ကချင်ပြည်နယ် စစ်ဘေးရှောင် စခန်းရှိ ဒုက္ခသည်များကို လက်မှုပညာများ သွားရောက်သင်ကြားပေးပြီး ဒုက္ခသည်စခန်းမှ ထွက်ရှိလာသည့် ကုန်ပစ္စည်းများ ကို ဈေးကွက်သို့ တင်ကာ ရောင်းချပေးရန် ဆောင်ရွက်ပေးနေသော ကိစ္စနှင့် ပတ်သတ်ပြီး Sun Flower Group မှ မဖြူအိသိမ်းကို ဧရာဝတီသတင်းဌာနမှ အကြီးတန်း သတင်းထောက် နန်းဆိုင်နွမ်က သွားရောက် မေးမြန်းထားသည်။ မဖြူအိသိမ်းသည် ကချင် စစ်ဘေးရှောင်စခန်းများရှိ ဒုက္ခသည်များနှင့် နယ်အသီးသီးမှ အမျိုးသမီးများကို ကူညီထောက်ပံ့နေသူ တဦးဖြစ်ပြီး အမျိုးသမီးငယ်များ၏ ဘဝ ရပ်တည်ရေးအတွက် ရက်ကန်း သင်တန်းကျောင်းတွင် တက်ရောက်သင်ယူနိုင်ရန် ပို့ဆောင်ပေးနေသူ တဦးလည်း ဖြစ်သည်။
မေး။ ။ Sun Flower Group ကို ဘယ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး ဘာလုပ်ငန်းတွေကို လုပ်နေပါသလဲ။
ဖြေ။ ။ ၂၀၁၂ ခုနှစ် ဇန်နဝါရီက စဖွဲ့ခဲ့တယ်။ ဖွဲ့ပြီးတော့ သဘာဝ ဆိုးဆေး ပိတ်စတွေကို စုပါတယ်။ ရက်ကန်း ကျောင်းတွေနဲ့ ပေါင်းပြီးတော့ အလုပ်လုပ်တာပေါ့။ မြန်မာနိုင်ငံမှာ ရက်ကန်းကျောင်း ၁၄ ကျောင်းရှိပါတယ်။ တကယ်တော့ ကျမက ၂၀၀၆ ကတည်းက သဘာဝဆိုးဆေး ပိတ်စတွေကို ဂျပန်ကို စတင်ပို့နေပါပြီ။ ကျမမှာ ကုမ္ပဏီရှိပြီးသားပါ။ မြန်မာပြည် မှာတော့ လုံးဝ မရောင်းသေးဘူးပေါ့။ ဒါပေမယ့် အဲဒီတုန်းက ကျမက သက်သက် မှာပြီးတော့ ရောင်းတာပဲ ရှိပါသေးတယ်။ ၂၀၁၂ ဇန်နဝါရီလ ကနေစပြီးတော့ ရက်ကန်းကျောင်းသူ မိန်းကလေးတွေနဲ့အတူတူ တိုင်ပင်တယ်၊ သူတို့ဆီက ဒီဇိုင်းနဲ့ ကျမဆီက ဒီဇိုင်းနဲ့ တိုင်ပင်ပြီး ဒီဇိုင်း ထုတ်ကြတာပေါ့။ ၂၀၁၂ ဧပြီမှာ “ရိုးရာအထည်နှင့် အသုံး အဆောင်ပစ္စည်း ထုတ်လုပ်ခြင်း အနုပညာ” ပြပွဲ ဆိုပြီး ပြပွဲတခု ပြုလုပ်ခဲ့တယ်။ မြန်မာပြည်မှာ ပထမဆုံးပေါ့။ ဒီလိုပြပွဲက သိပ်လည်း မရှိဘူးလေ။ လောကနတ် ပြခန်းမှာ လေးရက်လုပ်တယ်။ လုပ်တဲ့အချိန်မှာပဲ တောင်ကြီး ရက်ကန်းကျောင်းက ကလေးတွေ ခေါ်လာတယ်။ ခေါ်လာပြီး သူတို့လုပ်တဲ့ ပစ္စည်းတွေကိုရောင်းတယ်။ ကျမတို့ ဒီပြခန်း မလုပ်ခင်မှာပဲ သူတို့က ကျောင်းဆင်း