နိုင်ငံတော် ပြန်တမ်း ထုတ်ပြန်ချက်နှင့် ကွဲလွဲနေသည့် ပုဂ္ဂလိက မော်တော်ယာဉ် ဥပဒေကြမ်းကို ရန်ကုန်တိုင်း အစိုးရက သြဂုတ်လ ၂၂ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်သို့ တင်သွင်းခဲ့သည့်အတွက် လွှတ်တော်တွင်း ကန့်ကွက် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပုဂ္ဂလိက မော်တော်ယာဉ် ဥပဒေကြမ်းကို လွှတ်တော်တွင်း မဆွေးနွေးမီ ပြည်သူများသိစေရန် လုပ်ထုံးလုပ်နည်းအရ ပြည် ထောင်စု မြန်မာနိုင်ငံတော် ပြန်တမ်းတွင် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၈ ရက်က ထုတ်ပြန်ထားပြီး ဖြစ်သည်။
သို့သော် ယခု တိုင်းဒေသကြီး လွှတ်တော်တွင် ဆွေးနွေးရန် ပြန်လည်တင်သွင်းရာ၌ ပြန်တမ်းတွင် ထုတ်ပြန်ထားချက်နှင့် ကွဲလွဲနေ သည့် အတွက် ကန့်ကွက် ဝေဖန်မှု ပြုလုပ်ရခြင်း ဖြစ်ကြောင်း လွှတ်တော်အမတ် တချို့က ပြောသည်။
ထို့အပြင် တိုင်းဒေသကြီး လွှတ်တော် နည်းဥပဒေ ၁၃၁ အရ တိုင်းဒေသကြီးအစိုးရမှ တင်သွင်းသည့် အများပြည်သူနှင့် သက်ဆိုင် သော ဥပဒေ ကြမ်းကို လွှတ်တော်သို့ တင်သွင်းမည်ဆိုပါက အများပြည်သူ သိရှိစေရန် ထုတ်ပြန်ကြေညာပြီးမှသာ လွှတ်တော်တွင်း ဆွေးနွေး ညှိနှိုင်း တင်ပြခွင့်ရှိကြောင်း သိရသည်။
ယခု ပြန်လည်တင်သွင်းသည့် ပုဂ္ဂလိက မော်တော်ယာဉ် ဥပဒေကြမ်းသည် အဆိုပါ တိုင်းဒေသကြီး လွှတ်တော် နည်းဥပဒေကို ဖောက်ဖျက် ဆန့်ကျင်ရာ ကျသည့်အတွက် ကန့်ကွက် ခြင်းဖြစ်သည်ဟု ဗဟန်းမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်း ကပြောသည်။
“ပြန်တမ်းမှာ ထုတ်ပြန်ထားတာက တမျိုး အခုချပြတာက တမျိုးဖြစ်နေတယ်။ ဒါကကွဲပြားနေတယ်။ ဒါကအစိုးရက လက်တလုံး ကြား လှည့်စားရာ ရောက်တဲ့အတွက် ကျမကန့်ကွက်တာ ဖြစ်တယ်။ ဒီဥပဒေကြမ်းကို ကန့်ကွက်တာ မဟုတ်ဘူး။ ဥပဒေချိုးဖောက် ရာရောက်ပါတယ်။ ဒါက နည်းဥပဒေကိုလည်း ချိုးဖောက်တာပါ။ အမှန်က အခုအသစ်တင်ပြလာတဲ့ ဥပဒေကြမ်းကို ပြည်သူကိုထုတ် ပြန်ချပြပြီးမှ ဆွေးနွေးလို့ရပါမယ်”ဟု ဒေါက်တာ ညိုညိုသင်းက ပြောဆိုသည်။
ထိုသို့ထုတ်ပြန်ထားသည့် နည်းဥပဒေနှင့် ကွဲလွဲနေသော်လည်း လွှတ်တော်အတွင်း ဆက်လက်ဆွေးနွေးသင့်၊ မသင့်ကို မဲခွဲဆုံးဖြတ် စေခဲ့ရာတွင် ဆက်လက်ဆွေးနွေးရန် ထောက်ခံသည့် မဲအရေအတွက် များခဲ့သောကြောင့် အဆိုပါဥပဒေကို ဆက်လက်ဆွေးနွေးရန် လွှတ်တော် ဥက္ကဌ က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
