ထိုင်းနိုင်ငံမှ “ကလေးစက်ရုံ” ဟု သံသယဖြစ်ဖွယ်ရာ ကိစ္စတခုကို နိုင်ငံတကာအဆင့် စုံစစ်ဆေးမှုတခု ပြုလုပ်နေကြောင်း နိုင်ငံတကာ ရဲ တပ်ဖွဲ့(Interpol) ကပြောသည်။ အသက် ၂၄ နှစ် အရွယ်ရှိ ဂျပန်လူမျိုးစီးပွားရေး လုပ်ငန်းရှင် တယောက်တွင် အငှား ကိုယ်ဝန်ဆောင် မိခင်ဖြင့် မွေးဖွားခဲ့သော ကလေး ၁၆ ယောက်ရှိနေပြီး ၎င်းက ရာနှင့်ချီသော ကလေးတို့၏ ဖခင်ဖြစ်ရန် ဆန္ဒရှိ နေသည်ဟုလည်း စွပ်စွဲခံနေရသည်။
ယခုလ အစောပိုင်းက ဘန်ကောက်မြို့ရှိ ကွန်ဒိုတိုက်ခန်းတခုကို ဝင်ရောက်စီးနင်းရှာဖွေရာ ကလေးငယ် ၉ ဦးနှင့် ကလေး ထိန်း ၉ ဦးကို အိမ်ထောင်ပရိဘောဂများ မရှိသည့် အခန်းထဲတွင် ကလေးနို့ဗူးများ၊ ကလေးကုလားထိုင်များ၊ ကလေး ကစား စရာများ၊ ကလေးအသုံးအဆောင်များနှင့် အတူ တွေ့ရှိခဲ့ရသည်။ ထိုကလေးငယ်များ၏ ဖခင်သည် ဂျပန် စီးပွားရေးသမား Mitsutoki Shigeta ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပြီး နောက်ထပ် ကလေး ၇ ဦးလည်း ရှိသေးသည်ဟု သိရသည်။
“ခုချိန်အထိ ကျနော်ပြောပြနိုင်တာကတော့ ဒီလိုအမှုမျိုး ကျနော် တခါမှ မမြင်ဖူးဘူး ဆိုတာပါပဲ။ ဘယ်လို လူစားမျိုးက ဒီလောက်များတဲ့ ကလေးတွေမွေးရသလဲ ဆိုတာကို နားလည်နိုင်အောင် ကျနော်တို့ ကြိုးစားနေပါတယ်” ဟု ထိုင်းနိုင်ငံ အင်တာပိုလ် အဖွဲ့၏ ဒါရိုက်တာ ရဲဗိုလ်ချုပ် Apichart Suribunya က သြဂုတ်လ ၂၂ ရက်နေ့တွင်ပြောကြားခဲ့သည်။
ပြီးခဲ့သည့် အပတ်က စ၍ ဂျပန်၊ ကမ္ဘောဒီးယား၊ ဟောင်ကောင်နှင့် အိန္ဒိယရှိ အင်တာပိုလ် ဒေသဆိုင်ရာ ရုံးများက Mitsutoki Shigeta ၏ နောက်ကြောင်းရာဇဝင်ကို စုံစမ်းနေကြောင်းလည်း Apichart Suribunya က ပြောသည်။ ၎င်းတွင် အဆိုပါနိုင်ငံများ၌ မှတ်ပုံတင်ထားသော စီးပွားရေးလုပ်ငန်းများ နှင့် တိုက်ခန်းများရှိပြီး ထိုနိုင်ငံများသို့ မကြာခဏ ခရီးသွား လေ့ရှိကြောင်းလည်း ရဲတပ်ဖွဲ့က ပြောသည်။