ထားတယ်လေ။ အဲဒီနောက်မှာ ကျမက သူတို့ကို ဇွန်လကစပြီး အခြေခံလစာနဲ့ ခန့်လိုက်တယ်၊ သူတို့ကို ရက်ကန်းတွေ ရက်ခိုင်းတယ်။ ထွက်လာတဲ့ဟာကို ကျမ ပုံမှန် ဈေးနဲ့ပြန်ဝယ်ပါတယ်။ အခြေခံ လစာ ခိုင်နေတဲ့အတွက် အလုပ်ကို အာရုံစိုက် လုပ်နိုင်တယ်။ တခြားပိုက်ဆံလည်း ထပ်ရှာစရာမလိုဘူး။ အရည်အသွေး ထိန်းလို့ရတာပေါ့။ အဲဒါက ကျမရဲ့ Sun Flower Group ကိုစလိုက်တာပါပဲ။
မေး။ ။ ဒုက္ခသည်စခန်းက အမျိုးသမီးတွေကို လက်မှုပညာ သင်ပေးတာနဲ့ ပတ်သတ်ပြီးတော့ သိချင်ပါတယ်။
ဖြေ။ ။ တကယ်တော့ လက်မှုနဲ့ ပတ်သတ်ပြီးတော့ ကျမရဲ့ ယောင်းမက စလုပ်တာပါ။ ဒီမှာ တကယ်တော့ ကချင် ဒုက္ခသည် စခန်းမှာရှိတဲ့ မိန်းကလေးတွေကို ကျမက မြစ်ကြီးနား ရက်ကန်းကျောင်းမှာ ရက်ကန်းပညာသင်းဖို့ ပြောတဲ့အချိန်မှာ သူတို့က စခန်းထဲကနေ မထွက်ချင်ဘူး။ စစ်ပွဲတွေ ဖြစ်နေတော့လည်း မိသားစုနဲ့မခွဲချင်ကြဘူး။ မခွဲချင်တော့လည်း သူတို့ကို ဒီထဲမှာ နေချင်တယ်။ အိုးမကွာ အိမ်မကွာနေချင်တော့ ကျမက သူတို့ကို ရက်ကန်းကျောင်း ဘယ်လိုမှ ပို့လို့မရဘူး။ အဲဒါကို ခဏရပ်ထားပြီး ဒီလုပ်ငန်းကို လုပ်လိုက်တာပါ။ တကယ်ဆိုရင် သူတို့သာ ဒီရက်ကန်းအလုပ် လုပ်မယ်ဆိုရင် ၆ လ သွားနေပြီးရင် ရက်ကန်းစင်ကို စခန်းထဲမှာ လေး၊ ငါး ခုလောက်နဲ့ ဆိုရင် သူတို့ဝင်ငွေရမယ်လေ။ တကယ်တော့ သူတို့လုပ်ရင် ရက်ကန်းစင်အတွက် ငွေထုတ်ပေးမယ့် အဖွဲ့ရှိတယ်။ ဒါပေမယ့် တကယ်တော့ သူတို့မသွားနိုင်ဘူး။
မေး။ ။ Sun Flower Group က ဘယ်လိုလူမျိုးတွေကို အဓိက ထောက်ပံ့ပေးနေလဲ။
ဖြေ။ ။ ကျမတို့က အမျိုးသမီးတွေကို အဓိက ထောက်ပံ့ပေးနေတာပါ။ အမျိုးသမီးတွေကို လုပ်ငန်းရှာပေးတယ်။ သူတို့ဆီက ထွက်လာတဲ့ ကုန်ပစ္စည်းတွေအတွက် ကျမက ဈေးကွက်ရှာပေးပါတယ်။
မေး။ ။ မဖြူအိသိမ်းက ဘယ်လိုလုပ်ငန်းတွေကို အမျိုးသမီးတွေအတွက် အဓိက ရှာဖွေပေးပါသလဲ။
ဖြေ။ ။ကျမကတော့ ရက်ကန်းနဲ့ သဘာဝဆိုးဆေးက အဓိက ပါပဲ။ အဲဒီကနေ တဆင့် နောက်ထပ် ကိစ္ခ္စတွေလည်း ပွားသွားမှာပါ။
မေး။ ။ Sun Flower Group က ကချင် စစ်ဘေးဒုက္ခသည်တွေကို သင်တန်းတွေ ပေးနေတယ်လို့ ကြားပါတယ်။ အဓိက ဘာသင်တန်းတွေကို ပေးနေပါသလဲ။
