မြန်မာငြိမ်းချမ်းရေးစင်တာ(MPC) က ဦးစီးဆောင်ရွက်နေတဲ့ ဦးသိန်းစိန်အစိုးရနဲ့ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေ ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အတော်အလားလာကောင်းနေတယ် လို့ သတင်းတွေကြားရပါတယ်။
တချိန်တည်းမှာပဲ ငြိမ်းချမ်းရေးရဲ့အသိးအပွင့်တခုလို့ တချို့က ခေါ်ဝေါ်နေကြတဲ့ ကားပါမစ်ကိစ္စကလည်း အဲဒီသတင်းနဲ့အတူ အရိပ် လို ပါလာနေပါတယ်။
တဖွဲ့ကို အစီး ၆၀ ကနေ ၁၂၀ အထိရကြတဲ့ အဖွဲ့ ၂၀ နီးပါးထဲမှာ ဇီမ်ခံကား တစီးတင်သွင်းခွင့်အတွက် ဒေါ်လာ ၅ သောင်းတောင် ပါမစ်ဖိုး ရတယ်ဆိုတော့ အစီး ၁၂၀ ဆို ဘယ်လောက်များ ရလိုက်မလဲ။
|
နိုင်ငံရေးအမြင်ကိုဘေးဖယ်ပြီး စီးပွားရေးအမြင် သက်သက်နဲ့ကြည့်မယ် ဆိုရင်တော့ မြန်မာနိုင်ငံမှာ ကားတွေများလာတာ ကောင်း တာ ပေါ့။ ဒါပေမယ့် အဲဒီလိုဈေးကြီးပေး တင်သွင်းလာတဲ့ ကားတွေကို ဘယ်သူ တွေက စီးခွင့်ရနေတာလဲ။ လက်တဆုပ်စာ ခရိုနီ ခရိုပြာတွေနဲ့ အစိုးရအသိုင်းဝိုင်း၊ လက်နက်ကိုင် အသိုင်းဝိုင်းက လူတွေသက်သက်လား၊ အများပြည်သူကော ဒီကားတွေကို စီးခွင့်ရနေပြီ လား ဆိုတာက မေး ခွန်းထုတ်စရာပါပဲ။
သူပုန်တွေကို ပေးတဲ့ ကားပါမစ်ထဲမှာ ခရိုနီတွေစီးမယ့် ဇိမ်ခံကားတွေပဲပါပြီး အများပြည်သူစီးနိုင်တဲ့ ဘတ်စ်ကားပါမစ်တွေ ဘာကြောင့် များ မပါတာလဲဆိုပြီး ကြံကြံဖန်ဖန်တွေးမိပါသေးတယ်။ ဒီလိုမတွေးလို့မဖြစ်၊ ငြိမ်းချမ်းရေးအသီးအပွင့်ဆိုတာ လက်နက်ကိုင် အဖွဲ့တွေချည်း (အစိုးရနဲ့ သူပုန်) ခံစားနေလို့ ဘယ်ဖြစ်မလဲ။ အစိုးရရော၊ သူပုန်ရော၊ နိုင်ငံရေးပါတီတွေရော အားလုံးပြောနေကြတာ က အများပြည်သူကောင်းစားရေးအတွက် သူတို့တွေ အနစ်နာခံ၊ တချို့ဆိုအသေခံ တိုက်ပွဲဝင်နေကြတယ် မဟုတ်ပါလား။ ခရိုနီ အတွက် ဇီမ်ခံကား ၁၀ စီးသွင်းရင် အများပြည်သူအတွက် ဘတ်စ်ကားတစီး လောက်တော့ သွင်းပေးသင့်တာပေါ့။ မဟုတ်ဘူးလား။