“နည်းဥပဒေမှာ ပြဌာန်းထားသလို ကျနော်တို့ ဥပဒေကြမ်းကို နိုင်ငံတော်ပြန်တမ်းကို ပို့ထားပါပြီ။ နိုင်ငံတော်ပြန်တမ်းက မထုတ်ပြန် သေးတာဖြစ်တယ်။ ဒီတော့ ကျနော့်အနေနဲ့ လုပ်သင့်တဲ့အတိုင်း မဲခွဲခဲ့တာဖြစ်ပါတယ်”ဟု လွှတ်တော် ဥက္ကဌ ဦးစိန်တင်ဝင်းက ဧရာဝတီ က မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။
ယခု အသစ်တင်လာသည့် ပုဂ္ဂလိက မော်တော်ယာဉ် ဥပဒေကြမ်းတွင် ယာဉ်သွားလာမှုနှင့်ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်း ရေး အတွက် လုပ်ဆောင်ရမည့် အခန်း အပါအဝင် အခန်း(၁၅)ခန်း ပါဝင်ကြောင်း၊ ဥပဒေ ပုဒ်မပေါင်း ၃၁ ခုပါရှိကြောင်း ရန်ကုန် တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ခင်က လွှတ်တော်တွင် ပြောကြားခဲ့သည်။
မူလက ပြန်တမ်းတွင် ဖော်ပြထားသည့် ဥပဒေကြမ်းတွင်မူ အခန်း(၁၂)ခန်းနှင့် ပုဒ်မ ၂၅ ခုသာ ပါဝင်ပြီး တချို့အခန်းများတွင်လည်း ပြင်ဆင် ဖြည့်စွက်မှုများ ရှိသည်ကို ဥပဒေကြမ်း ၂ ခု နှိုင်းယှဉ်ချက် အရ သိရသည်။
ထပ်မံတင်ပြသည့် ဥပဒေကြမ်း၌ ယခင်ဖော်ပြထားသည့် ဥပဒေကြမ်းတွင်မပါဝင်သည့် ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ ကြီးကြပ် ကွပ်ကဲရေး အဖွဲ့ ဖွဲ့စည်းခြင်း အပါအဝင် အခန်း(၃)ခန်း ထပ်မံ ထည့်သွင်းထားသည်ကို တွေ့ရသည်။
“မူလက ထုတ်ပြန်ထားချက်မှာက ယာဉ်ပိုင်ရှင်များ၊ ကော်မတီဝင်များကို နည်းဥပဒေနဲ့အညီ ရွေးချယ်တင်မြှောက်ရမယ်လို့ ပါတယ်။ အခုကျတော့ အဲဒီအချက် မပါတော့ဘူး။ နောက်တခုကျတော့ ကော်မတီ ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနဲ့ ကော်မတီဝင် တဦး ကို အစိုးရအဖွဲ့က ရွေးချယ် တာဝန်ပေးအပ်ရမယ်လို့ ပါတယ်။ အခုလို ပြည်သူက ရွေးချယ်သူမရှိရင် အစိုးရ စိတ်ကြိုက်လုပ်တဲ့ ကော်မတီပဲ ဖြစ်နေမယ်ဆိုရင် ပြည်သူနစ်နာတယ်”ဟု ဒေါက်တာ ညိုညိုသင်းက ပြောသည်။
ယခု ဥပဒေကြမ်းတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်ပတ်သက်သည့် လုပ်ငန်း ကော်မတီ ဖွဲ့စည်းရာတွင် ကော်မတီ ဒု ဥက္ကဌ၊ တွဲဖက်အတွင်းရေးမှူး တို့ကို ယာဉ်လိုင်းအသီးသီးက ကိုယ်စားလှယ်များက ရွေးချယ်နိုင်သည်ဟု ဖော်ပြထားသော်လည်း တာဝန်များသည် ဆုံးဖြတ်ချက်ချနိုင်သည့် တာဝန်များ မဟုတ်ကြောင်း၊ ဖွဲ့စည်းရမည့် ကော်မတီမှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ချမှတ်ခြင်း၊ မော်တော်ယာဉ်ပြေးဆွဲမှု လုပ်ငန်းစဉ်များ ချမှတ်ခြင်း စသည့် လုပ်ငန်းများကို လုပ်ဆောင်ရမည့် အဖွဲ့ ဖြစ်သောကြောင့် ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်မှသာ ပြည်သူ အကျိုးရှိနိုင်ကြောင်း ၎င်းက ထောက်ပြ ပြောဆိုသည်။
