ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရန် ပုဂ္ဂလိကပိုင် အများပိုင်ကုမ္ပဏီတခုကို တရားဝင် လုပ်ဆောင်ခွင့်ပေးလိုက်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေက ထုတ်ဖော်ကြေညာအပြီး ယင်းစီမံကိန်းနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှု မရှိဟု ရန်ကုန်တိုင်းဒေသကြီးမှ လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်နေကြသည်။
သြဂုတ်လ ၂၂ ရက်က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး ပထမအကြိမ် နဝမပုံမှန်လွှတ်တော်အစည်းအဝေးသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေက သဝဏ်လွှာပေးပို့ရာတွင် ရန်ကုန်မြို့ အနောက်ဘက် ပန်းလှိုင်မြစ်နှင့် တွံတေး တူးမြောင်းကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေး ကားလမ်းကြား၊ မြေနေရာများကို လျာထားပြီး မြို့သစ်တည်ဆောက်မည်ဖြစ်ကြောင်း၊ ယင်းနေရာများသည် ကြည့်မြင်တိုင်မြို့နယ်၊ ဆိတ်ကြီးခနောင်တိုမြို့နယ်နှင့် တွံ့တေးမြို့နယ်များအတွင်း တည်ရှိကြောင်း ဖော်ပြပါရှိသည်။
“ဧက သုံးသောင်းကျော် အကျယ်အဝန်းရှိ ရန်ကုန်မြို့သစ်စီမံကိန်းကို မြန်မာ့စေတနာမြို့သစ် အများပိုင်ပုဂ္ဂလိက ကုမ္ပဏီတခုက အကောင်အထည်ဖော်နိုင်ဖို့ ခွင့်ပြုပေးပြီးပါပြီ။ အဲဒီ ကုမ္ပဏီကပဲ လုပ်ဆောင်သွားမှာပါ။ မြို့ပြလိုအပ်ချက်အရ ငွေကြေး ခိုင်မာ တောင့်တင်းတဲ့ ကုမ္ပဏီကို ရွေးချယ်လိုက်တာပါ။ မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်လာမှာ စိုးတဲ့အတွက် ကျနော်တို့ သိုသိပ်စွာလုပ်ဆောင်ခဲ့တာပါ”ဟု ရန်ကုန်မြို့တော်ဝန်ဦးလှမြင့်က ဝန်ကြီးချုပ်၏သဝဏ်လွှာ ဖတ်ကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါ ဦးမြင့်ဆွေ၏ သဝဏ်လွှာတွင် အများပိုင်ကုမ္ပဏီ အနေဖြင့် မြန်မာကျပ်ငွေ ကျပ်ဘီလီယံ ၇၀၀၀ (အမေရိကန်ဒေါ်လာ ၈ ဘီလီယံ) အကုန်အကျခံကာ ၃ နှစ်အတွင်း ၇ဝရာခိုင်နှုန်း ပြီးစီးအောင် ဆောင်ရွက်ထားရန် သဘောတူညီမှု ရရှိထားကြောင်း၊ ထိုစီမံကိန်းအတွက် ကုမ္မဏီဘက်မှ တန်ဖိုးနည်း တိုက်ခန်း ၂ သောင်း၊ ကျောင်းသား ၁၀၀၀ ဆံ့ စာသင်ကျောင်းတခု၊ ဘိုးဘွားရိပ်သာ တဆောင်နှင့် ၆ လမ်းသွား တံတား ၅ စင်းကို တည်ဆောက်ပေးသွားမည်ဟု ဖော်ပြပါရှိသည်။
စီမံကိန်းအတွက် ဒေသခံပြည်သူများမှ သဘောတူညီထားပြီး ဖြစ်ကြောင်း၊ စီမံကိန်းမြေနေရာများတွင် လယ်မြေများပါဝင်နေသည့် အတွက် အဆိုပါလယ်မြေများအား မြို့မြေအဖြစ် အမိန့်ထုတ်ပြန်နိုင်ရေးကိုလည်း ဥပဒေအတိုင်း ဆောင်ရွက်လျက်ရှိကြောင်း သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။ “မြို့သစ် စီမံကိန်းတွင် ပါဝင်တဲ့ လယ်မြေ ယာမြေများနဲ့ မိသားစုများ မနစ်နာစေဖို့ ကုမ္မဏီဘက်မှ လုံး၀ တာဝန်ယူဖြေရှင်းပေးမှာ ဖြစ်တယ်။ မြို့ပြသစ်အတွက် လိုအပ်သော ရေသန့်၊လျပ်စစ်နှင့်အခြား အခြေခံအဆောက်အအုံများကိုလည်း တည်ဆောက်ပေးသွားမှာ ဖြစ်တယ်”ဟုလည်း မြို့တော်ဝန်က ဆိုသည်။
