အင်ဒိုနီးရှား နိုင်ငံရဲ့ သမ္မတသစ် မစ္စတာ ဂျိုကိုဝီဒိုဒို (Joko Widodo) သို့မဟုတ် ဂျိုကိုဝီ (Jokowi) ဟာ အင်ဒိုနီးရှား နိုင်ငံရေး လောကရဲ့ မျက်နှာသစ် တဦးပါ။ သူဟာ နိုင်ငံရေးနယ်ပယ်ထဲက မဟုတ်ခဲ့သလို ဩဇာကြီးတဲ့ အင်ဒိုနီးရှားရဲ့ တပ်မတော်ရဲ့ ကျောထောက်နောက်ခံ ရှိခဲ့သူလည်း မဟုတ်ပါဘူး။
အသက် ၅၃ နှစ်ပဲ ရှိသေးတဲ့ ဂျိုကိုဝီဟာ သူ့ရဲ့ Ready-made အပြုံးနဲ့ ဂျကာတာမြို့ထဲက လူတန်းစားမရွေးကို တွေ့တယ်။ အပယ်ခံ အနှိမ်ခံ လူနည်းစု လူမျိုးစုတွေကို ဖေးမတယ်။ သူဟာ ဂျကာတာ မြို့တော်ဝန် တာဝန်ကို ထမ်းဆောင်စဉ် တုန်းကလည်း မကြောက်မရွံ့ဘဲ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ခဲ့တယ်။ စာရေးတွေရဲ့ စားပွဲတွေ ပေါ်မှာ ကြန့်ကြာနေတဲ့ စီမံကိန်းတွေကို သူက လူချင်းတွေ့ပြီး ချက်ချင်း ဖြေရှင်း ဆောင်ရွက်ပေးတယ်။
ဒါတွေကြောင့်လည်း အရင်က နိုင်ငံရေးသမား ဟောင်းတွေနဲ့ ကွဲထွက်နေပြီး အသစ်ကို မျှော်လင့်တောင့်တ နေတဲ့ အင်ဒိုနီးရှား ပြည်သူပြည်သားတွေ အကြား အချိန်တိုအတွင်း လူကြိုက်များ ရေးပန်းစား သွားခဲ့ပါတယ်။
တချိန်က သမ္မတဖြစ်ခဲ့တဲ့ မစ္စ မေဃာဝတီ ဆူကာနိုပူထရီ (Megawati Sukarnoputri) ကို ထောက်ခံခဲ့၊ လေးစားခဲ့ သော်လည်း သူဟာ အခု အချိန်မှာတော့ သူ့ရဲ့ရုပ်သေးမဟုတ်ဘဲ လွတ်လွတ်လပ်လပ်ပဲ ကိုင်တွယ်အုပ်ချုပ်သွားမယ် လို့ ပြောခဲ့ပါတယ်။
မစ္စတာ ဂျိုကိုဝီရဲ့ ပြိုင်ဘက် ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto) က အခုရွေး ကောက်ပွဲမှာ မဲလိမ်မှုတွေ အများအပြား ရှိတယ်လို့ တန်ပြန် စွပ်စွဲထားပါတယ်။
Prabowo Subianto ဟာ ဗိုလ်ချုပ်ဟောင်း တဦးပါ။ သမ္မတဟောင်း ဆူဟာတို (Suharto) ရဲ့ သမက်ဟောင်းလည်း ဖြစ်ပါတယ်။ သူရဲ့ ဒီမိုကရေစီ လှုပ်ရှားသူတွေ အပေါ် မြင်တဲ့ အမြင်တွေ၊ လူနည်းစု တရုတ်လူမျိုးတွေ အပေါ်ထားတဲ့ ကျဉ်းမြောင်းတဲ့ လူမျိုးရေး အစွဲတွေ၊ သူတာဝန်ထမ်းစဉ်က သူ့အထူး တပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်မှုတွေ၊ လူ့အခွင့် အရေး ချိုးဖောက်မှုတွေ၊ မတည်ငြိမ်အောင် ဆူပူအောင် လှုံ့ဆော်ခဲ့တာတွေ၊ သာဓကတွေ အထင်အရှား ရှိခဲ့တယ်လို့ ရေးသား ဖော်ပြခံရတဲ့ ယူနီဖောင်းလဲ ထားတဲ့ နိုင်ငံရေးသမား တဦး ဖြစ်ပါတယ်။