ဖြေ။ ။ အဲဒီမှာကျတော့ ကြိုးထိုးနည်း သင်တန်း လေးရက်ပေးတယ်။ ပေးပြီးတော့ သင်ရင်းနဲ့ ပစ္စည်းထွက်အောင် ပြင်ပေးရင်း သင်ပေးရင်နဲ့ ပစ္စည်းနည်းနည်းတော့ ထွက်လာပါတယ်။ ငါးမျိုးလောက်ပဲ သင်နိုင်သေးတယ်။ လူအရမ်း များတာနဲ့၊ ကျမက သင်တန်း ဆရာမမဟုတ်တဲ့ အတွက်လည်း ပါပါတယ်။ အဓိက ကတော့ လက်ပတ်ကြိုး၊ လည်ပင်းကြိုးတွေ၊ ဖုန်းကြိုး တွေနဲ့ နားဆွဲ လုပ်နည်းလေးတွေ သင်ပေးခဲ့တယ်။ ကျောက်တွေနဲ့ ကြိုးတွေနဲ့ လုပ်ရတာ ဆိုတော့ ကျောက်က မြန်မာပြည်မှာ ရနိုင်တယ်၊ ကြိုးကတော့ ဖယောင်းကြိုးဆိုတော့ ထိုင်းနိုင်ငံ ချင်းမိုင်ကနေ မှာရတာပေါ့။ သူတို့ဆီက ထွက်တဲ့ ပစ္စည်းတွေကို ကျမက ရန်ကုန်မှာရောင်းပေးမယ်။ အခု လောလောဆယ်တော့ သူတို့အတွက် တလ ဘယ်လောက်ဆိုတဲ့ ဝင်ငွေမရနိုင် သေးဘူး။ နောက်ပိုင်း လုပ်ငန်းလည်ပတ်မှု ရှိလာရင်တော့ လူတယောက် လခ ဘယ်လောက်လဲ ဆိုတာ ကွာသွားမယ်ပေါ့။ အခုတော့ အားလုံးက တန်းတူပါပဲ။ မန့်ဝိန်းကြီး၊ နမ့်ခမ်း၊ မူဆယ်၊ မန္တလေး အဲဒီနေရာတွေက ရန်ကုန်ထက်စာရင် ဈေးနည်းတယ်။ ပို့ဆောင်စားရိတ် သက်သာမယ်ပေါ့။ မန့်ဝိန်းကြီးမှာ ရောင်းမယ်ဆိုရင်တောင် သယ်ယူစားရိတ်က ကုန်မှာမဟုတ်ဘူး။ သြဂုတ်လ ကုန်ရင် နောက်ထပ်တခါ ထပ်သွားမယ်။ ဆရာမပါ ခေါ်သွားပါမယ်။ မျိုးစုံ တက်အောင် သင်မယ်။ မန့်ဝိန်းကြီးမှာ ဈေးကွက် ဆင်းပေးခဲ့မှာပါ။
မေး။ ။ ဘယ်အချိန်ကတည်းက သွားပြီး သင်တန်းတွေ ပေးခဲ့ပါသလဲ။
ဖြေ။ ။ ဇွန်လ ၂၇၊ ၂၈၊ ၂၉၊ ၃၀ ကနေ စပြီး သင်ပေးခဲ့တာပါ။ သင်တာ ဘယ်လောက်မှ မရှိသေးဘူး။ မန့်ဝိန်းကြီးက ပုံမှန်ဖြစ်သွားပြီ၊ ဈေးကွက်လည်း ရသွားပြီ၊ ထိုက်သင့်တဲ့ ဝင်ငွေလည်း ဖြစ်ပြီဆိုရင်တော့ ကျမ တခြား စခန်းကို ပြောင်းပြီး သင်ပေးမှာပါ။ ဒီဘက် ပုံမှန် မဟုတ်ဘဲ ကျမ တခြားတခုကို ကူးမယ်ဆိုရင် ဟိုမနိုင် ဒီမနိုင်ဖြစ်မှာ စိုးတယ်။ သူတို့ကို အရင် အခြေတည်မယ်ပေါ့။ ဥပမာ- ရက်ကန်းလည်း အတည်ဖြစ်သွားတော့မှ ကျမ ဒီဘက်ကို အခြေချခဲ့တာလေ။ ဒါပေမယ့် ဒီဘက်တွေကို သင်တန်း ဆရာမက သွားနိုင်မယ်ဆိုရင်တော့ အမြန်ဆုံး သွားနိုင်မှာပါ။
