ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်၏ ယနေ့ စတင်ကျင်းပမည့် ပထမအကြိမ် နဝမမြောက် ပုံမှန်အစည်းအဝေး၌ လက်ရှိ ရန်ကုန်မြို့တွင် နေ့စဉ် ကြုံတွေ့နေရသော ယာဉ်ကျော ပိတ်ဆို့မှုနှင့် ပတ်သက်ပြီး မေးခွန်းမေးရန် ရှိကြောင်း သိရသည်။
ထို့အပြင် လမ်းပန်းဆက်သွယ်ရေး ဆိုင်ရာ ဥပဒေ အပါအဝင် ဥပဒေကြမ်း ၅ ခုကို တင်သွင်းရန် စီစဉ်ထားသည်ဟုလည်း ဆိုသည်။
လွှတ်တော်၏ ပုံမှန်အစည်းအဝေးတွင် တိုင်းဒေသကြီး လွှတ်တော်သို့ တင်သွင်းမည့် အဆိုပါ ဥပဒေကြမ်းများကို အတည်ပြုသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးစိန်တင်ဝင်းက ပြောသည်။
ထိုဥပဒေကြမ်းများမှာ ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေး ဆိုင်ရာ ဥပဒေကြမ်း၊ ပုဂ္ဂလိကပိုင် ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေးဆိုင်ရာ ဥပဒေကြမ်း၊ ယစ်မျိုးခွန် ဥပဒေကြမ်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥပဒေကို ပြင် ဆင်သည့် ဥပဒေကြမ်းနှင့် တိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာ နည်းဥပဒေကြမ်းတို့ ဖြစ်ကြောင်း သင်္ဃန်းကျွန်း မဲဆန္ဒနယ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးကျော်က ပြောသည်။
“ကျနော်က ဒီတခေါက် လွှတ်တော်မှာ မေးခွန်း ၁၀ ခု မေးမယ်။ ယာဉ်ကျော ပိတ်ဆို့တာရယ်၊ အားကစား ပြိုင်ပွဲတွေ ကျင်းပပေးဖို့ကို ကျနော့်အနေနဲ့ အဆိုတင်သွင်း သွားမှာပါ။ နောက်ဥပဒေကြမ်းတွေနဲ့ ပတ်သက်ပြီး တင်ပြ ဆွေးနွေးသွားမှာပါ”ဟု ၎င်းက ပြောပြ သည်။
ကျင်းပပြီးခဲ့သော အစည်းအဝေးများတွင် တိုင်းဒေသကြီး အတွက် ပြဌာန်းခဲ့သည့် ဥပဒေပေါင်း ၁၆ ခု ရှိပြီးဖြစ်ကြောင်း၊ အဆိုပါ ဥပဒေများတွင် ဘတ်ဂျက်ဆိုင်ရာ ဥပဒေများကို အမျုားဆုံး အတည်ပြု ပြဌာန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“လွှတ်တော် အနေနဲ့ ပြောရရင် အားရမှု မရှိပါဘူး။ လွှတ်တော်မှာက အမတ်တော်တော် များများက အနိုင်ရ ပါတီဝင်တွေ ဖြစ်တယ်။ အစိုးရကလည်း ဒီပါတီပဲ၊ ဒီတော့ အများစု ဆန္ဒနဲ့အညီ မဲခွဲတာမှာဆို ရှုံးရတာ များတယ်။ ဒီတော့ ပြည်သူအတွက် အကျိုးဖြစ်သည် မဖြစ်သည်ဖြစ်စေ အစိုးရ တင်သမျှဟာ အတည်ဖြစ်တာ များတယ်”ဟု တိုင်း ဒေသကြီး လွှတ်တော်အမတ် ဦးကျော်က ပြောသည်။
လွှတ်တော်ဥက္ကဌ ဦးစိန်တင်ဝင်းကမူ“လွှတ်တော်တွေထဲမှာ ကျနော်တို့ မေးခွန်းတွေ အများဆုံး၊ အဆိုတွေ အများဆုံး တင်သွင်းတဲ့ အများဆုံး လွှတ်တော်ပါ။ နောက် ကျနော်တို့အနေနဲ့ ပြည်သူအတွက် လိုအပ်တယ်ဆိုရင် အထူးအစည်းဝေးတွေ အရေးပေါ် အစည်း အဝေးတွေ ခေါ်ယူပြီး လုပ်ဆောင် ပေးပါတယ်”ဟု ဆိုသည်။
လွှတ်တော် အစည်းဝေးများနှင့်ပတ်သက်ပြီး အဆိုအများစု ရှုံးနိမ့်နေရခြင်းသည် တိုင်းပြည်အတွက် နစ်နာကြောင်း၊ လွှတ်တော် အတွင်း အစိုးရ တင်သွင်းမှုများကို ထောက်ပြသော်လည်း မဲခွဲမှုများအရ ရှုံးနိမ့်နေမှုများ ရှိကြောင်း၊ ဘဏ္ဍာရေး သုံးစွဲမှု အပိုင်းတွင် လွှတ်တော်အမတ်များမှ တိကျစွာ ဝေဖန်ပြောကြားနိုင်ခြင်း မရှိသေးကြောင်း ဗဟန်း အမှတ်၂ မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ဧရာဝတီကို ပြောသည်။
“ဒီတခေါက်မှာ ပြီးခဲ့တဲ့နှစ်အတွင်း အတည်ပြုခဲ့တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း ကို တင်သွင်းသွားဖို့ ရှိတယ်။ ဒါကလည်း အဆင်ပြေမပြေ ရမရ ဆိုတာတော့ မသိဘူး။ အဆို ၁ ခု တင်မယ်။ မေးခွန်းက မေးဖို့ အခု ၃၀ လောက် တင်ထားတယ်။ ဥပဒေကြမ်းက ပြီးခဲ့တဲ့ ၁၀ လ လောက်ကတည်းက တင်ထားတာ။ မနက်ဖြန် အစိုးရ ဥပဒေနဲ့ အစ်မ တင်မယ့် ဥပဒေကြမ်း နှစ်ခု ပြိုင်ရမှာပါ”ဟု ဒေါက်တာ ညိုညိုသင်းက ပြောဆိုသည်။
ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကျင်းပသည်မှာ ၉ ကြိမ်မြောက် ရှိပြီဖြစ်ပြီး အဆိုပါ အစည်းအဝေးများ အပြင် အထူး အစည်း အဝေး ၁ ကြိမ်၊ အရေးပေါ် အစည်းအဝေး ၁ ကြိမ် ခေါ်ယူခဲ့ကြောင်း လွှတ်တော် ဥက္ကဌ ဦးစိန်တင်ဝင်းထံမှ သိရသည်။
တိုင်းဒေသကြီး လွှတ်တော် ခေါ်ယူမှု၊ လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်မှု၊ ဘတ်ဂျက်သုံးစွဲမှု အပိုင်းတွင် ဝေဖန်မှုများ ရှိနေသည့် အပြင် ပွင့်လင်း မြင်သာမှုပိုင်း၌ အားနည်းမှုများ ရှိနေကြောင်းလည်း လွှတ်တော်အမတ် တချို့က ထောက်ပြ ဝေဖန်မှုများ ရှိသည်။
ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်၏ ပထမအကြိမ် နဝမမြောက် ပုံမှန်အစည်းအဝေးကို သြဂုတ် ၂၂ ရက်မှ စက်တင်ဘာ ၅ ရက် အထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။