သို့သော် ထိုစီမံကိန်းအား လုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပ္ပဏီကို မည်သူပိုင်ဆိုင်ပြီး မည်သို့ လုပ်ကိုင်ခွင့်ရရှိခဲ့သည် ဆိုခြင်းကို တင်ပြခဲ့ခြင်း မရှိခဲ့သလို မည်သို့ မြေပိုင်ရှင်များဖြင့် ညှိနှိုင်းခဲ့သည်၊ မည်သည့်အချိန်ကတည်းက ဆောင်ရွက်နေသည်ကို အသေးစိတ် ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပါ။ ဧရာဝတီက ဆက်သွယ်မေးမြန်းရာတွင်လည်း မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်မည် စိုးသောကြောင့် ဟူသည့်အကြောင်းပြချက်ဖြင့် ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပါ။
ယင်းကြေညာချက်ကြောင့် လွှတ်တော်ကိုယ်စားလှယ်များ အံ့အားသင့်ကုန်ကြသည်။ သင်္ဃန်းကျွန်းမဲဆန္ဒနယ် ၁ မှ တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က “ကျနော်တို့က ခုမှသိရတော့ ဘာပြောရမှန်း မသိဘူး။ ပြည်သူတွေ တကယ် အကျိုးရ မရ၊ လုပ်ဆောင်တာ မှန်မမှန် စစ်ဖို့ လိုတယ်” ဟုသာ ဧရာဝတီကို ပြောဆိုသည်။
ဗဟန်း ၂ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းကလည်း “အင်ဒိုနီးရှားတို့ ကမ္ဘောဒီးယားတို့မှာ မြို့သစ်တည်မှာကို အစိုးရအဖွဲ့က ကြိုသိတော့ မြေတွေကို နာမည်လွှဲတွေနဲ့ ဝယ်ထားတာမျိုး ရှိခဲ့တယ်။ ဖြစ်ခဲ့ဖူးတယ်။ ခုလို တိတ်တဆိတ်လုပ်ပြီး လွှတ်တော်မှာ ဘွားကနဲ လုပ်တာကျတော့ ဒီမိုကရေစီစံနှုန်းနဲ့ မညီဘူး။ နောက် လွှတ်တော်ကိုယ်စားလှယ်တွေကို ချပြပြီဆို ဆွေးနွေးခွင့်ပေးရမှာလည်း မပေးဘူး။ ဘယ်လိုနည်းနဲ့ ကုမ္ပဏီရွေးတာလည်း မသိရဘူး။ ကုမ္ပဏီတခုတည်းကို စီမံကိန်းတခုလုံး ပေးထားတာလည်း မဖြစ်သင့်ဘူး။ နောက် သူတို့ပြန်ပေးမယ့် တန်ဖိုးနည်း အိမ်ယာအခန်း ၂ သောင်းကလည်း ရတဲ့ ပမာဏနဲ့ဆို နည်းတယ်။ ပြည်သူတွေ သဘောကျ မကျ မသိဘဲ လုပ်ဆောင်တာက မရိုးသားဘူး ထင်တယ်။ ပြည့်ပြည့်စုံစုံ ချပြသင့်တယ်။ လယ်ယာမြေတွေလည်းပါတော့ ဒီမှာ လယ်ပိုင်ရှင်တွေ တကယ်ကျေနပ် မကျေနပ်ဘူးဆိုတာ မသိရဘူး”ဟု မှတ်ချက်ပေး ပြောကြားသည်။
အဆိုပါ မြို့သစ်စီမံကိန်းနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရက အသေးစိတ် တင်ပြစေချင်ကြောင်း တိုင်းဒေသကြီး လွှတ်တော်အမတ်များက တောင်းဆိုတင်ပြသော်လည်း တစုံတရာ ပြန်လည်ဖြေကြားခဲ့ခြင်း မရှိသလို ဆွေးနွေးသွားရန်လည်း အစီအစဉ် မရှိသေးကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၏ ပထမအကြိမ် နဝမပုံမှန်အစည်းဝေးကို သြဂုတ်လ ၂၂ ရက်မှ စက်တင်ဘာ ၅ ရက်ထိ ကျင်းပသွားမည်ဖြစ်ပြီး ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေးဆိုင်ရာ ဥပဒေကြမ်း၊ ပုဂ္ဂလိကပိုင် ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေးဆိုင်ရာ ဥပဒေကြမ်း၊ ယစ်မျိုးခွန် ဥပဒေကြမ်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် တိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာ နည်းဥပဒေကြမ်းတို့ကို ဆွေးနွေးမှာဖြစ်ကြောင်း သိရသည်။