အင်ဒိုနီးရှားမှာ ဩဇာကြီးတဲ့ သမ္မတ ဆူဟာတိုဟာ ၁၉၉၈ က ရုတ်တရက် ရာထူးက နုတ်ထွက်ခဲ့ရ ပါတယ်။ မြန်မာပြည်က အာဏာရှင် ဦးနေဝင်းနဲ့လည်း ခေတ်ပြိုင်တွေ ဖြစ်ပြီး ခင်မင်ရင်းနှီးတဲ့ သမ္မတ ဆူဟာတိုဟာ အင်ဒိုနီးရှားကို နှစ်ပေါင်း ၃၀ ကျော် အုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။
နောက်ပိုင်း တက်လာသူက ဆူဟာတိုရဲ့ အဆွယ်အပွား ဘီဂျေ ဟာဘီဘီ (B.J Habibie) ဖြစ်ပါတယ်။ သူက တနှစ်ကျော်ပဲ ရာထူးမြဲပါတယ်။ အဲဒီ နောက် ဆူဟာတိုရဲ့ ရုပ်သေးရုပ်လို့ စွပ်စွဲခံရတဲ့ B.J Habibie ဟာ ရွေးကောက်ပွဲမှာ ရှုံးပြီး အဗ္ဗဒူရာမန် ဝါဟစ် (Abdurrahman Wahid) တက်လာပါတယ်။ အီဂျစ်၊ အီရတ်၊ နယ်သာလန်နဲ့ ကနေဒါတို့မှာ ပညာသင်ယူခဲ့တဲ့ ဝါဟစ်ဟာ ဂျာနယ်လစ် ဘဝကိုလည်း ဖြတ်သန်းခဲ့ဖူးသူ ဖြစ်ပါတယ်။
အဲဒီ ကာလက ဂျကာတာကိုသွားပြီး သတင်းယူ ခဲ့စဉ်တုန်းကတော့ လမ်းပေါ်က ဆန္ဒပြနေသူတွေ နဖူးမှာ အနီရောင်စည်းထားပြီး Reformasi လို့ အော်ဟစ် ကြွေးကြော် နေသူတွေ၊ ပိုပြီး ပွင့်လင်းလွတ်လပ်စွာ ရေးခွင့်ရလာတဲ့ မီဒီယာသမားတွေရဲ့ နိုင်ငံရေး ဟောကိန်း တွက်ဆမှုတွေနဲ့ ဂျကာတာဟာ စိတ်လှုပ်ရှားစရာ ကောင်းလှပါတယ်။
ဆူဟာတို နေအိမ် ဝန်းကျင်မှာတော့ စစ်တပ် တွေကို အပြည့်ချထားတာ တွေ့ရပါတယ်။ မြင်ကွင်း တွေကတော့ ၂၀၁၂ မြန်မာပြည်မှာ တံခါးဖွင့်ကာစ မြင်ကွင်းတချို့နဲ့ သွားပြီးဆင်နေတယ် လို့ ခံစားရပါတယ်။
ဒါ့အပြင် လူမျိုးစုတွေရဲ့ တောင်းဆိုသံတွေ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေဟာ အခုဖြစ်နေတဲ့ မြန်မာ့ အခင်းအကျင်းနဲ့လည်း သွားတူနေတာ တွေ့ရပါတယ်။
၂၀ဝ၁ မှာတော့ အမျိုးသမီး နိုင်ငံရေးသမား မေဃာဝတီ ဆူကာနိုပူထရီ သမ္မတ ဖြစ်သွားခဲ့ပါတယ်။ ဝါဟစ် ဆင်းပေးရ ပါတယ်။ မေဃာဝတီဟာ အင်ဒိုနီးရှား သမ္မတနိုင်ငံရဲ့ ပထမဆုံးသော သမ္မတကြီး ဆူကာနိုရဲ့ သမီးလည်း ဖြစ်ပါတယ်။
လူဦးရေ သန်း ၂၅၀ ရှိတဲ့ မွတ်စလင်နိုင်ငံမှာ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာတဲ့ မစ္စ မေဃာဝတီ တာဝန် ထမ်းဆောင်စဉ် မြန်မာပြည်က ဒေါ်အောင်ဆန်းစုကြည်နဲ့ နှိုင်းယှဉ်ပြီး သတင်းစာတွေက ရေးသား ခဲ့ကြပါတယ်။
