တနင်္သာရီတိုင်း ကော့သောင်းမြို့ရဲ့ အနောက်မြောက်ဘက် မြန်မာ့ပင်လယ်ပြင်မှာ ကျပ်သန်းပေါင်း ၁ သိန်း ၆ သောင်းကျော် တန်ဖိုး ရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ တရားမဝင် သစ်တွေသယ်ဆောင်လာတဲ့ သင်္ဘောတစီးကို မြန်မာ့ရေတပ်က ဖမ်းဆီးလိုက်တယ် လို့ သိရပါတယ်။
ကာလတန်ကြေး ကျပ်သန်းပေါင်း ၁၆၆၉၅၀ တန်ဖိုးရှိ Ecstasy အမျိုးအစား မူးယစ်ဆေးပြား ၂.၃၈၅ သန်းနဲ့ တရားမဝင် သစ် တန် ချိန် ၉၀ ပါဝင်တဲ့ အဲဒီသင်္ဘောကို ကင်းလှည့်နေတဲ့ မြန်မာ့ရေတပ်က အခုလ ၁၉ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးလိုက်တာ ဖြစ်တယ် လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ ရဲမှူးချုပ် ကျော်ဝင်းက ဧရာဝတီကို ပြောပါတယ်။
“ကျနော်တို့ အရင်မိတယ်ဆိုတာ ဒီဆေးပြားထက်နိမ့်တဲ့ ဆေးပြားတွေပဲမိတာပေါ့။ ဒီကောင်ကတော့ ကျနော်တို့ဆီမှာ ခေါင်းခါဆေး လို့လည်း ခေါ်တာပေါ့။ အစွမ်းထက်တယ်ဆိုတော့ တန်ကြေးလည်းကြီးတယ်။ တပြားကို ကျပ် ၇ သောင်း လောက်ရှိတယ်”လို့ ရဲမှူးချုပ် ကျော်ဝင်းက ပြောပြပါတယ်။
ပဲ့နင်း အပါအဝင် သင်္ဘောပေါ်မှာပါလာသူ ၁၅ ဦးလုံးကတော့ မြန်မာနိုင်ငံသားတွေဖြစ်ကြပြီး ဒီဆေးပြားတွေကို ထုတ်လုပ်သူ၊ထုတ် လုပ်တဲ့နေရာနဲ့ ပို့ဆောင်မယ့် နေရာတွေကိုတော့ လောလောဆယ် ကော့သောင်းမြို့နယ် ရဲစခန်းမှာ စစ်ဆေး မေးမြန်းနေဆဲဖြစ် တယ် လို့ ဆိုပါတယ်။
သင်္ဘောပေါ်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေရဲ့ တန်ဖိုးအရေအတွက်ဟာ ၂၀၁၄ ခုနှစ်ထဲမှာ အများဆုံးဖြစ်ကြောင်း သိရပြီး အခုဖမ်းဆီးရမိတဲ့ Ecstasy အမျိုးအစားဟာ ရဲတပ်ဖွဲ့တွေ ပုံမှန်ဖမ်းမိနေကြ ရာမ ခေါ် (မြင်းဆေး) ထက် တန်ဖိုးကြီးသလို ပြင်း အား လည်း ကြီးတယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးတပ်ဖွဲ့ က ပြောဆိုပါတယ်။
“ကျနော်တို့ဆီကတော့ အဲဒါမျိုး မထုတ်နိုင်ဘူးဗျ။ တခြားတိုင်းပြည်တခုကနေ ကျနော်တို့နိုင်ငံကို ဝင်လာပြီးတော့မှ မလေးရှား က နေ တဆင့် သယ်ကြလိမ့်မယ်နဲ့ တူတယ်။ ဆေးပြားတွေက တန်ကြေးလည်း ကြီးတယ်ဗျ။ ဝေးဝေးရောက်လေ တန်ကြေး ကြီး လေ ပဲ”လို့ ရဲမှူးချုပ် ကျော်ဝင်းက ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့နယ်ထဲမှာလည်း ပြီးခဲ့တဲ့ ဇူလိုင် လလယ်ပိုင်းက စတင်ပြီး မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး တပ်ဖွဲ့ က ပိတ်ဆို့ရှာဖွေရေး စီမံချက်တွေချမှတ် ဖမ်းဆီးခဲ့ရာမှာ နယ်စပ်ဖြတ်ကျော်ဖို့ ကြိုးစားတဲ့ မူးယစ် ဆေးဝါးတွေ တလအတွင်း ၈ ကြိမ်ထက်မက ဖမ်းဆီးဖော်ထုတ်ခဲ့တာကို တွေ့ရပါတယ်။
အခုဖမ်းမိမှုဟာ ကမ္ဘာ့ ကုလ သမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာရုံး (UNODC) နဲ့ မြန်မာအစိုးရတို့အကြား မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ ဘိန်းအစားထိုး ဖွံ့ဖြိုးရေးလုပ်ငန်း အပါအဝင် နိုင်ငံဖြတ်ကျော် မှုခင်းကိစ္စ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကိစ္စ၊ ပြစ်မှုဆိုင်ရာ တရားစီရင်ရေးကိစ္စ ၄ နှစ် စီမံကိန်းတခု အကောင်အထည်ဖော်ဖို့ လက်မှတ်ရေးထိုးလိုက်အပြီး ရက်ပိုင်း အတွင်းမှာ ဖမ်းဆီးပြခဲ့တာ ဖြစ်ပါတယ်။
အခုလ ၁၈ ရက်နေ့ထုတ်ပြန်လိုက်တဲ့ UNODC ရဲ့ ထုတ်ပြန်ချက်ထဲမှာလည်း မြန်မာနိုင်ငံရဲ့ ရာဇဝတ်မှုတွေဟာ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးစားအားထုတ်မှုတွေကို ဖျက်ဆီးနေပြီး လူသားလုံခြုံရေးနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကိုလည်း ခြိမ်းခြောက်နေတယ်လို့ ဖော်ပြ ထား ပါတယ်။
မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှဒေသတွင်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ နာမည်ကြီးနေပြီး ဆင်းရဲတဲ့နိုင်ငံဖြစ်နေတဲ့အတွက် ရာဇဝတ်မှုနဲ့ မူးယစ်ဆေးပြဿနာတွေကို ထိထိရောက်ရောက် ကိုင်တွယ် ထိန်းချုပ်ဖို့ လိုအပ်တယ်လို့လည်း ထောက်ပြထားပါတယ်။
ဒါ့အပြင် တရားမဝင် မူးယစ်ဆေးမှောင်ခို တိုက်ဖျက်ရေးကို မြန်မာနိုင်ငံနဲ့ UNODC တို့ လက်တွဲဆောင်ရွက်သွားကြမယ် ဆိုပေမယ့် လည်း ထိုင်း-လာအိုနဲ့ မြန်မာ သုံးနိုင်ငံ နယ်နမိတ်ချင်း ဆက်စပ်နေတဲ့ ရွှေတြိဂံ ဒေသနဲ့ တရုတ်-အိန္ဒိယ နယ်စပ် ဒေသတွေဟာ မူးယစ်မှောင်ခိုလုပ်ငန်း၊ သစ်နဲ့ လူမှောင်ခိုကူးသန်းမှုဆိုင်ရာ ကွန်ရက်ကြီးတခု အထင်အရှားရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။