တိုင်းပြည် အကူးအပြောင်းအတွက် ဝိုင်းပြီး ရုန်းကန်နေကြတဲ့ အခြေအနေမှာ စာပေအနုပညာရှင်များလည်း နိုင်ငံရေး နယ် ပယ် ထဲ ပါဝင်လာဖို့ လိုအပ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆို လိုက်ပါတယ်။
ဒီနေ့ မနက်ပိုင်းက ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမမှာ ပြုလုပ်တဲ့ စာပေအနုပညာရှင်များနဲ့ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့ နိုင်ငံအတွက် အရေးအကြီးဆုံး အချိန်ပါ၊ စာပေအနုပညာရှင်တွေ ကူညီဖို့ လိုတယ်၊ ကျမတို့ လုပ်နေတဲ့ အလုပ်တွေမှာ အတူတူ လက်တွဲလုပ်ဖို့ လိုပါတယ်”လို့ ပြောပါတယ်။
စာပေအနုပညာရှင်တွေဟာ ပြည်သူပြည်သားတွေ လက်ခံယုံကြည်ရမယ့်၊ လုပ်ဆောင်ရမယ့် တာဝန်တွေကို မီးမောင်းထိုးပြ စေချင်ကြောင်း၊ ထမ်းဆောင်ရမယ့် တာဝန်တွေကို အကြံဉာဏ် ပေးစေလိုကြောင်း၊ အဲဒီ တာဝန်တွေကို အကောင် အထည် ဖော်ဖို့နဲ့ တိုးတက်ဖို့ ကိစ္စတွေမှာလည်း အကူအညီပေးစေလိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆို သွားပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ စာပေအနုပညာရှင်တွေရဲ့ ဒီနေ့ တွေ့ဆုံမှုကပထမဆုံးအကြိမ် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။
စာပေအနုပညာရှင်တွေ အနေနဲ့ နိုင်ငံရေး နယ်ပယ်က ပုဂ္ဂိုလ်တွေနဲ့အတူ လက်တွဲ လုပ်ကိုင်ဖို့၊ တိုင်းပြည်ရဲ့ အရေးကြီးဆုံးဖြစ် နေတဲ့ ကာလမှာ အနုပညာရှင်တွေ ပါဝင်လာဖို့၊ စာပေအနုပညာရှင်တွေရဲ့ အမြင် သဘောထားတွေကိုလည်း သိချင် တာ ကြောင့် တွေ့ဆုံပွဲကို စီစဉ်တာ ဖြစ်တယ်လို့ သိရပါတယ်။
“တိုင်းပြည် ပြောင်းလဲရေး လုပ်ဆောင်တဲ့ နေရာမှာ နိုင်ငံရေးသမားတွေချည်း လုပ်ဆောင်လို့ မရဘူး၊ နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေး ပါတီတွေက ပြောဆိုမှုတွေကို ပြည်သူတွေက နိုင်ငံရေးသမားတွေမို့ ပြောတယ်လို့ ထင်တတ်ကြတယ်”လို့ ဒေါ်အောင်ဆန်းစုကြည် က ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြီး“ဒီပါတီ ဟိုပါတီက မဟုတ်ဘဲ နိုင်ငံရေးသမားတွေ မဟုတ်တဲ့ စာပေအနုပညာရှင် တွေက ချပြရင် ပြည်သူတွေက လက်ခံကြပါတယ်၊ စာပေအနုပညာရှင်တွေဟာ အင်မတန်မှ ထူးခြားတဲ့ နေရာမှာ ရှိပါတယ်။ တာဝန် သိစိတ်လည်း ရှိဖို့ လိုပါတယ်”လို့ ပြောဆိုပါတယ်။
စာပေနယ်ပယ်က ပုဂ္ဂိုလ်တွေနဲ့ နိုင်ငံရေးနယ်ပယ်က ပုဂ္ဂိုလ်တွေ အချင်းချင်း အဆက်အသွယ် အမြဲရှိနေဖို့က အရေးကြီးတဲ့ အချက်တခု ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က အကြံပြုပါတယ်။
ဒီနေ့ တွေ့ဆုံပွဲကို ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ စာပေနယ်ပယ် အသီးသီးက ပုဂ္ဂိုလ် အများအပြား တက်ရောက်ပြီး စာရေးဆရာများကဏ္ဍ၊ ပန်းချီနဲ့ဓာတ်ပုံကဏ္ဍ၊ ကဗျာဆရာများကဏ္ဍ နဲ့ ကာတွန်းဆရာများကဏ္ဍ အသီးသီးက ၎င်းတို့ ကြုံတွေ့နေရတဲ့ အခြေ အနေတွေ၊ အခက်အခဲတွေနဲ့ တောင်းဆိုလိုတဲ့ အချက်အလက်တွေကို ပြန်လည် တင်ပြပြောဆို သွားကြပါတယ်။
“ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံသလို၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့လည်း စာနယ်ဇင်း တွေ ဘက်က ရပ်တည် ပေးစေချင်တယ်၊ အဖွဲ့ချုပ်ရဲ့ ဥပဒေ အထောက်အကူပြု အဖွဲ့တွေက ကြုံတွေ့နေရတဲ့ ဖိနှိပ်မှုတွေကို အထောက်အကူပြု ကူညီပေးစေချင်တယ်”လို့ တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ စာရေးဆရာမ စန်းစန်းနွဲ့(သာယာဝတီ) က ပြော ပါတယ်။
စာနယ်ဇင်းသမားများ ဖိနှိပ်ခံရခြင်း၊ ဖမ်းဆီးထောင်ချ ခံနေရခြင်းများ၊ ကဗျာဆရာတွေ အနေဖြင့် နိုင်ငံရေး ကိစ္စတွေမှာ ပါဝင် လှုပ်ရှားမှုများ၊ ကာတွန်းဆရာတွေ အတွက် လေ့လာရေး ခရီးစဉ်များ၊ ဆွေးနွေးပွဲများ ပေါ်ပေါက်လာရေး ကိစ္စများနဲ့ ပန်းချီဓာတ်ပုံဆိုင်ရာ ကိစ္စတွေကို ပြောဆို ဆွေးနွေးသွားကြကြောင်းလည်း သိရပါတယ်။