“ဝ ဒေသမှာ တရုတ်စာ၊ တရုတ်စကားလွှမ်းမိုးမှုတွေ ပပျောက်အောင် ပါတီကနေ အခြေခံပြီး လုပ်ထားတာ ရှိပါတယ်”လို့ “ဝ” အမျိုးသား စည်းလုံးညီညွှတ်ရေးပါတီ ကိုယ်စားလှယ် ဦးဆပ်နပ် ပြောဆိုထားတာကို သြဂုတ်လ ၁၂ ရက်နေ့ထုတ် ကြေးမုံ သတင်းစာမှာ ဖတ်ရှုလိုက်ရပါတယ်။
အစိုးရက ဆောင်ရွက်နေတဲ့ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီ ၆၆ ပါတီနဲ့ အစိုးရတို့ အပြန်အလှန် ဆွေးနွေးပွဲ တခုကို ရန်ကုန်မြို့ မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC) ပြုလုပ်ခဲ့ပြီး အဲဒီပွဲ အပြီးမှာ ဦးဆပ်နပ်က အစိုးရသတင်းစာရဲ့ မေးမြန်းမှုကို ဖြေကြားရာမှာ ထည့်သွင်းပြောဆိုသွားခဲ့တာဖြစ်ပါတယ်။
ဒီပြောဆိုမှုဟာ တရုတ်စာ၊ တရုတ်စကားကို အဓိကသုံးစွဲနေတဲ့ ဝဒေသမှာ တကယ်ထိထိရောက်ရောက် လုပ်ဆောင်နိုင်ပါ့မလား။ ဘာကြောင့် ဒီလိုလုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ကြတာလဲဆိုတာ လူအများစိတ်ဝင်စားစရာဖြစ်စေခဲ့ပါတယ်။
“ဝ” ဒေသဟာ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ တည်ရှိပြီး တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဒေသဖြစ်ပါတယ်။ မြန်မာနိုင်ငံ အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေထဲမှာ အင်အားအကြီးဆုံး တပ်ဖွဲ့ဖြစ်တဲ့ “ဝ” ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော်၊ “ဝ” ပြည် သွေးစည်းညီညွှတ်ရေး ပါတီ (UWSA/UWSP) ထိန်းချုပ်ပါတယ်။
UWSP/UWSA ရဲ့ ခေါင်းဆောင်တွေ အပါအဝင် “ဝ” ဒေသခံတွေဟာ တရုတ်စာ၊ တရုတ်စကားတွေကို အဓိက အသုံးပြုကြသလို မြန်မာကျပ်ငွေထက် တရုတ်ယွမ်ငွေကိုသာ အဓိကထားသုံးစွဲကြပါတယ်။ ဒါ့အပြင် အင်တာနက်လိုင်း၊ ဖုန်း၊ လျှပ်စစ် ဓာတ်အား အပါအဝင် အိမ်သုံး၊ လူသုံးကုန် ပစ္စည်းတွေက အစ တရုတ်နိုင်ငံထုတ် ပစ္စည်းတွေကိုပဲ သုံးစွဲနေကြတာဖြစ်ပါတယ်။