မေး။ ။ ကချင်ပြည်နယ်ကို အဓိက ဦးတည်ပြီး လုပ်ဖြစ်တဲ့အကြောင်း ရှင်းပြပေးပါလား။
ဖြေ။ ။ အဓိက စလုပ်ဖြစ်တာကတော့ Sun Flower Group စလုပ်တဲ့ အချိန်မှာကတော့ ဘယ်နယ်မြေမှာ ရှိတဲ့ အမျိုးသမီးတွေ အတွက် ဖြစ်ဖြစ် စလုပ်ပေးတာ၊ အစကတော့ ရက်ကန်းပါပဲ။ ရက်ကန်းဆိုရင် တပြည်လုံးကို လိုက်လုပ်ချင်တာ။ ကျောင်း ၁၄ ကျောင်းနဲ့ချိတ်ပြီးတော့ အလုပ်လုပ်ချင်တာ။ အဲဒီနားမှာ ရှိတဲ့အမျိုးသမီးတွေ အလုပ်ရမယ်လေ။ ဒါပေမယ့် အခု ကချင်ဘက်ကို ဘာလို့ လုပ်ရလဲဆိုတော့ ဒုက္ခ္ခ္ခသည် စခန်းထဲမှာရှိတဲ့ အမျိုးသမီးတွေက သုံးနှစ် ကျော်သွားပြီ၊ ဘယ်တော့မှ အိမ်ပြန်ရမယ် ဆိုတာ မသိဘူး။ သူတို့အလုပ်တွေလည်း ပျက်နေပြီ။ ဘာလယ်မှလည်း လုပ်လို့ မရတော့ဘူး၊ ယာလည်းလုပ်လို့မရ။ တကယ်တော့ ထွက်လုပ်မယ် ဆိုရင်လည်း ရာသီပေါ်တဲ့ ပြောင်းစိုက်တာ၊ ကြံခုတ်တာ … ဒီလို ရာသီပေါ်တဲ့ အချိန်ပဲလုပ်နိုင်တယ်။ ပြီးတော့ ကလေးမွေးကြတဲ့ အမျိုးသမီးတွေကျတော့ အပြင်ထွက် အလုပ်လုပ်ဖို့ မဖြစ်နိုင်ဘူး။ စခန်းထဲမှာပဲ သူတို့ကို အလုပ်ဖော်ပေးမယ် ဆိုရင် သူတို့ ဝင်ငွေရမယ်။ စခန်းထဲမှာ နေရင်နဲ့ပဲ ဝင်ငွေရမယ်လေ။ နောက်ဆုံး ဒီအလုပ်က သူတို့ ရွာပြန်သွားရင်တောင် လုပ်လို့ရတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပါ။ နောက်တခုကလည်း ဝင်ငွေတခုရအောင်၊ နောက်ပြီးတော့ သူတို့ဝင်ငွေ မဲ့နေတာ ကြာပြီ၊ နောက် လစဉ် အရင်တုန်းက တယောက်ကို ၆ ထောင်ရနေတာကနေ ပြီးခဲ့တဲ့ လက တဦးကို ၆ ထောင်မရတော့ဘူးတဲ့။ အခု စလုပ်တဲ့အလုပ်ကနေ တလလုံးစာ ဝင်ငွေမရပေးမယ့်လို့ ၆ ထောင်လောက်ဝင်ရင် အိမ်ကို တဘက်တလမ်းက ထောက်ပံ့ ရတာပေါ့။ အတူတူ လုပ်ငန်းလုပ်ချင်းအားဖြင့် အမျိုးသမီးတွေ တယောက်ကိုတယောက် တိုင်ပင်လာမယ်၊ တယောက် ဒုက္ခ္ခ္ခကို တယောက် ပြောပြမယ်၊ ရင်ဖွင့်တယ်၊ တယောက်က ပြန်ဖြေရှင်းပေးမယ်။ ဒီလိုမျိုးနဲ့ကျတော့ သူတို့အချင်းချင်းရဲ့ Community လေးမှာ ဆွေးမျိုးတွေလို၊ မိသားစုတွေလို အချင်းချင်း ပြန်ကူညီနိုင်မယ်။ စိတ်ဒဏ်ရာတွေ ရှိတဲ့အခါမှာ အချင်းချင်း ရင်ဖွင့်လိုက်ရင် သက်သာလာမယ်။ ပြီးတော့ အလုပ်လုပ်တဲ့ အခါမှာလည်း စိတ်ကို ဒီအထဲ နှစ်ထားတော့ စိတ်ညစ်စရာတွေ သိပ် မရှိတော့ဘူးပေါ့။ ကလေးထိန်းရင်းနဲ့လည်း လုပ်လို့ရတယ်လေ။ ကိုယ့်ကိုယ်ကိုယ်လည်း ရပ်တည်နိုင်မယ်လေ။