“ဘတ်စ်ကားအကြောင်း ပြောနေတာကတော့ ဟုတ်ပါပြီ။ နိုင်ငံခြားမှာနေတဲ့ ခင်ဗျားက ရန်ကုန်မှာ ကိုယ်တိုင် ဘတ်စ်ကား တိုးစီးဖူး လို့လား”လို့ မေးခွန်းထုတ်ချင်သူတွေ ရှိကောင်းရှိနိုင်ပါတယ်။ စီးဖူးတာပေါ့။ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလအတွင်းက သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် နော်ဝေး အထိ လာပြီး ပြည်ပရောက် ၈၈ မျိုးဆက်တွေ ပြည်တော်ပြန်လာပြီး တိုင်းပြည် တည်ဆောက်ရေးမှာ ပါဝင်ကူညီကြပါ ဆိုပြီး တရားဝင်တိုက်တွန်းခဲ့လို့ ၂၀၁၃ ခုနှစ်အတွင်း ရန်ကုန်မြို့ဆီ ၂ ခေါက်တောင် ရောက်ခဲ့ပါတယ်။ ၂ ခေါက်စလုံးမှာ ဘတ်စ် ကားရော၊ မြို့ပတ်ရထားကိုပါ အခြေနေသိနိုင်ဖို့အတွက် တိုးစီးဖူးခဲ့ပါတယ်။
“နော်ဝေးက ဘတ်စ်ကားတွေ၊ မြို့ပတ်ရထားတွေနဲ့ ရန်ကုန်က ဘတ်စ်ကားတွေ၊ မြို့ပတ်ရထားတွေ ဘာကွာသလဲ” ဆိုပြီး ထပ်မေး မလို့လား။ ကွာတာမှ အတော်ကွာပါတယ်ဗျာ။ ဥရောပတိုက်က ဖွံဖြိုးပြီးနိုင်ငံ တွေကိုထားလိုက်ပါ။ ဖွံဖြိုးဆဲလဲဖြစ်၊ လောလောဆယ် စစ်တပ် အုပ်ချုပ်နေတဲ့ အိမ်နီးချင်းနိုင်ငံလဲဖြစ်တဲ့ ထိုင်းက ဘတ်စ်ကားတွေနဲ့ မိုးပျံရထားတွေ၊ မြေအောက်ရထားတွေကိုပဲကြည့်ပါ။ မြန်မာနိုင်ငံက ကားတွေထက် အများကြီးပိုသာပါတယ်။ မြို့ပတ် ရထား အခြေနေကတော့ မနှိုင်းယှဉ်လောက်အောင်ကို ကွာသွားပါပြီ။
“ခင်ဗျားဗျာ၊ နိုင်ငံခြားက ပြန်လာပြီး ဘတ်စ်ကား တိုးစီးနေရတယ်လို့၊ တက္ကစီငှားစီးပါလား”ဆိုပြီး အထွန့်တက်ချင်သူတွေ ရှိကောင်း ရှိနိုင်ပါတယ်။ ပိုက်ဆံရှိရင် ဘယ်သူမဆို တက္ကစီ ငှားစီးနိုင်တယ်၊ ကိုယ်ပိုင်ကားလည်း ဝယ်စီးနိုင်တယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမယ့် ကျနော် အခုဆွေးနွေးနေတဲ့ကိစ္စက တက္ကစီ မစီးနိုင်တဲ့ကိစ္စ မဟုတ်။ အများပြည်သူ ခရီးသွားလာရေးနဲ့ဆိုင်တဲ့ Publish Transportation ကိစ္စ၊ Mass Transportation ကိစ္စ၊ ထိုင်းနဲ့မြန်မာ ဘာကြောင့် ဒီလောက်အထိ ကွာသွားသလဲဆိုတဲ့ ကိစ္စဖြစ်ပါတယ်။
ဒီလို စဉ်းစားနေတုန်း ဝင်လာတဲ့ သတင်းတပုဒ်ကတော့ လာမယ့် ၂၀၁၆ ကနေ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာလည်း လျှပ်စစ် ရထား (ကိုလိုနီခေတ်က ရှိခဲ့ဖူးတဲ့ ဓတ်ရထား) တွေပြေးဆွဲတော့မှာဖြစ်တယ်လို့ ရထားဝန်ကြီး ဦးသန်းဌေးက သြဂုတ်လ ၁၆ ရက်မှာ ပြောကြားလိုက်တယ် ဆိုတဲ့သတင်းပါ။ စာဖတ်သူ တွေစိတ်ထဲ ဘယ်လိုခံစားရသလဲတော့ မသိပါ။