မိခင်ဘာသာစကား၊ စာပေဖြစ်တဲ့ “ဝ” ဘာသာစကား၊ “ဝ” စာပေထက် တရုတ်စာ၊ တရုတ်စကားကို အဓိက အသုံးပြုနေ ကြတာပါ။ “ဝ” ထိန်းချုပ်နယ်မြေထဲကမြို့တွေကို ရောက်ဖူးသူတိုင်းက အရပ်လေးမျက်နှာလုံး တရုတ်အဆင်အယင်တွေကို မြင်တွေ့ရပြီး တရုတ် စကားပြောသံတွေကိုသာ ကြားမြင်နေရတဲ့ အတွက် တရုတ်နိုင်ငံထဲကို ရောက်နေသလိုပဲလို့တောင် ပြောဆိုကြပါတယ်။
UWSA/UWSP အဖွဲ့ကို နိုင်ငံရေးနဲ့ လက်နက်အင်အားအတွက် တရုတ်နိုင်ငံက ကျောထောက်နောက်ခံပေးနေတယ် ဆိုပြီး ကော လာ ဟလ စကားတွေ ထွက်ခဲ့သလို “ဝ” ဒေသကို ယူကရိန်းက ခွဲထွက်ပြီး ရုရှားနဲ့ ပေါင်းသွားတဲ့ ခရိုင်းမီးယားဒေသလို ဖြစ်လာလေ မလား ဆိုပြီး မြန်မာပြည်သူတချို့ရဲ့ စိုးရိမ် သံတွေလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။
ပြည်နယ်အုပ်ချုပ်ခွင့်ရရှိဖို့ မြန်မာအစိုးရထံမှာ တစိုက်မတ်မတ်တောင်းဆိုနေတဲ့ “ဝ” ခေါင်းဆောင်တွေကလည်း အရင်က မိခင် ဘာသာ စကားကို သင်ကြားဖို့နဲ့ အသုံးပြုဖို့အတွက် လှုံ့ဆော်အားပေးမှုတွေ အားနည်းခဲ့ပေမယ့် အခုဆိုရင် မိခင်ဘာသာစကားနဲ့ စာပေတွေကို သင်ကြားဖို့အပြင် နိုင်ငံတွင်း ရုံးသုံး၊ ကျောင်းသုံး ဘာသာစကားဖြစ်တဲ့ ဗမာ စကားကိုတောင် သင်ကြားကြဖို့ အား ထုတ်လာတာတွေရှိလာနေပါပြီ။
ဒေသတွင်းမှာ “ဝ” စာပေ၊ “ဝ” စကားသင်ကြားဖို့ ၂၀၁၁ ခုနှစ်မှာ “ဝ” ခေါင်းဆောင်တွေက ညွှန်ကြားချက်ပေးခဲ့ပြီး ၂၀၁၄ ခုနှစ် နောက်ပိုင်း နိုင်ငံတွင်း အများသုံးစကားဖြစ်တဲ့ ဗမာစကား ကိုလည်း သင်ကြားကြဖို့ လုပ်ဆောင်မှုတွေ ရှိနေပြီလို့ “ဝ” နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ ကနေတဆင့် သိရပါတယ်။
“ဝ (UWSA/UWSP) ခေါင်းဆောင် တွေကတော့ပြောတယ်။ တရုတ်ကျောင်းတွေကို တတ်နိုင်သမျှလျှော့ချပြီးတော့ ကျနော်တို့ ဝ ကျောင်းတွေ ပေါ်ပေါက်ဖို့လေ။ ဝ ဘာသာစကား၊ စာပေသင်ဖို့ပေါ့။ ဒီမှာက တရုတ်ကျောင်းတွေရှိတယ်လေနော်၊ အဲဒီမှာ ဝ ဘာသာ လည်း သင်ရမယ်၊ ဗမာဘာသာလည်း သင်ရမယ်ဆိုတာ နောက်ဆုံး ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်ပေါ့” လို့ “ဝ” အမျိုးသား စည်းလုံးညီညွှတ်ရေးပါတီ ဥက္ကဋ္ဌ ဦးညီပလုပ်က ရှင်းပြပါတယ်။