“ကျနော်တို့ အကြောင်းရင်း ၂ ခုကို ရှာဖွေနေပါတယ်။ တခုကတော့ လူကုန်ကူးမှုနဲ့ နောက်တခုကတော့ ကလေးငယ်တွေကို ခိုင်းစားဖို့ အတွက်လားဆိုတာပါ” ဟု ထိုင်းနိုင်ငံဘက်မှ စုံစမ်းစစ်ဆေးရေးကို ဦးဆောင်နေသော ရဲ ဒုတိယ ဗိုလ်ချုပ်ကြီး Kokiat Wongvorachart ကဆိုသည်။ Mitsutoki Shigeta သည် ထိုင်းနိုင်ငံသို့ ၂၀၁၀ ခုနှစ်မှ စတင် ၍ ၄၁ ကြိမ်လာရောက်ခဲ့သည်ဟု သူကပြောသည်။ အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံသို့ လည်း အကြိမ်တော်တော်များများ သွားရောက်ခဲ့ပြီး သူ၏ကလေး ၄ ယောက်ကို ခေါ်ဆောင်လာခဲ့သည်ဟုလည်း သိရသည်။
Mitsutoki Shigeta သည် ပြစ်မှုတစုံတရာကြောင့် အရေးယူခံခဲ့ရခြင်းမျိုးလည်း မရှိပေ။ သူက ဂျပန်နိုင်ငံမှနေ၍ ဖခင်ရင်း ဖြစ်ကြောင်း DNA စစ် ဆေးသက်သေပြမှုများ ပေးပို့ခြင်းအားဖြင့် သူ၏ ကလေးများကို ပြန်လည်ရယူရန် ကြိုးစားလျှက် ရှိသည်။ ယခုအခါ ကလေး ၁၂ ယောက်ကို ထိုင်းနိုင်ငံ လူမှုဝန်ထမ်းဌာနများက ထိန်းသိမ်းစောင့်ရှောက်ထားလျှက်ရှိသည်။ သြဂုတ်လ ၅ ရက်နေ့တွင် ထိုင်းရဲတပ်ဖွဲ့က သူ၏ ကွန်ဒိုတိုက်ခန်းကို ဝင်ရောက် စီးနင်းခဲ့ပြီးနောက် ထိုင်းနိုင်ငံမှ အလျှင် အမြန် ပြန်လည်ထွက်ခွာသွားခဲ့သော Mitsutoki Shigeta က သူ့အနေဖြင့် ကြီးမားသည့် မိသားစု တစု လိုချင်ခဲ့ခြင်း သက်သက်သာဖြစ်ကြောင်း ရှေ့နေတဦးမှ တဆင့် ပြောကြားခဲ့သည်။
ရဲဒုဗိုလ်ချုပ်ကြီး Kokiat Wongvorachart က Mitsutoki Shigeta သည် ထိုင်းနိုင်ငံမှ အငှားကိုယ်ဝန်ဆောင်မိခင် ၁၁ ဦး ငှားရမ်းခဲ့သည်ဟု ပြောပြသည်။ ကလေးအမွှာလည်း ၄ စုံပါဝင်သည်ဟု သိရသည်။ ရဲတပ်ဖွဲ့ အနေဖြင့် ကလေးမိခင်များ ကို သိရှိနိုင်ခြင်း မရှိသေးပါဟု Kokiat Wongvorachart က ဆိုသည်။
Mitsutoki Shigeta အတွက် အငှားကိုယ်ဝန်ဆောင်မိခင် ၂ ဦး ရှာဖွေပေးခဲ့သော New Life နိုင်ငံစုံ သားဖွားဆေးခန်းကို တည်ထောင်သူက ၂၀၁၃ ခုနှစ်ဇွန်လ Mitsutoki Shigeta၏ ပထမဆုံး ကလေး မမွေးဖွားမီကပင် အင်တာပိုလ်သို့ သတင်းပို့ ခဲ့ကြောင်း ပြောသည်။
“သူတို့တွေ ကိုယ်ဝန်ရှိလာတာနဲ့ သူက ပိုပြီးတောင်းဆိုလာတယ်။ သူက တနှစ်ကို ကလေး ၁၀ ယောက်ကနေ ၁၅ ယောက်လောက်အထိလိုချင်တယ်လို့ ပြောတယ်။ သူသေတဲ့ အချိန်အထိ ကလေးတွေ ဆက်မွေးသွားချင်တယ်လို့လည်း ပြောတယ်” ဟု New Life သားဖွားဆေးခန်းကို တည်ထောင်သူ Mariam Kukunashvili ကပြောပြသည်။ New Life သည် ထိုင်းနိုင်ငံနှင့် အခြား နိုင်ငံ ၆ ခုတွင် အခြေစိုက်ထားသည်။ သူ အသက်ကြီးလာသည်အထိ အသုံးပြုနိုင်ရန် သုတ်ရည်များ ကို အေးခဲထားနိုင်မည့် ကိရိယာများ အကြောင်း Mitsutoki Shigeta က စုံစမ်းခဲ့သေးကြောင်းလည်း Mariam Kukunashvili က မက္ကဆီကိုနိုင်ငံမှနေ၍ တယ်လီဖုန်းမှ တဆင့်ပြောပြသည်။