သမ္မတ သက်တမ်းကာလ အတွင်း မေဃာဝတီဟာ မြန်မာပြည်ရေးရာ၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ပတ်သက်ပြီး သေသေချာချာ လေ့လာစုံစမ်းဖူးတယ် ဆိုတာကို အင်ဒိုနီးရှားက သတင်းစာတွေမှာရော ဧရာဝတီ သတင်း ဌာနမှာပါ ရေးသား ဖော်ပြခဲ့ဖူးပါတယ်။
မေဃာဝတီ ဆင်းသွားတော့ SBY လို့ အတိုကောက် လူသိများတဲ့ ဆူဆီလို ဘမ်ဘန်း ယူဒိုယိုနို (Susilo Bambang Yudhoyono) ၂၀ဝ၄ မှာ သမ္မတ ဖြစ်လာပါတယ်။ သူကတော့ စစ်ဗိုလ်ချုပ်ဟောင်း တဦး ဖြစ်ပြီး ဆူဟာတို နောက်ပိုင်း သက်တမ်းအရှည်ဆုံး နောက်တကြိမ် ပြန်အရွေးခံရတဲ့ သမ္မတ ဖြစ်ပါတယ်။
နိုင်ငံတကာ ဆက်ဆံရေးကိုလည်း တိုးမြှင့်ခဲ့ သလို သမ္မတရာထူးကို ၁၀ နှစ်ထမ်းဆောင်ခဲ့ပြီး တည်ငြိမ်မှု ရအောင် လုပ်နိုင်ခဲ့ ပါတယ်။ ဒီမိုကရေစီနဲ့ သတင်းစာ လွတ်လပ်ခွင့်တွေ မှာလည်း အနုတ်လက္ခဏာ ဆောင်တာတွေ မလုပ်ခဲ့တာ တွေ့ရပါတယ်။
အင်ဒိုနီးရှားနဲ့ မြန်မာဟာ မစိမ်းပါဘူး။ မြန်မာ စစ်အစိုးရခေတ် တုန်းက အင်ဒိုနီးရှားမှာ ကျင့်သုံးနေတဲ့ Dwifungsi ခေါ် dual function ကို မြန်မာ စစ်ခေါင်းဆောင်တွေ လေ့လာခဲ့ဖူးပါတယ်။ Dwifungsi ရဲ့ သဘောကတော့ စစ်တပ်က နိုင်ငံရေးမှာရော အုပ်ချုပ်ရေးမှာပါ ဦးဆောင်မှုအခန်းကဏ္ဍက ပါဝင်ဖို့ အတွက် ဆူဟာတို အစိုးရ ဦးဆောင်ရေးဆွဲ ခဲ့တဲ့ လမ်းစဉ်သစ်ပဲ ဖြစ်ပါတယ်။ ဒီနေ့ မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ ပုံစံမျိုး ခပ်ဆင်ဆင်ပါပဲ။
ဒီလို မော်ဒယ်ကို အတုခိုးဖို့ အတွက် မြန်မာစစ် အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တွေ အင်ဒိုနီးရှားကို သွားရောက် ခဲ့ဖူးပါတယ်။ အဲဒီအထဲမှာ ဗိုလ်ချုပ်မှူး ကြီးဟောင်း ဦးသန်းရွှေ၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်တို့ ပါဝင်သလို အခြေခံ ဥပဒေ ရေးဆွဲရာမှာ ပါဝင်ခဲ့တဲ့ စစ်အစိုးရခေတ်က တရားသူကြီး ချုပ်ဟောင်း ဦးအောင်တိုးလည်း ပါဝင်ပါတယ်။
၂၀ဝ၉ ခုနှစ်မှာ The Economist မဂ္ဂဇင်းကြီးက ၂၀ဝ၈ အခြေခံဥပဒေဟာ အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ Dwifungsi အခြေခံဥပဒေပဲ လို့ ခနဲ့တဲ့တဲ့ ရေးဖူးပါတယ်။ ၂၀၁၀ ကျတော့လည်း မဲလိမ်မှာ ပါပဲလို့ ကြိုပြီးတောင် ဟောကိန်း ထုတ်လိုက် ပါသေးတယ်။
အင်ဒိုနီးရှားက မျက်နှာသစ် နိုင်ငံရေးသမား သမ္မတ ဂျိုကိုဝီဟာ သူ့နိုင်ငံ တခုတည်းတင် မဟုတ်ဘဲ ဒီမိုကရေစီ ဆုတ်ကပ် ဆိုက်နေတဲ့ အရှေ့တောင်အာရှ အတွက်ပါ မျှော်လင့်ချက် ဖြစ်တယ်လို့ တွက်ချက်ထားကြ ပါတယ်။
