ရန်ကုန်မြို့ရှိ ရှေးဟောင်း ယဉ်ကျေးမှု မြို့ပြအမွေအနှစ်များ ထိန်းသိမ်းရန် အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် ရှေးဟောင်း ယဉ်ကျေးမှု မြို့ပြ အမွေအနှစ် ဆိုင်ရာ ဥပဒေ ရေးဆွဲရန် အစီအစဉ် မရှိသေးကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပထမအကြိမ် နဝမမြောက် ပုံမှန်အစည်းအဝေး၏ တတိယမြောက်နေ့(သြဂုတ် ၂၅ ရက်)တွင် ရန်ကုန်မြို့ အတွင်းရှိ ရှေးဟောင်းမြို့ပြအမွေအနှစ်များ စနစ်တကျ ထိန်းသိမ်းရန် တိုင်းဒေသကြီး အစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့်ပတ်သက်၍ အဆိုတင်သွင်းသည့် လွှတ်တော်အမတ်၏ မေးမြန်းမှုကို ရန်ကုန် မြို့တော်ဝန်က ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ် သည်။
“ပြည်ထောင်စု မြန်မာနိုင်ငံတော် ယဉ်ကျေးမှုဝန်ကြီးဌာနကလည်း ယဉ်ကျေးမှုဒေသများ ထိန်းသိမ်းရေး ဥပဒေတွေ နည်းဥပဒေ တွေကို ပြဌာန်းပြီးဖြစ်ပါတယ်။ ဒီတော့ အခုလက်ရှိမှာတော့ ဥပဒေကြမ်းရေးဖို့၊ နောက် ကော်မတီဖွဲ့ ထိန်းသိမ်းဖို့က လောလောဆယ် အစီအစဉ် မရှိသေးပါဘူး”ဟု ရန်ကုန် မြို့တော်ဝန် ဦးလှမြင့်က ပြောသည်။
ယခုအဆိုကို ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက တင်သွင်းခဲ့ခြင်းဖြစ် သည်။
“အဓိက ဘာကြောင့် တင်သွင်းလဲဆိုရင် ကျမတို့ဆီမှာ အခုနောက်ပိုင်း အဆောက်အအုံတွေကို တကယ့်သမိုင်းအမွေနှစ်တွေ ရှိတဲ့ နေရာတွေမှာ ဆောက်လုပ်ခွင့်တွေ ပေးထားတယ်။ ဒါတွေက မပေးသင့်ဘူး။ ယဉ်ကျေးမှု အမွေအနှစ်တွေ ဆုံးရှုံးတယ်။ နောက်မြန်မာနိုင်ငံ ရန်ကုန်မြို့ဟာ အာရှမှာဆို ရှေးဟောင်း အဆောက်အအုံတွေ ကျန်သေးတဲ့ နောက်ဆုံးမြို့ ဖြစ်တယ်။ ထိန်းသိမ်းဖို့ ကောင်းတယ်။ တခြားနိုင်ငံတွေနဲ့ အပြိုင် အဆောက်အအုံတွေ ဆောက်မယ်ဆိုတာထက် ယဉ်ကျေးမှုအမွေအနှစ်ကို သေချာထိန်း တာ က ပိုပြီး သူများနိုင်ငံထက် သာလွန်ပါမယ်”ဟု ဒေါက်တာ ညိုညိုသင်းက ပြောသည်။
ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က လက်ရှိအချိန်တွင် ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီအနေဖြင့် ဥရောပ သမဂ္ဂ၏ အကူအညီဖြင့် မြို့ပြအမွေအနှစ် ထိန်းသိမ်းခြင်းကို ဆောင်ရွက်နေကြောင်း၊ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ (Yangon Heritage Trust) တို့နှင့်လည်း ဆောင်ရွက်နေကြောင်းနှင့် လုပ်ဆောင်နေသည့် အစီအစဉ်များကို လွှတ်တော်တွင်
