့ပြောပြသည်။ မော်တော်ကား တင်သွင်းသူများအတွက် ရိုးစ်ရွိုက်စ် ကားတင်သွင်းသည့်အခါ ပုံမှန်အားဖြင့် စက်ရုံထုတ် လက်လီဈေး ဒေါ်လာ ၃ သိန်းနှင့် ၄ သိန်းကြားပေါက်သော ရိုးစ်ရွိုက်စ်ကားကို မြန်မာပြည်တွင် ဒေါ်လာ ၈ သိန်းအထိ ပေးစီးနေကြောင်း သိရသည်။
နီးစပ်သူတဦး၏ အဆိုအရ အမွှေးတိုင်လုပ်ငန်းရှင် တဦးဆိုလျှင် တစီးမှောက်ပြီး နောက်တစီးဝယ်စီး ကြောင်းသိရသည်။ ထိုသို့ ငြိမ်းချမ်းရေး ရိုးစ်ရွိုက်စ်ကားများ ဝယ်စီးလာနိုင်နေကြသော မြန်မာတို့အတွက် လိုအပ်လာနေသည့် ကားအပိုပစ္စည်းများနှင့် ကားဝန်ဆောင်မှုတို့လည်း မဝေးတော့သည့် အနာဂတ်တွင် ရရှိတော့မည်ဖြစ်သည်။ ဇူလိုင်လ ၇ ရက်နေ့က လန်ဒန်မြို့ ဗြိတိသျှအစိုးရ၏ ဓနသဟာယနှင့် နိုင်ငံ ခြားရေးရုံးတွင် ရိုးစ်ရွိုက်စ် Bergen Engine မှ CEO နှင့် ဥက္ကဋ္ဌဖြစ်သူ Lars Eikeland နှင့် မြန်မာဘက်မှ Group CEO of RGK+ Z & A Group နှင့် Managing Director of Zeay & Associates ဦးဇေယျသူရမွန်တို့ မြန်မာပြည်တွင် ရိုးစ်ရွိုက်စ် စက်ရုံတရုံ တည်ထောင်ရန် လက်မှတ်ရေးထိုးခဲ့ကြသည်။