Mitsutoki Shigetaက ကြီးမားသော မိသားစု၏ မဲများကို အသုံးပြု၍ ရွေးကောက်ပွဲ အနိုင်ရရှိချင်ကြောင်းနှင့် ကမ္ဘာမြေ အတွက် သူအကောင်းဆုံး လုပ်ပေးနိုင်သည်မှာ ကလေးအမြောက်အမြား ချန်ထားဖို့ ဖြစ်ကြောင်း ဆေးခန်း မန်နေဂျာကို ပြောကြားခဲ့သည်ဟု Mariam Kukunashvili ကပြောသည်။ ဆေးခန်းမန်နေဂျာနှင့် စကားပြောဆိုခွင့်ပြုရန် AP သတင်း ဌာန၏ မေတ္တာရပ်ခံမှုကို သူက ညင်းပယ်ခဲ့သည်။
ဂျော်ဂျီယာနိုင်ငံရှိ ကုမ္ပဏီရုံးချုပ်တွင် အခြေစိုက်သော Mariam Kukunashvili က Mitsutoki Shigeta ကို သူ လုံး၀ မတွေ့ ဖူးကြောင်းနှင့် ထိုင်းနိုင်ငံရှိ ဝန်ထမ်းများ၏ အစီရင်ခံစာများကိုသာ ရရှိခဲ့ကြောင်းပြောသည်။
၂၀၁၃ ခုနှစ် ဧပြီလတွင် ပြင်သစ်နိုင်ငံ Lyon ရှိ အင်တာပိုလ်ဌာနချုပ်သို့ အင်္ဂလိပ်နှင့် ပြင်သစ် ၂ ဘာသာဖြင့် Fax ပေးပို့ခဲ့ ပြီး အီးမေးလ် တစောင် ပေးပို့ခဲ့သော်လည်း ပြန်လည်ဖြေကြားမှု မရှိခဲ့ဟု Mariam Kukunashvili ကပြောသည်။ ထိုင်း နိုင်ငံ အင်တာပိုလ်ရုံးမှ ရဲဗိုလ်ချုပ် Apichart Suribunya ကမူ မည်သည့် သတိပေးချက်မှ မမြင်တွေ့ခဲ့ရဟု ဆိုသည်။ Lyon ရှိ အင်တာပိုလ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ တဦးထံသို့ မှတ်ချက်တောင်းခံခဲ့သော်လည်း ချက်ချင်းပြန်လည် မဖြေ ကြားပေးနိုင်ခဲ့ပါ။
Mariam Kukunashvili က Mitsutoki Shigeta ထံသို့ သံသယရှိကြောင်း ဖော်ပြထားသည့် အီးမေးလ် တစောင်ပေးပို့ခဲ့ရာ သူ၏ကိုယ်စား ရှေ့နေတဦး ဖြစ်သည့် Ratpratan Tulatorn က ၂၀၁၃ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့တွင် ပြန်လည်ဖြေ ကြားခဲ့ပြီး အဆိုပါ အီးမေးလ်ကို Mariam Kukunashvili က AP သို့ ပြသခဲ့ပါသည်။
ရှေ့နေက Mitsutoki Shigeta သည် မရိုးဖြောင့်မှုနှင့် ဥပဒေနှင့် မလျှော်ညီသော ကိစ္စများ မပြုလုပ်ခဲ့ဟု ဆိုသည်။ သူ၏ အမှုသည်က New Life နှင့် ဆက်လက် အလုပ်လုပ်လိုကြောင်း ပြောကြားခဲ့သော်လည်း ကုမ္ပဏီဘက်က ရပ်ဆိုင်းလိုက် သည်။