ချပြပြောကြားသည်။
သမိုင်းဝင် အဆောက်အအုံများတည်ရှိရာ ရန်ကုန်မြို့၏ အထင်ကရမြို့လယ် ဧရိယာအား ၂၀၁၄ ခုနှစ် ယဉ်ကျေးမှုအမွေအနှစ် နေ ရာ တခုအဖြစ် ကမ္ဘာ့ သမိုင်းဝင် အဆောက်အအုံစောင့်ကြည့်ရေးအဖွဲ့ (World Monument Watch) ၏ စောင့်ကြည့်မည့် စာရင်း တွင် ထည့်သွင်းရန် ရွေးချယ်ထားကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ဒေါက်တာ ညိုညိုသင်း တင်သွင်းခဲ့သည့် ရန်ကုန်မြို့တွင်းရှိ ရှေးဟောင်းမြို့ပြအမွေအနှစ်များအား စနစ်တကျ ထိန်းသိမ်းရန် တိုက် တွန်းကြောင်း အဆိုမှာ လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ချက်ကြောင့် အတည်ပြုနိုင်ခြင်း မရှိသကဲ့သို့ မှတ်တမ်းတင်ခွင့်လည်း မရခဲ့ပေ။
“အခုအချိန်ထိ ဆောက်လုပ်နေတဲ့ အဆောက်အအုံတွေက သမိုင်းအထင်ကရရှိတဲ့ နေရာတွေမှာ ပေးထားတယ်။ ဥပမာ ရာပြည့် ကွင်း၊ သိမ်ဖြူကွင်း တို့ပေါ့။ ဒါတွေက မပေးသင့်ဘူး။ မလုပ်သင့်ဘူး။ နောက် အဆိုတင်တဲ့နေ့ကော ဆွေးနွေးတဲ့နေ့မှာပါ ရန်ကုန်မြို့တော် စီမံကိန်းတွေကို ဆုံးဖြတ်ချက်ပေးနေတဲ့ ဝန်ကြီးချုပ်က တက်ရောက်တာ မရှိခဲ့ဘူး။ တင်တဲ့အဆိုက ရှုံးသွားတော့ ဘာမှ မတတ်နိုင်ဘူးပေါ့”ဟု ဒေါက်တာ ညိုညိုသင်းက ပြောသည်။
ထို့အပြင် ရန်ကုန်မြို့ အတွင်းရှိ ရှေးဟောင်းမြို့ပြ အမွေအနှစ်များအား စနစ်တကျ ထိန်းသိမ်းရန် အတွက် မည်သည့် ငွေကြေး ပမာဏဖြင့် လုပ်ဆောင်နေသည်၊ မည်မျှကုန်ကျခဲ့သည်ကို ဒေါက်တာ ညိုညိုသင်းက မေးမြန်းခဲ့သော်လည်း မြို့တော်ဝန်က ပြန် လည် ဖြေကြားခြင်း မရှိပေ။
“မြို့တော်ဝန်ကြီးက သူတို့ လုပ်နေတာတွေကို ချပြခဲ့တာမှန်ပေမယ့် မေးထားတာကို တိတိကျကျ မဖြေခဲ့ပါဘူး။ ငွေပမာဏ ဘယ် လောက် သုံးတယ် ဆိုတာမဖြေခဲ့ဘူး။ နောက် ဘယ်လောက်သုံးပြီးလည်း ဆိုတာ မဖြေခဲ့ဘူး။ ဒီအဆောက်အအုံတွေကို အဖွဲ့တွေနဲ့ထိန်းသိမ်းတယ် ဆိုတာသာ ပြောတာပါ။ စီမံကိန်းတွေကို အထင်ကရနေရာမှာ ပေးနေတာက အပြောတခြား အလုပ်တခြားဖြစ်နေ ပါတယ်”ဟု ဒေါက်တာ ညိုညိုသင်း က ပြောဆိုသည်။
ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်၏ ပထမအကြိမ် နဝမမြောက် ပုံမှန်အစည်းအဝေးကို သြဂုတ် ၂၂ ရက်မှ စက်တင်ဘာ ၅ ရက် အထိ ကျင်းပနေခြင်း ဖြစ်သည်။