ဂျာဗားကျွန်းမှာ ကြီးပြင်းလာခဲ့တဲ့ သမ္မတသစ်ဟာ စိန်ခေါ်မှုတွေနဲ့ ပြည့်နေတာတော့ အမှန်ပါပဲ။ သူရဲ့ ယှဉ်ပြိုင်ဘက် ဖြစ်တဲ့ ဗိုလ်ချုပ်ဟောင်း ပရာဘိုဝို ဆူဘီယန်တိုကို အနိုင်ရပြီးချိန်မှာ သူဟာ United Indonesia ဆိုတဲ့ ကြွေးကြော်သံ နဲ့ တိုင်းသူပြည်သား တွေ ညီညွတ်ဖို့၊ စည်းလုံးဖို့ စတင် ဆော်ဩလိုက်ပါ တယ်။
အရှေ့တောင်အာရှမှာက နိုင်ငံရေး ဆုတ်ကပ် ဆိုက်နေတဲ့ အချိန်ဖြစ်ပါတယ်။ ဒါ့ကြောင့် ဂျိုကိုဝီများ ရွေးကောက်ပွဲမှာ ရှုံးခဲ့မယ် ဆိုရင် ဒေသတွင်း ဒီမိုကရေစီ အရေး၊ လူ့အခွင့်အရေးနဲ့ တန်းတူရေး လှုပ်ရှားမှုတွေ အတွက် တကယ့်ကို အနုတ်လက္ခဏာ ပြသွားနိုင်တာ အမှန်ပါပဲ။
ရှေ့မတိုးတော့တဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး မရေမရာ အခြေအနေ၊ အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ တပတ် ပြန်လည်လာတဲ့ စစ်အာဏာသိမ်းမှု တွေဟာ ဒေသတွင်းမှာ မကောင်းတဲ့ အရိပ်လက္ခဏာတွေပဲ ဖြစ်တယ်လို့ သုံးသပ်နေချိန်မှာ ဂျိုကိုဝီရဲ့ အောင်ပွဲဟာ မျှော်လင့်ချက်တခုတော့ ပေးတယ် လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။
သူဟာ မြို့တော်ဝန်ဘဝက လာဘ်မစားဘူး၊ အုပ်ချုပ်ရေးရာမှာ နိုင်နင်းတယ်၊ သာမန် ပြည်သူပြည်သားတွေနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံ စကားပြောဆို နိုင်တယ် ဆိုတဲ့ အရည်အချင်းတွေနဲ့ တိုင်းပြည်ရဲ့ အရေးကြီးတဲ့ နေရာကို နောက်ဆုံး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အခု လောလောဆယ် သူလုပ်ရမှာက SBY လျှောက်လမ်းခဲ့တဲ့ ပုံစံမျိုး ဖြစ်တဲ့ လူမှန်နေရာမှန် တကယ်နားလည် တတ်ကျွမ်းတဲ့ သူတွေကို သူ့ရဲ့ ကက်ဘိနက်ထဲမှာ ထည့်ဖို့ပါပဲ။ ဂျကာတာ မြို့တော်ဝန်ဟောင်း ဂျိုကိုဝီဟာ မွတ်စလင် အများစု ရှိတဲ့ ကမ္ဘာ့တတိယ အကြီးဆုံး ဒီမိုကရေစီနိုင်ငံကို ဦးဆောင်ရမှာ ဖြစ်သလို G-20 အဖွဲ့ဝင် ဖြစ်တဲ့ အတွက်လည်း ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ရင်ပေါင်တန်းနိုင်ကြောင်း ပြသရမှာ ဖြစ်ပါတယ်။