ကျနော့်စိတ်ထဲတော့ “လာရွှီးနေပြန်ပြီ” လို့ပဲ ပြောလိုက် မိပါတယ်။ ဟုတ်တယ်လေ။ ၂၀၁၆ ဆိုတာ ၂ နှစ်ပဲလိုတော့တာ။ အခုချိန် အထိ ဘာမှပြင်ဆင်တာ မတွေ့ရသေး။ လက်ရှိပြေးနေတဲ့ ရန်ကုန်မြို့ပတ် ရထားလမ်းနဲ့ ရထားကိုတောင် ပြန်လည်ပြင်ဆင်မှုမလုပ် သေးဘဲနဲ့ ၂၀၁၆ မှာ ဘယ်လိုလုပ် ဓတ်ရထားစီးဖို့ ဖြစ်နိုင်မှာလဲ။
ဒါပေမယ့် ၂၀၁၆ မှာဖြစ်နိုင်တာ၊ မဖြစ်နိုင်တာကိုအပထား။ ဝန်ကြီးတွေ၊ ခရိုနီတွေ၊ သူပုန်ဟောင်းတွေ ဇိမ်ခံကားစီးပြီး အဆင်ပြေ နေ ရုံနဲ့ မဖြစ်သေးဘူး။ အများပြည်သူအတွက် Publish Transportation, Mass Transportation ကိစ္စကိုလည်း ဒီလိုပြောဖော်ရလာတဲ့ အတွက်တော့ ရထားဝန်ကြီးကို ကျေးဇူးတင်ရမှာပါ။ တချို့ ဝန်ကြီးတွေဆို ဒီလိုမစဉ်းစားမိကြဘူး မဟုတ်ပါလား။
သမ္မတ ဦးသိန်းစိန်နဲ့အတူ နော်ဝေးခရီးစဉ်အတွင်း လိုက်ပါလာတဲ့ သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းကဆိုရင် အများပြည်သူနဲ့ ဆိုင်တဲ့ Publish Transport ကိစ္စကိုမပြောဘဲ သူတို့အစိုးရလက်ထက်မှာ ရန်ကုန်က လမ်းမတွေပေါ် ကားတွေပို များလာတယ်၊ ဒါဟာ အရင် အစိုးရ လက်ထက်ကထက် ပိုတိုးတက်လာတဲ့ သဘော၊ လူတွေအရင်ကထက် စီးပွားရေး ကောင်းလာတဲ့သဘော၊ ဝင်ငွေပိုကောင်း လာတဲ့ သဘောလို့ ပြောသွားပါတယ်။ ပြီးတော့ တလောကလုပ်ခဲ့တဲ့ စင်ကာပူအခြေစိုက် သတင်းဌာနတခုနဲ့ အင်တာဗျုးမှာလည်း မြန်မာနိုင်ငံမှာ ကားတွေများလာတာကိုပဲ တိုင်းပြည်တိုးတက်ခြင်းရဲ့ သင်္ကေတတခုအဖြစ် သူက ထပ်မံပြောဆိုသွားခဲ့ပါသေးတယ်။
စိတ်ဝင်စားဖို့ ကောင်းတာကတော့ ဦးစိုးသိန်း အဲဒီလိုပြောပြီး ရက်အပိုင်းတွင်း (သြဂုတ်လ ၆ ရက်နေ့) Facebook ပေါ်တက်လာတဲ့ Post တခုပါ။ ပိုပြီးစိတ်ဝင်စားဖို့ ကောင်းတာကတော့ အဲဒီ Post ကို တင်လာသူက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ မြေး၊ လက်ရှိ သမ္မတ ဦးသိန်းစိန်ရဲ့ လူမှု စီးပွား အကြံပေးအဖွဲ့ဝင်ဖြစ်တဲ့ သမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦး ဖြစ်နေခြင်းပါပဲ။