မေး။ ။ ကချင် ဒုက္ခသည်တွေ ဆပ်ပြာတွေ စရောင်းနေတယ်လို့ ကြားရပါတယ်။ ဘယ်နေရာ တွေမှာ စရောင်း နေပါသလဲ။
ဖြေ။ ။ ဆပ်ပြာကတော့ စရောင်းနေပါပြီ၊ မန့်ဝိန်းကြီးမှာ ရောင်းနေပါပြီ။ ဒီထက် ပိုလုပ်ပေးနိုင်ရင်တော့ ကောင်းတာပေါ့။ ပုံမှန်တော့ တပတ်ကို ဘယ်နှကြိမ် ဆိုပြီးတော့ ထုတ်နေပါပြီ။ ဒီထက် ပိုလုပ်ပေးနိုင်ရင် နမ့်ခမ်းတို့ မူဆယ်တို့ ဘက်ကို သွားရောင်း နိုင်ပါတယ်။ ဖြန့်ပေးနိုင်ရင် ပိုကောင်းပါတယ်။ အဓိက ဗူးပါပဲ။ ဗူးကိုလုံအောင် ထုပ်ပေးနိုင်ရင် ဝေးတဲ့နေရာ ရောင်းလို့ရပါတယ်။ ပြီးတော့ အခုဆိုရင် စခန်းမှာ ဆပ်ပြာ ဝယ်စရာ မလိုတော့ဘူးလေ။ ဘာပဲပြောပြော ပိုက်ဆံ မကုန်တော့ဘူးပေါ့။
မေး။ ။ Sun Flower က အမျိုးသမီးကို ကူညီနေတဲ့ အဖွဲ့အစည်းတခု ဖြစ်နေတဲ့အတွက် အဓိက အခက်အခဲက ဘာတွေများ ရှိပါသလဲ။
ဖြေ။ ။ အဓိကကတော့ ကုန်ပစ္စည်း တခု ထုတ်တဲ့အခါမှာ အရည်အသွေးမီအောင် လုပ်ရပါတယ်။ အဲဒါ အတွက်တော့ အချိန်ပေးရတယ်။ ရက်ကန်း လုပ်တုန်းကလည်း သုံးနှစ်အချိန် ပေးခဲ့ရတယ်။ သုံးနှစ် အချိန်ပေးပြီးမှ ကိုယ်လိုချင်တဲ့ အရည်အသွေး ရတယ်လေ။ အခုလည်း ဒီလိုပါပဲ၊ အချိန်ပေးရလိမ့်မယ်။ လေ့ကျင့်မှုရယ်၊ နောက်ပြီး စိတ်ကူး စိတ်သန်း တွေပေါ့နော်။ အခက်အခဲလို့ ပြောရမယ် ဆိုရင်တော့ အများကြီး မရှိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အခုလုပ်ပေးနေတဲ့ စခန်းကလည်း သွားနေကြ စခန်းတခု ဖြစ်နေတယ်လေ။ ပြီးတော့ သူတို့ ကိုယ်တိုင်ကလည်း ဒီအပေါ်မှာ မျှော်လင့်ချက် ထားပြီး လုပ်ချင်တယ်။ ပစ္စည်း အနေအထား ပြောရမယ်ဆိုရင်လည်း ဝယ်လို့ရမယ်။ ဒါပေမယ့် နောက်ပိုင်းကျရင် လမ်းကြောင်း စားရိတ်က ရှိတယ်။ ဒါကြောင့် တခြား ကုန်ပစ္စည်းနဲ့စာရင် နည်းနည်းတော့ ဈေးကြီးမှာပေါ့။ သြဂုတ် လကုန်မှာ စခန်းထဲမှာနေတဲ့ အမျိုးသားတွေနဲ့ ပတ်သတ်ပြီး ဝါးလုပ်ငန်း၊ ဝါးပစ္စည်းတွေ၊ ဆန်ကော၊ ဆန်ခါတွေ လုပ်ဖို့ ကိစ္စ စကားပြောခဲ့တယ်။ သူတို့ ရိုးရာထိုးနည်း တွေနဲ့ ကျမက အိုင်ဒီယာနဲ့ ပေါင်းပြီး ထိုးကြတာပေါ့။