နအဖ စစ်အစိုးရလက်ထက်မှာ ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မှာတော့ “ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ် နဲ့ ပန်ဆန်း(ပန်ခမ်း) မြို့နယ်တို့ကို ခရိုင်နှစ်ခရိုင်ဖွဲ့ပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်း” အဖြစ် ဖော်ပြထားပါတယ်။ အဆိုပါ သံလွင်မြစ် အရှေ့ဘက်ခြမ်းက မြို့နယ် ၆ ခုဟာ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်မှာတည်ရှိပါတယ်။
အခုဆိုရင် အဲဒီဒေသတွေအားလုံးမှာ ရှိတဲ့ တရုတ်ကျောင်းတွေမှာ “ဝ” စာပေနဲ့ ဗမာစာ သင်ကြားမှုတွေပြုလုပ်နေသလို ထိန်းချုပ် ဒေသအတွင်းမှာ မြန်မာအစိုးရက ဖွင့်လှစ်တဲ့ ကျောင်းတွေလည်း အများအပြားရှိလာပြီလို့ UWSP ဗဟို ဌာနချုပ်ရုံး အတွင်းရေးမှူး ဦးအောင်မြင့်က ရှင်းပြပါတယ်။
ဒါ့အပြင် ၂၀၁၄၊ ၂၀၁၅ ပညာသင်နှစ်မှာ “ဝ” ဒေသတွင်းက ကျောင်းသားတွေကို မြန်မာနိုင်ငံတွင်း ပြည်မဘက်နဲ့ နီးစပ်ရာ တိုင်းရင်း သား နယ်မြေတွေမှာရှိတဲ့ စာသင်ကျောင်းတွေနဲ့ တက္ကသိုလ်တွေမှာ တက်ရောက်ခွင့်ရရှိဖို့ အစိုးရ ပညာရေးဝန်ကြီးဌာနနဲ့ တိုင်ပင် ဆွေးနွေးထားကြောင်းလည်းဆိုပါတယ်။
“ဒီကကျောင်းသားလေးတွေ ပြည်မမှာ စာသွားသင်ရင် ဗမာစကားက ဈေးသွားဈေးလာမှာကအစ မပြောမဖြစ်ဖြစ်လာမယ်။ ဒီမှာက ဗမာစကားသင်ရင် ဆရာမတွေနဲ့ ကျောင်းထဲမှာ သင်တုန်းအချိန်ပဲ အတန်းက ဆင်းတာနဲ့ ပတ်ဝန်းကျင်မှာက တရုတ်စကားပဲ ပြောကြ တာဆိုတော့ ပြည်မမှာ သင်ခွင့်ပြုဖို့ တောင်းဆိုတာ”လို့ ဦးအောင်မြင့်က ဆိုပါတယ်။
“ဝ” တိုင်းရင်းသား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပေါင်းနပ် ကလည်း “ဘာသာစကား စာပေပျောက်ရင် လူမျိုးလည်း ပျောက်မယ်။ ဒါကို အစဉ်တည်တံ့ဖို့ အားလုံးဝိုင်းဝန်းပြီးတော့ ကိုယ့်အသိနဲ့ကိုယ် လူမှုရေးအဖွဲ့အစည်းဆို လူမှုရေး အဖွဲ့အစည်း။ ကိုယ့် အသိနဲ့ကိုယ် ဒီဘာသာစာပေကို ဆောင်ရွက်နေကြတာ”လို့ ဆိုပါတယ်။
“ဝ” လူမျိုးမှာ မူရင်း ဘာသာစကား၊ စာပေ တွေရှိခဲ့ပေမယ့် ၁၉၆၈-၆၉ ခုနှစ်တွေတုန်းကစပြီး ဒီဒေသကို ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) တပ်ဖွဲ့တွေဝင်လာပြီးနောက်ပိုင်း တရုတ်စာနဲ့ တရုတ်စကားတွေဟာ တဖြည်းဖြည်း လွှမ်းမိုးလာခဲ့တာလို့ ဆိုကြပါတယ်။