သူ့ Post ထဲမှာ ဘာရေးထားသလဲဆိုတော့ “ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဆိုတာ ဆင်းရဲတဲ့သူတွေ ကိုယ်ပိုင်ကားစီးနိုင်တဲ့ နိုင်ငံမဟုတ်ဘူး။ လူချမ်းသာတွေပါ အသုံးပြုနိုင်တဲ့ အများသုံးပို့ဆောင်ရေး စနစ် ရှိတဲ့နိုင်ငံ ဖြစ်တယ်”တဲ့။
ဒီ Post ကို Like လုပ်သူ နှစ်သောင်းနှစ်ထောင် ကျော်၊ Share သူ သုံးထောင့်ငါးရာ ကျော် ရှိပြီး Comment ရေးသူ သုံးရာ နီးပါးရှိပါတယ်။ မြန်မာနိုင်ငံသားတွေ ရဲ့ခံစားချက်နဲ့ ဒီ Post အတော့်ကို ကွက်တိဖြစ်နေပုံ ရပါတယ်။
ဒါပေမယ့် ဒီ Post ကို သူကိုယ်တိုင်ထွင် ပြောတာမဟုတ်ဘဲ ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့တော်ဝန်က ပြောတယ်လို့ မူရင်းအဆိုကိုပါ ဟောဒီလို တွဲဖော်ပြထားပါတယ်။
A developed country is not a place where the poor have cars. It’s where the rich use public transportation.” – Gustavo Petro, Mayor of Bogotá.
ကိုလံဘီယာ ဆိုတာ မြန်မာနိုင်ငံလိုပဲ လက်နက်ကိုင် ပဋိပက္ခကြားကနေ ရုန်းထွက်နေရဆဲ နိုင်ငံတခုပါ။ ဒီစကားကို ပြောတဲ့ မြို့တော်ဝန် ကိုယ်တိုင် သူပုန်ဘဝကနေ နိုင်ငံရေးသမား ဖြစ်လာသူလို့ သိရပါတယ်။ ဆိုတော့ မြန်မာနိုင်ငံက နိုင်ငံရေးသမားတွေ၊ ကားပါမစ်ယူနေကြတဲ့ သူပုန်ဘဝကနေ နိုင်ငံရေးသမားဖြစ်ဖို့ပြင်နေသူတွေ၊ စစ်ဗိုလ်ဘဝကနေ ဝန်ကြီး ဖြစ်လာသူတွေ၊ ဘာကြောင့် သူ့လို မစဉ်းစားဖြစ်တာလဲ။
တနည်းအားဖြင် ပြောမယ်ဆိုရင်တော့ နိုင်ငံခြားကနေ ဇိမ်ခံကားတွေချည်း တင်သွင်းမနေဘဲ ဘတ်စ်ကားတွေပါ တင်သွင်းဖို့၊ ဓတ် ရထားတွေပါ တင်သွင်းဖို့ လိုနေပါတယ်။
ထပ်ဖြည့်ပြောရမယ် ဆိုရင်တော့ ငွေရှိရင် လူတိုင်းဝယ်နိုင်တဲ့ ရုပ်ဝတ္တု ပစ္စည်းတွေချည်း တင်သွင်းမနေဘဲ ဘိုဂိုတာမြို့တော်ဝန် စဉ်းစားသလိုမျိုး စွမ်းရည်ရှိတဲ့ တွေးခေါ် စဉ်းစားပုံတွေကိုပါ မြန်မာနိုင်ငံဆီ တင်သွင်းဖို့လိုနေပြီလို့ ထင်မိပါတယ်။ ။