မေး။ ။ ရက်ကန်းနဲ့ ပတ်သတ်ပြီးတော့ ဒုက္ခသည် အမျိုးသမီးငယ်တွေကို ထပ်ပြီး ပြောမှာလား။
ဖြေ။ ။ စခန်းက သွားတာ ၁၀ ခါ ရှိပြီဆိုတော့ သူတို့နဲ့ တော်တော်ရင်းနှီးနေပါပြီ။ ရက်ကန်းကျောင်းသွားဖို့ အမျိုးသမီးငယ် တွေကို ထပ်ပြီး ပြောကြည့်ရဦးမှာပါ။ ၁၀ တန်းအောင်တဲ့ ကလေးတွေ၊ ကျောင်းဆက်မတက်တဲ့ ကလေးတွေ ရှိတယ်။ တရုတ်ပြည်ကို သွားပြီး အလုပ်လုပ်နေတဲ့ ကလေးတွေရှိတယ်။ သူတို့ကို ဝင်ငွေရအောင်တော့ လုပ်ပေး ရမှာပေါ့။ တကယ်လို့ ဒီရက်ကန်းကို လုပ်မယ်ဆိုရင် တသက်လုံး အသက်မွေး ဝမ်းကျောင်းလို့ ရသွားမယ်လေ။
မေး။ ။ အရမ်းဝေးတဲ့ ဒုက္ခသည်စခန်း တွေကိုရော သွားပြီး ကူညီဖို့ ရှိပါသလား။
ဖြေ။ ။ ကျမကတော့ သွားချင်ပါတယ်။ အရမ်းဝေးတဲ့ နေရာကျတော့ လမ်းပန်း ဆက်သွယ်ရေးနဲ့ ပစ္စည်းတွေ တင်ပို့မှုအတွက် အရမ်းခက်ခဲတယ်။ ပြီးတော့ သူတို့ဒေသမှာရှိတဲ့ ပစ္စည်းကို အရင် စရှာရမှာလေ။ သူတို့မှာ ရှိတဲ့ပစ္စည်းနဲ့ လုပ်တော့ ပိုပြီးအဆင်ပြေတာပေါ့။
မေး။ ။ Sun Flower Group က လူဘယ်နှဦးနဲ့ ဖွဲ့ထားတာလဲ။
ဖြေ။ ။ ဘယ်နှယောက်လဲ ဆိုရင်တော့ လေးယောက်ပါ။ ကျမရဲ့ အစ်မ၊ ကျမ၊ မောင်လေးရယ်၊ ကျမ ယောင်းမရယ်ပါ။ ကျမရဲ့ အစ်မက ငွေကြေး ထောက်ပံ့ပါတယ်။ ငွေကြေး နည်းနည်းနဲ့ လုပ်နေရတာပေါ့။ တခြား ထောက်ပံ့ကြေး တွေနဲ့လည်း သွားလို့တော့ ရပါတယ်။ ကျမကိုလည်း လျှောက်ခိုင်းပါတယ်။ ဒါပေမယ့် ကြီးပြီးတော့ မနိုင်မှာစိုးလို့ ကိုယ်နိုင်သလောက်ကနေ လုပ်သွားချင်တယ်။ အရင်က ရက်ကန်းလုပ်ငန်းကို လခ မပေးနိုင်ခဲ့ဘဲ ဝယ်ပြီးရောင်းတာပဲ လုပ်နိုင်တယ်။ ကျမက ဝန်ထမ်းပဲ ထည့်ထားတာ။ ရက်ကန်းရုံ မပိုင်ဘူး။ ကျမထည့်ထားတဲ့ ဝန်ထမ်းတွေ ဆီက ထွက်သမျှ ကုန်ပစ္စည်း ကိုတော့ ကျမ ရောင်းပေးတာပေါ့။ အဲဒီပစ္စည်းတွေကို ရန်ကုန်မှာ ရောင်းတယ်၊ ဂျပန်မှာ ရောင်းတယ်။ ဒုက္ခသည် စခန်းက ထွက်တဲ့ ပစ္စည်းတွေကို လောလောဆယ်တော့ နှစ်နေရာပဲ ပို့ထားပါတယ်။ နောက်ထပ် နှစ်နေရာလည်း တင်ရောင်းပေးမယ်လို့ ပြောပါတယ်။ အင်းလေးဘက်လည်း ပစ္စည်းတွေ တင်ရောင်းဖို့ ပြောထားပါတယ်။ ရက်ကန်း ကိစ္စကိုတော့ ကျမထပ်ကြိုးစားဦးမှာပါ။ အရင်က လူ ၇ ယောက်၊ အခုတော့ လူ ၁၀ ယောက်ကို လစာ ပေးနိုင်ခဲ့ပြီ။ နောက်နှစ် ရက်ကန်းကျောင်း ပြီးရင်တော့ လူ ၁၀ ယောက် ထပ်တိုးမယ်။ အမရပူရမှာ ခွဲဖွင့်ထားတယ်။ ကျမက ဝန်ထမ်းပဲ ထည့်ပေးထားတယ်။
မေး။ ။ မဖြူအိသိမ်း အနေနဲ့ နောက်ထပ် ဘာတွေဆက်ပြီး လုပ်ဆောင်ဖို့ ရှိပါသလဲ။
ဖြေ။ ။ ကျမက ရက်ကန်းရယ်၊ ပြီးတော့ ယွန်းထည်တွေပါ လုပ်ဖို့ရှိပါတယ်။ ယွန်းထည် ပစ္စည်းတွေက မြန်မာပြည်မှာ သိပ်ပြီးတော့ မသုံးကြတော့ဘူးလေ။ ကျမရဲ့ အရည်အသွေးကိုလည်း မြှင့်တင်ချင်သေးတယ်။ ကျမက အရည်အသွေးကို တော်တော် ထိန်းချုပ်ပါတယ်။
မေး။ ။ မဖြူအိသိမ်း အနေနဲ့ ဘာတွေ ထပ်ပြောချင်ပါသလဲ။
ဖြေ။ ။ ပြောစရာအနေနဲ့ကတော့ အဓိက ငြိမ်းချမ်းရေး ဆွေးနွေးနေကြတယ်လေ။ ဆွေးနွေးတဲ့အချိန်မှာ စခန်းမှာရှိတဲ့ လူတွေက ဘာမှမသိကြဘူး။ သူတို့တွေက မျှော်လင့်ချက် မဲ့နေကြတဲ့လူတွေ လိုပါပဲ။ ဘယ်တော့ ပြန်ရမယ်ဆိုတာလည်း မသိကြဘူး။ ငြိမ်းချမ်းရေး ရဖို့လည်း စိတ်မဝင်စားတော့ဘူးတဲ့။ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ အချိန်မှာ အောက်ခြေကို မတွေးကြဘူး။ ငြိမ်းချမ်းရေးရမှ၊ အိမ်ပြန်ရမှ လုပ်ငန်း လုပ်ပေးမယ်ဆိုရင် အချိန်ပိုကြာမယ်။ ငြိမ်းချမ်းရေးရမယ့် အချိန်ကို စောင့်ရင်း အလုပ်လုပ်မယ် ဆိုရင် အချိန် အလဟသ မဖြစ်ဘူး။ လူအင်အား ဆုံးရှုံးတယ်။ စိတ်ဓာတ်အင်အား ကျဆင်းတယ်ပေါ့။ တကယ်ဆိုရင် ကျမတို့ အရင်ကတည်းက လုပ်ပေးသင့်တယ်။ စစ်ပွဲပြီးမှာလား ဆိုပြီး စောင့်နေရင်းကနေ ဒီအချိန်ထိ ရောက်တာပေါ့။ ဘာပဲပြောပြော အခု စလုပ်သင့်တယ်။ တချို့ကတော့ ငွေကြေးက အဓိကလို့ ပြောကြတယ်။ ဒါပေမယ့် သူတို့ စိတ်ဓာတ်တွေ ပြန်လည် ပြင်ဆင်ပေးဖို့ကလည်း လိုတယ်။ အဲဒါကြောင့် ကျမက သူတို့ကို လုပ်ပေးဖြစ်တာပေါ့။ ကျမက အရင်းအနှီး အများကြီး မတတ်နိုင်တော့လည်း သူတို့ကို လုပ်ပေးနိုင်မယ်လို့ မျှော်လင့်တဲ့စိတ်နဲ့ပဲ လုပ်ပေး နေတာပါ။