တရုတ်-မြန်မာ နယ်စပ်မှ တဆင့် တရားမဝင် ဝင်ရောက်နေသည့် တရုတ်နိုင်ငံထုတ် အစားအသောက် တချိူ့တွင် ကျန်းမာရေး ထိခိုက်စေသည့် အန္တရာယ်ရှိ ဓာတုပစ္စည်းများ ပါဝင်နေသော်လည်း အစိုးရ တာဝန်ရှိသူများ၏ အရေးယူမှု အားနည်းနေကြောင်း သိရသည်။
“ဒီမုန့်တွေက တရုတ်နိုင်ငံဘက်ကနေ တရားမဝင်လမ်းကြောင်းက ဝင်နေတာ၊ Moblie Team က တာဝန်ရှိသူ တချို့နဲ့ တွေ့လို့ မေးမြန်းတော့လည်း နယ်စပ်က အကျယ်ကြီးဆိုတော့ အပေါက်တိုင်း လုံခြုံအောင် မလုပ်နိုင်ဘူး ပြောတယ်၊ အရေးယူမှုတွေက အားနည်းနေတယ်”ဟု မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။
အခြေခံပညာ ကျောင်းများစွာနှင့် မြို့နယ်၊ ရပ်ကွက်များရှိ ဈေးဆိုင်များတွင် စားသုံးသူများကို အန္တရာယ် ဖြစ်စေသည့် ဓာတု ပစ္စည်းများ ပါဝင်သော မုန့်များစွာ ရောင်းချနေပြီး ကလေးသူငယ်များက နှစ်ခြိုက်စွာဝယ်ယူ စားသုံးလျက် ရှိသည်ကို တွေ့ရသည်ဟုလည်း ဆိုသည်။
တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် မုန့်တမျိုး ဖြစ်သော ဂျုးမြစ်ချောင်းဟု ခေါ်သည့် အစပ်အရသာ လွန်ကဲသည့် မုန့်ချောင်း ငယ်များ၊ ကြက်အူချောင်း၊ ဝက်အူချောင်းများ၊ အာခေါင်အတွင်း ဖျန်း၍ ရသည့် အချိုရည် ဘူးငယ်များ၊ ရောင်စုံဝေဖာများ၊ နို့နှင့် ဒိန်ခဲ စသည့် အစားအသောက်များသည် ကလေးသူငယ်များ ဝယ်ယူစားသုံးရန် ကာတွန်း ရုပ်ပုံများ၊ အလှပုံ၊ စတစ်ကာ စသည့် လက်ဆောင်ငယ်များ ထည့်သွင်း၍ ဆွဲဆောင်ထားသည်ကို တွေ့ရသည်။
အဆိုပါ မုန့်များတွင် တာရှည်ခံ ဆိုးဆေးများ၊ အရောင်ဆိုးဆေးများနှင့် ဓာတုဆေးများစွာ ပါဝင်နေသည့် အတွက် စားသုံး သည့် ကလေးငယ်များတွင် ကလေးဆီးချိုရောဂါ၊ အဝလွန်ရောဂါ၊ အူ၊ အစာအိမ်ရောဂါနှင့် ကင်ဆာရောဂါများ ဖြစ်ပွားနိုင် သည် ဟု မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်း က သတိပေးထားသည်။
မိတ္ထီလာမြို့တွင် တရုတ်နိုင်ငံထုတ် ဂျူးမြစ်ချောင်းဟု ခေါ်သည့် အစပ်ချောင်းများကို စားမိသည့် ကလေးတချို့သည် မျက်နှာပေါ်၌ အနီရောင် အဖုအပိမ့်များနှင့် အကွက်များ ထလာခြင်း၊ နှုတ်ခမ်းများ ယောင်ရမ်းလာခြင်း၊ နှုတ်ခမ်းနှင့်လျှာတို့တွင် အနာ များ ပေါက်ခြင်း၊ လျှာပေါ်တွင် ပြည်တည်ခြင်းနှင့် ဝမ်းလျှောခြင်း စသည့် လက္ခဏာများ ဖြစ်ပွားနေသည့် ကလေးငယ် များပြား လာကြောင်း သြဂုတ် ၂၁ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင်လည်း ဖော်ပြထားသည်။
ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဌာန၊ စားသုံးသူ ရေးရာဌာနခွဲ ဒုညွန်ကြားရေးမှူး ဦးထွန်းမောင်က “တရုတ်မုန့်တိုင်း အန္တရာယ်ရှိတာ မဟုတ်ပါဘူး၊ ထောက်ခံချက်တွေနဲ့ ခွင့်ပြုပေးထားတာတွေ ရှိတယ်၊ တရားမဝင် လမ်းကြောင်းက ဝင် လာတာတွေလည်း ရှိတယ်၊ သိပ်မကြာခင်မှာတော့ တိုင်းနဲ့ပြည်နယ် အလိုက် စားသုံးသူရေးရာ အငြင်းပွားမှုနဲ့ ဖြေရှင်းမှု အဖွဲ့တွေ ဖွဲ့တော့မှာပါ”ဟု ဧရာဝတီကို ပြောသည်။
လတ်တလောတွင် စားသုံးသူများ တိုင်ကြားလာပါက နမူနာမုန့်များကို ယူပြီး စစ်ဆေးခြင်း၊ ကွင်းဆင်း လေ့လာခြင်းများ ပြုလုပ်လျက် ရှိသည်ဟု ၎င်းက ဆက်ပြောသည်။
“ကျနော်တို့က စားသုံးဖို့ မသင့်ဘူးလို့ ကြေညာတယ်၊ ပြောပြတယ်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဗဟိုဌာန (FDA) က စား လို့ရတယ် ပြောတယ်၊ ကျနော်တို့ အသင်းက အခြားဌာနတွေ အားလုံးနဲ့ ပူးပေါင်း ဆောင်ရွက်တယ်၊ FDA က ပူးပေါင်း ဆောင်ရွက် တာမျိုး လုံးဝ မရှိဘူး”ဟု စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။
မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းက အန္တရာယ် ဖြစ်စေနိုင်သည့် တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် မုန့်များနှင့်အချိုရည် များကို ရှာဖွေသိမ်းဆည်း၍ မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ရန် ရှိကြောင်း၊ အသင်းမှ စားသုံးရန်မသင့်ဟု ပြောဆိုထားပြီး အစိုးရဌာန ဖြစ်သည့် FDA က စားသုံးနိုင်သည်ဟု ဆိုထားသည့် အိုအိရှိ အမှတ်တံဆိပ် အာလူးချောင်းကြော်ကို ထပ်မံ စစ်ဆေးမှု ပြုလုပ်မည် ဟု သိရသည်။
“မြန်မာနိုင်ငံမှာက စားသုံးသူ အာမခံချက် လုံးဝ မရှိဘူး၊ ဆွဲထားတဲ့ ဥပဒေကလည်း အခုချိန်ထိ နည်းဥပဒေ မထွက်နိုင်သေးဘူး”ဟု ဦးဗအုပ်ခိုင်က ဆက်ပြောသည်။
စားသုံးသူ ကာကွယ်ရေးအသင်းသည် သြဂုတ် ၁၅ ရက်က နေပြည်တော် စည်ပင်သာယာရေး ကော်မတီနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်းကာ နေပြည်တော် ကောင်စီနယ်မြေမှ လက်ကား ဈေးဆိုင်ကြီးများနှင့် ကျောင်း၊ ဈေးဆိုင်များမှ သိမ်းဆည်း ရရှိသည့် အန္တရာယ်ရှိ တရုတ်နိုင်ငံထုတ် မုန့်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။