ထို့အပြင် ဥပဒေ မူကြမ်းနှစ်ခု နှိုင်းယှဉ်ချက်အရ လစဉ်ကောက်ခံရသည့် ရန်ပုံငွေများထဲမှ သတ်မှတ်ရန်ပုံငွေအား တိုင်းဒေသကြီး အစိုးရ၏ ဖွံ့ဖြိုးရေး ရန်ပုံငွေများ ဆောင်ရွက်ရန်အတွက် ထည့်သွင်းရခြင်းအပါအဝင် ကော်မတီဝင် သက်တမ်းကိုလည်း တနှစ်လျှော့ ခြင်း၊ ကော်မတီ၏ လုပ်ငန်း တာဝန်များတွင် ပုဒ်မငယ် ၆ ခုကို ထပ်တိုးထားသည်ကို တွေ့ရသော်လည်း တိုင်း ဒေသကြီး အစိုးရ သို့ ပေးရမည့် သတ်မှတ်ရန်ပုံငွေပမာဏကိုမူ ဥပဒေကြမ်းတွင် တိကျစွာ ဖော်ပြထားခြင်း မရှိပေ။
ပြစ်မှုနှင့် ပြစ်ဒဏ်များ အခန်းတွင်လည်း ပြစ်ဒဏ် သတ်မှတ်ချက်များတွင် မူလဖော်ပြခဲ့သည့် ဥပဒေကြမ်းပါ ပြစ်ဒဏ်များနှင့် ကွဲလွဲမှု များရှိ သည်ကိုတွေ့ရပြီး တာဝန်ဝတ္တရား နှောင့်ယှက်မှုနှင့် ပူးပေါင်းကြံစည်အားပေးမှု တို့ အတွက် ချမှတ်မည့် ပြစ်ဒဏ်များကို ထပ်မံဖြည့်စွက်ထားသည်ကို တွေ့ရသည်။
၄၈ ယာဉ်လိုင်း ထောင်ထားသော ယာဉ်ပိုင်ရှင်တဦး ဖြစ်သည့် ကိုအုန်းလှဌေး ဆိုသူက“ကျနော်တို့ ယာဉ်ပိုင်ရှင်တွေ သိထားတာက ထုတ်ပြန်ထားတာပဲ သိတာ၊ အဆိုးဆုံးက အခုထုတ်ပြန်တဲ့အသစ်မှာကို မတွေ့ရဘူး၊ အခု သိရသလောက် တကယ်လုပ်တဲ့ ကော်မတီ တွေမှာ ကျနော်တို့ ရွေးခွင့်က အကန့်အသတ်နဲ့ဖြစ်တယ်။ တကယ်ဆုံးဖြတ်ပေးနိုင်တဲ့ သူတွေကို ကျနော်တို့က ရွေးချယ်ခွင့် မရှိဘူးဖြစ်နေတယ်။ အစိုးရက အပြောတမျိုး အလုပ်တမျိုးဖြစ်နေတာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ကွဲလွဲချက်များ၊ ပြဌာန်းထားသည့် တိုင်းဒေသကြီးနည်းဥပဒေနှင့် ဆန့်ကျင့်မှုများ ရှိနေသော်လည်း လွှတ်တော်တွင်း မဲခွဲမှုအရ ကန့်ကွက်သည့် လွှတ်တော်အမတ်များ၏ အဆိုရှုံးနိမ်းခဲ့သည့်အတွက် လာမည့် စက်တင်ဘာ ၁ ရက်တွင် အဆိုပါ ပုဂ္ဂလိက မော် တော်ယာဉ် ဥပဒေကြမ်းကို တိုင်းဒေသကြီး လွှတ်တော်တွင် ဆက်လက်ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်၏ ပထမအကြိမ် နဝမမြောက် ပုံမှန်အစည်းအဝေးကို သြဂုတ် ၂၂ ရက်မှ စက်တင်ဘာ ၅ ရက် အထိ ကျင်းပနေခြင်း ဖြစ်သည်။