“ဝ” ခေါင်းဆောင်တွေနေထိုင်ကြပြီး ဗဟိုဌာနချုပ်လည်း ရှိတဲ့ ပန်ဆန်းမြို့ပေါ်က စားသောက်ဆိုင်၊ ဈေးဆိုင်တွေနဲ့ လမ်းညွှန် ဆိုင်း ဘုတ်တွေဆိုရင်လည်း တရုတ်စာတွေနဲ့ ပဲဖော်ပြကြတယ်လို့ “ဝ” ဒေသကို ရောက်ရှိခဲ့ကြတဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေက ပြောပြပါတယ်။ စာသင်ကျောင်း အများစုကလည်း တရုတ်စာသင်ကျောင်းတွေဖြစ်တယ်လို့ ဆိုပါတယ်။
အင်အား သုံးသောင်း ဝန်းကျင်ရှိတယ်လို့ စစ်ရေးအကဲခတ်တွေ ခန့်မှန်းပြောဆိုနေကြတဲ့ “ဝ” အဖွဲ့ဟာ ၁၉၈၉ ခုနှစ်မှာ ဗကပ ကခွဲထွက်ခဲ့တာဖြစ်ပြီး UWSA အဖြစ်ရပ်တည်ခဲ့တာဖြစ်ပါတယ်။ အဲဒီနှစ် နိုဝင်ဘာလထဲမှာပဲ UWSA ရဲ့ နိုင်ငံရေး အဖွဲ့အစည်း အဖြစ် UWSP ကိုဖွဲ့စည်းတည်ထောင်ကြောင်း ကြေညာခဲ့ပါတယ်။
“ဝ” အဖွဲ့ဟာ အရင်က ဘိန်းစိုက်ပျိုးထုတ်လုပ်ရေးနဲ့ ကမ္ဘာအထိ ထင်ရှားကျော်ကြားခဲ့ပြီး UWSA ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးဝေရှောက်ခမ် ကို ဖမ်းဆီးမိရန် သတင်းပေးနိုင်ပါက အမေရိကန်ဒေါ်လာ ၂ သန်း ချီးမြှင့်မယ်ဆိုပြီး အမေရိကန်က ကြေညာ ထား ပါတယ်။
လက်ရှိအချိန်မှာတော့ “ဝ” ဒေသအတွင်းမှာ ဘိန်းတပင်မှ မရှိတော့ကြောင်းကို UWSA/UWSP ခေါင်းဆောင်တွေရော “ဝ” နိုင်ငံ ရေး ပါတီ ၂ ခုလုံးကပါ အာမခံ ပြောဆိုကြပါတယ်။ ဒါပေမယ့်လည်း ဘယ်ကနေလာမှန်းမသိတဲ့ မူးယစ်ဆေးဝါး တချို့ ကတော့ ဒေသတွင်းမှာ ပျံ့နှံ့မှုတွေ ရှိနေတယ်လို့ “ဝ” ပါတီ ခေါင်းဆောင်တဦးက ပြောပါတယ်။
“ဝ” ဒေသမှာ တရုတ်စာ၊ တရုတ်စကား လွှမ်းမိုးနေတယ်ဆိုတာနဲ့ ပတ်သက်ပြီး ဒီဒေသကို မြန်မာအစိုးရက အစောပိုင်းကာလ ကတည်း က အထီးကျန်အောင် ထားခဲ့တဲ့ အတွက်ကြောင့် အများသုံး ဗမာစာနဲ့ ကင်းကွာခဲ့ရသလို တရုတ်ရဲ့ နီးစပ်မှုတွေ ကြောင့် လည်း မူရင်း စာပေနဲ့ စကားတွေ လျော့ကျသွားခဲ့ရတာလို့ ဆိုပါတယ်။