သြစတြေးလျ နိုင်ငံသား စုံတွဲတတွဲက အငှားကိုယ်ဝန်ဆောင်ဖြင့် မွေးဖွားခဲ့သော ကလေးငယ်တဦးတွင် မွေးရာပါ မျိုးရိုးဗီဇ ချို့ယွင်းသည့်ရောဂါ (Down syndrome) ရှိနေကြောင်း တွေ့ရှိခဲ့သဖြင့် စွန့်ပစ်ပြီး ၎င်း၏ အမွှာ မိန်းကလေးကိုသာ ယူဆောင်သွားခဲ့သည်ဟု စွပ်စွဲမှုများ ထွက်ပေါ်လာခဲ့သည့် ယခုလ အစောပိုင်းအထိ Mitsutoki Shigeta ၏ လုပ်ဆောင် မှုများ ကို မည်သူမျှသတိထားမိခဲ့ခြင်း မရှိခဲ့ပါ။ စွပ်စွဲမှုကို သြစတြေးလျ နိုင်ငံသား စုံတွဲက ငြင်းဆန်ခဲ့သော်လည်း ထိုင်း အာဏာပိုင်များ အတွက်မူ တိုက်ဖျက်ရမည့် တရားမဝင်လုပ်ငန်းတခု ကြီးထွားလာနေသည်ကို သတိပြုမိစေခဲ့သည်။
သြစတြေးလျ နိုင်ငံသား စုံတွဲကိစ္စပေါ်ထွက်လာပြီးနောက် ရဲအဖွဲ့ က Mitsutoki Shigeta ၏ ဘန်ကောက်မှ တိုက်ခန်းကို သတင်းအရ ဝင်ရောက် စီးနင်းရှာဖွေခဲ့သည်။
Mitsutoki Shigeta၏ ရှေ့နေ Ratpratan Tulatorn က ဝင်ရောက်ရှာဖွေမှုပြုစဉ်တွင် သူ၏ အမှုသည်တွင် မှားယွင်းမှု မရှိ ကြောင်း အခိုင်အမာပြောဆိုခဲ့သည်။
“သူတို့က တရားဝင်မွေးထားတဲ့ ကလေးတွေပါ။ သူတို့ အားလုံးမှာ မွေးစာရင်းရှိတယ်။ ဒီကလေးတွေရဲ့ နာမည်နဲ့ ဝယ်ထားတဲ့ ပိုင်ဆိုင်မှုတွေလည်း ရှိတယ်။ ဒီကလေးတွေအတွက် ငွေစုစာရင်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေလည်း ရှိတယ်။ တကယ်လို့ သူက ကလေးတွေကို ရောင်းစားမယ်ဆိုရင် ဘာကြောင့် ဒီလို အကျိုးရှိတာတွေကို လုပ်ပေးထားမှာလဲ” ဟု Ratpratan Tulatorn က ထိုင်းနိုင်ငံမှ Channel 3 ရုပ်မြင်သံကြားဌာနသို့ ပြောကြားခဲ့သည်။
သို့သော်လည်း ယခုအချိန်တွင် Ratpratan Tulatorn သည် Mitsutoki Shigeta ၏ ရှေ့နေ မဟုတ်တော့ပါ။ သူ့နေရာကို အစားဝင်သူထံ မှတ်ချက်ပေးရန် မေတ္တာရပ်ခံခဲ့သော်လည်း တုန့်ပြန်မှုမရရှိခဲ့ပါ။ လက်ရှိအချိန်တွင် Mitsutoki Shigeta မည်သည့် နေရာမှာရှိနေသည်ကိုလည်း မသိရှိရပါ။
(THE ASSOCIATED PRESS သတင်းဌာနမှ JOCELYN GECKER နှင့် THANYARAT DOKSONE ရေးသားသော Interpol Seeks Clues to Thai ‘Baby Factory’ သတင်းကို ဘာသာပြန်ဆိုသည်။)