အာဆီယံမှာ ဩဇာတိက္ကမ ကြီးတဲ့ အင်ဒိုနီးရှားဟာ သမ္မတ ဆူဟာတို ဆင်းပြီးနောက် ၁၉၉၈ နောက်ပိုင်း ရှေ့တိုး တလှည့် နောက်ဆုတ်တလှည့် ပြည်တွင်း ပဋိပက္ခတွေ၊ လူမျိုးစုငယ်တွေရဲ့ အာခံမှုနဲ့ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်ခဲ့ ပါတယ်။ လူမျိုးစုတွေနဲ့ အပစ်အခတ် ရပ်စဲရေးတွေ ငြိမ်းချမ်းရေးတွေ လုပ်ခဲ့ရတယ်။
ဒါ့အပြင် ငတ်မွတ် ခေါင်းပါးမှုတွေ၊ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ၊ အစွန်းရောက်ဝါဒီတွေ ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ကနေ တွန်းတိုးပြီး လျှောက်လှမ်းခဲ့တာ ၂၀၁၄ မှာဆိုရင်တော့ ၁၆ နှစ် ရှိသွားခဲ့ပါပြီ။ သူ့ရဲ့ Transition ဟာ ချောမွေ့တယ်လို့ ပြောလို့ မရသလို ဒီမိုကရေစီ ရင့်ကျက်မှုဟာလည်း အားကောင်းတယ်လို့ သတ်မှတ်လို့ မရသေးပါဘူး။
ဒါပေမယ့် အင်ဒိုနီရှား ပြည်သူပြည်သားတွေ အများစုကတော့ လက်ဟောင်း နိုင်ငံရေးသမားတွေနဲ့ မတူတဲ့ နိုင်ငံရေး မျက်နှာသစ် ဂျိုကိုဝီကို သမ္မတအဖြစ် တာဝန်ပေးခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာ အင်ဒိုနီးရှားမှာ မျှော်လင့်ချက် ရှိတယ်လို့ ပြသ လိုက်တာပဲ ဖြစ်ပါ တယ်။
ဂျိုကိုဝီ မှတ်စု |
နိုင်ငံရေး လောကထဲ မဝင်ခင် ပရိဘောဂလုပ်ငန်း လုပ်ကိုင်ခဲ့ပြီး စားဝတ်နေရေး အခက်အခဲကြောင့် အသက် ၁၂ နှစ်မှာပဲ သူဟာ သူ့ဖခင်ပိုင်တဲ့ အလုပ်ရုံမှာ ဝင်လုပ်နေရပြီ။
၁၉၈၅ မှာ သူဟာ သစ်တော စီမံခန့်ခွဲမှု ဘာသာရပ်နဲ့ ကျောင်းပြီးတယ်။ သူလေ့လာခဲ့တာက သစ်တွေ အကြောင်း၊ တည်ဆောက်ပုံ အကြောင်း၊ သူရေးပြီး တင်ခဲ့တဲ့ စာတမ်းကလည်း ဒီအကြောင်းပါပဲ။ သူဟာ ၁၉၈၈ မှာတော့ သူ့ရဲ့ ကိုယ်ပိုင် ပရိဘောဂလုပ်ငန်း ရှိနေပြီ။ သူ့ရဲ့ ဇနီးသည်နဲ့ အတူ ကလေးတယောက်လည်း ရနေပါပြီ။ Surakarta နယ်မှာ ( Solo လို့လည်း လူသိများပါတယ်) သူမြို့တော်ဝန် အဖြစ် အရွေးခံရတယ်။ လူဦးရေ ၅ သိန်း ကျော် ရှိတဲ့ အဲဒီမြို့မှာ မျက်နှာသစ် မစ္စတာဂျိုကိုဝီကို ဘာမှ စွမ်းဆောင်နိုင်မယ်လို့ အထင်မကြီး ခဲ့ကြဘူး။ ဒါပေမယ့် တနှစ်အတွင်း သူ့ရဲ့ ထူးခြားတဲ့ လက်တွေ့ကျပြီး အောက်ခြေသိမ်း လုပ်နိုင်တဲ့ မျက်နှာသစ် မြို့ဝန်လေးရဲ့ ဂုဏ်သတင်းဟာ ဂျကာတာမြို့တော် အထိ ရိုက်ခတ်သွားခဲ့တယ်။ သူ့ရဲ့ မြို့မှာ ရိုးရာဈေးပွဲတော်တွေ ဆောက်ပေးတယ်။ ပန်းခြံတွေ ပြင်ပေးတယ်။ မင်းလမ်းမပေါ်က သစ်ပင်ကြီးတွေ မခုတ်ဖို့ တင်းကျပ်တဲ့ အမိန့်တွေထုတ်တယ်။ The Spirit of Java ဆိုတာကို ပုံပြန်ဖော်ပြီး ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း ကြီးထွားလာအောင် လုပ်ပေးတယ်။ အရေးအကြီးဆုံး ဖြစ်တဲ့ ပြည်သူ့ သယ်ယူပို့ဆောင်ရေး (Public Transportation) နဲ့ ကျန်းမာရေး လုပ်ငန်းတွေ၊ သူ့မြို့က လူတွေအားလုံး အသက်အာမခံ ရရှိရေး တွေကို လုပ်ဆောင်ပေးခဲ့တယ်။ ဒီလို လုပ်ဆောင် ခဲ့တာတွေဟာ ငယ်ငယ်က ဆင်းဆင်းရဲရဲနဲ့ အလုပ်ကြိုးစားပြီး ဖြတ်သန်း တွေ့ကြုံခဲ့ရတဲ့ ဘဝတွေကြောင့်လို့ တချို့က သုံးသပ်ကြ ပါတယ်။ သူဟာ တကိုယ်တော် လုပ်ခဲ့တာ မဟုတ်ဘဲ အကြံပေးကောင်းတွေရဲ့ အကြံဉာဏ်တွေကို ယူပြီး ဆောင်ရွက်ခဲ့တာပါ။ ဒါကြောင့်လည်း ဂျိုကိုဝီဟာ ၂၀၁၂ မှာ ဂျကာတာမြို့တော်ကြီးရဲ့ မြို့တော်ဝန် ဖြစ်ခဲ့ပါတယ်။ သူဟာ PDI-P ပါတီတွင်းမှာ သမ္မတဟောင်း မေဃာဝတီရဲ့ ထောက်ခံမှုကို အပြည့်အဝ ရခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် သမ္မတလောင်း ရွေးဖို့ မေဃာဝတီ ကိုယ်တိုင်က တရားဝင် ရွေးချယ် ထောက်ခံပေးခဲ့တာပါ။ နိုင်ငံရေးမှာ လူသစ် မျက်နှာသစ်လို့ပဲ ပြောရမှာပါ။ သူရဲ့ ပါတီဖြစ်တဲ့ PDI-P ကတော့ ခြစားမှုတွေ ရှိတယ်၊ အဂတိ အကြီးအကျယ် လိုက်စားတဲ့ နိုင်ငံရေး သမားတွေ ရှိတယ် ဆိုတဲ့ အတွက် ဂျိုကိုဝီကို ကြိုက်သော်လည်း PDI-P ပါတီကိုတော့ အကြီးအကျယ် စောင့်ကြည့်ကြမှာ အမှန်ပါ ပဲ။ ဂျကာတာမှာလည်း သူ့ရဲ့ အဓိက လုပ်ဆောင်ချက်တွေက ဆင်းရဲတဲ့ မြို့တော်သူ/သားတွေ ပညာရေးနဲ့ ကျန်းမာရေး ရဖို့၊ အဂတိလိုက်စားမှုကို တိုက်ဖျက်ဖို့နဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ ပိုရဖို့ ဖြစ်တယ်။ သူမြို့တော်ဝန်ဖြစ်စဉ် မြို့တော် မှာ လိုအပ်နေတဲ့ Public Transportation ဘတ်စ်ကားလိုင်း၊ ရထားလိုင်း အသစ်တွေ တည်ဆောက်ဖို့ကို ချက်ချင်း အကောင်အထည် ဖော်ဖြစ်ခဲ့တယ်။ ဖိနပ်မစီးဘဲ ရပ်ကွက်ထဲ ဆင်းပြီး ရေဘေးဒုက္ခသည် တွေကို သွားရောက် တွေ့ဆုံ တာမျိုးကလည်း သူ့ကို ထောက်ခံသူတွေ တိုးလာစေပါတယ်။ နိုင်ငံရေးချည်းပဲလား ဆိုတော့ မဟုတ်ပါဘူး။ သူဟာ Heavy Metal ဂီတကို ကြိုက်တယ် ဆိုတော့ ကျယ်ကျယ် လောင်လောင် တီးခတ်ထားတဲ့ ပေါက်ကွဲသံစဉ်တွေကို နှစ်သက်တယ်။ သူကိုယ်တိုင်လည်း ဂစ်တာတီးတယ် ဆိုပါတော့။ |