“အရင်တုန်းက အစိုးရ ခေတ်အဆက်ဆက်ကလည်း သံလွင်မြစ်ဒီဘက်ကို ကျော်မှမလာတာ။ ဟိုဘက်နဲ့ ဒီဘက်ကလည်း အဆက် အသွယ်မှ မရှိတာ။ တရုတ်နိုင်ငံနဲ့ကလည်း ကပ်နေပြီး စီးပွားရေးဆက်နွယ်မှုကလည်း များနေတော့ တရုတ်စကားပြော များနေတာ ဒါကသဘာဝပဲလေ။ ၁၉၆၈ ဗကပ မဝင်ခင်က “ဝ” ဒေသမှာ ဗမာကျောင်း ရှိမှမရှိတာ။ ဘယ်သူမှလည်း လာမ ဆောက်ပေးဘူး လေ။ ဒီတော့ ဘယ်လိုလုပ် ဗမာလိုပြောတတ်မှာလည်း”လို့ ဦးအောင်မြင့် က ရှင်းပြပါတယ်။
တရုတ်စာ၊ တရုတ်စကား လွှမ်းမိုးမှု လျှော့ချရေးရည်ရွယ်ချက်နဲ့ပတ်သက်ပြီး ဦးညီပလုပ် က “ဝ ဒေသမှာ ဝ စာ တတ်မြောက် ရမယ်။ ဝ စကားပြောရမယ်ဆိုတဲ့ ဟာပေါ့လေ။ အစိုးရနဲ့ လုပ်တဲ့နေရာမှာလည်းအခက်အခဲရှိတယ်။ ဘာဖြစ်လို့လည်းဆိုရင် ကျနော်တို့က တရုတ်အစိုးရနဲ့ အဆက်အသွယ်လုပ်တာမှမဟုတ်ဘဲ၊ မြန်မာအစိုးရနဲ့ အလုပ်လုပ်တယ်ဆိုတော့ ဗမာစကား၊ ဗမာစာနဲ့ ကိုယ့်မိခင် ဘာသာစကား တတ်ဖို့လိုတာပေါ့”လို့ ဆိုပါတယ်။
“ဝ” ဒေသနဲ့ ထိစပ်နေတဲ့ မိုင်းလား ဒေသဆိုရင်လည်း “ဝ” ဒေသနဲ့ အတူတူပါပဲ။ ယွမ်ငွေကို သုံးပြီး တရုတ်စာ၊ တရုတ်စကား တွေကိုပဲ အဓိကအဖြစ် သုံးစွဲကြတာဖြစ်ပါတယ်။ ဖုန်း၊ အင်တာနက်နဲ့ လူသုံးကုန်ပစ္စည်းတွေဟာလည်း တရုတ်နိုင်ငံဘက်က အသုံး အဆောင် တွေချည်းဖြစ်ပါတယ်။ ဒါပေမယ့် မိုင်းလားဒေသဟာ အခြားသောတိုင်းရင်းသားတွေ လွတ်လပ်စွာ ဝင်ထွက် သွားလာနိုင် တဲ့ အနေအထားမှာရှိပါတယ်။
သံလွင်မြစ်အရှေ့ခြမ်းက “ဝ” ဒေသကတော့ ပြည်မသားတွေ အဝင်အထွက် နည်းကြသလို ဝင်ထွက်ဖို့အတွက်လည်း ဒေသတွင်း အဝင်အထွက် ဂိတ်တွေမှာ တင်းကျပ်တဲ့ စိစစ်မှုတွေရှိပါတယ်။ အထူးသဖြင့် သတင်းမီဒီယာတွေ ဝင်ရောက်ဖို့အတွက် ကိုပင် ကန့်သတ်မှုတွေပြုလုပ်ထားဆဲဖြစ်ပါတယ်။
“ဝ” ဒေသအတွင်းမှာ လည်ပတ်နေတဲ့ ယန္တရားကြီးတခုလုံးကို UWSA/UWSP ကသာ အဓိကထိန်းချုပ် စိုးမိုးထားတာပါ။ အဲဒီ ဒေသ အတွင်းမှာ အစိုးရရဲ့ ဌာနဆိုင်ရာ ရုံးတွေရှိနေတယ်ဆိုပေမယ့်လည်း အခြားဒေသတွေနဲ့စာရင် ဟန်ပြအဆင့် လောက်သာ ရှိတယ်လို့ ပြောရမှာပါ။
“ဝ” ခေါင်းဆောင်တွေဟာ သူတို့ကို တရုတ်နိုင်ငံရဲ့ သြဇာခံ ဖြစ်တယ်ဆိုတဲ့ သံသယနဲ့ပြောဆိုနေသံတွေအပေါ် မဟုတ်ကြောင်း သက်သေပြချင်ပုံရပေမယ့် တခြားတိုင်းရင်းသားဒေသတွေနဲ့မတူဘဲ သီးခြားဆန်နေဆဲဖြစ်ပါတယ်။ ။