Religion

ဓမ္မစေတီ ခေါင်းလောင်းကြီးဟု ယူဆရသည့် အရာကို ဆလုံရေငုပ်သမားများ စမ်းမိဟု ဆို

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင်ချောင်း ၃ ခု ဆုံရာ နေရာတွင် ဓမ္မစေတီ ခေါင်းလောင်းကြီးဟု ယူဆရသော အရာကို ဆလုံလူမျိုး ရေငုတ်သမားများက စမ်းမိထားပြီး သံမဏိကြိုးဖြင့် ချည်တုပ်နေကြောင်း ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေရေး အထောက်အကူပြုအဖွဲ့က ပြောသည်။

“ခေါင်းလောင်းကြီးကို ကြိုးချည်ထားပြီးပြီ။ ကျနော်တို့လည်း ဆလုံ ရေငုတ်သမားတွေရဲ့ တွေ့ရှိချက်အတိုင်း ပြောတာပါ။ သူတို့က ရေအောက်မှာ ဆလုံနည်းနဲ့ စမ်းခဲမိတာပေါ့။ အခုက တွေ့မိပြီ၊ စမ်းမိပြီ။ ခေါင်းလောင်းကြီး ဟုတ်မဟုတ် ဆိုတာကတော့ အပေါ်ရောက်မှပဲ သေချာပြောနိုင်မယ်” ဟု ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေရေး အထောက်အကူပြုအဖွဲ့မှ ဦးမင်းကွန်စွန်းက ပြောသည်။

ခေါင်းလောင်းကြီးနှင့် ပတ်သက်၍ ကောလာဟလများ များစွာ ထွက်ပေါ်လျက် ရှိသဖြင့် မီဒီယာများကို ဖြေကြားရန် ယခုအခါ ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ၅၅ လမ်းတွင် ရုံးခန်းဖွင့်လှစ်၍ ခေါင်းလောင်းကြီး ရှာဖွေရေး အထောက်အကူပြုအဖွဲ့ က သတင်းထုတ်ပြန်မှုများ ပြုလုပ်လျက်ရှိသည်

ထို့ကြောင့် ရေအောက်တွင် ရှာဖွေတွေ့ရှိထားသော ခေါင်းလောင်းကြီး ရေပေါ်သို့ ဆယ်ယူရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရထံမှ ခွင့်ပြုချက် ဆက်လက် တောင်းခံထားကြောင်း၊ ပို့ဆောင်ရေး ဝန်ကြီးဌာနထံမှလည်း နည်းပညာနှင့် သင်္ဘောများ ရရှိရေး အကူအညီတောင်းရေးအတွက် အထောက်အကူအဖွဲ့က အစည်းအဝေးပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

တွေ့ရှိထားသည့်အရာကို ထပ်မံချည်တုပ်ရန် သံမဏိကြိုးများ ဝယ်ယူနေပြီး သြဂုတ်လ ၂၇ ရက်နေ့တွင် ခိုင်ခံ့စွာ ချည်နှောင်ရန် ကြိုးစားမည်ဟု သိရှိရသည်။

ခေါင်းလောင်းကြီး ရှှာဖွေခွင့် ရထားသူ ဦးစံလင်းသည် တွေ့ရှိထားသည့်အရာကို ရေပေါ် ဆယ်ယူနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ အသေးစိတ်ကိုမူ ထုတ်ပြန်မည်မဟုတ်ကြောင်း ခေါင်းလောင်းကြီး ရှာဖွေရေး အထောက်အကူပြုအဖွဲ့က ဆိုသည်။

အကယ်၍ ဦးစံလင်းနှင့် အဖွဲ့က ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်ယူမှု အထမမြောက်ပါက ခရိုနီ သူဌေးကြီးလည်းဖြစ်၊ လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်သူ ဇေကမ္ဘာ ဦးခင်ရွှေက ကျိုက်ထီးဆောင်းဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် ဆယ်ယူသွားမည်ဟု သတင်းများ ထွက်ပေါ်ထားသည်။

ဇေကမ္ဘာ ဦးခင်ရွှွေတို့အဖွဲ့ ရှာဖွေမှု အထမမြောက်လျှင် မွန်အမျိုးသားများက ဦးဆောင်ပြီး မွန်ဆရာတော်များ၏ လမ်းညွှန်မှုဖြင့် သိပ္ပံနည်းကျ ခေတ်မီစက်ကိရိယာများဖြင့် ဓမ္မစေတီ ခေါင်းလောင်းကြီးကို ရှာဖွေရန် ကြိုးပမ်းမည်ဟု သိရသည်။

မွန်သမိုင်းသုတေသန အသင်း အတွင်းရေးမှူး ဦးနိုင်ရဲဇော်က “ကျနော်တို့က ခေါင်းလောင်းကြီးကို မဆယ်ဘူး၊ ရှာမှာ။ အရင် ရှာကြည့်မယ်။ တွေ့မှ ဆယ်ဖို့ ကြိုးစားမယ်။ ကျနော်တို့ လုပ်တဲ့အခါ နိုင်ငံတော် အကူအညီ၊ နိုင်ငံတကာ အကူအညီတွေနဲ့ ရှာချင်တယ်။ ရေအောက်ကို ထောက်လှမ်းနိုင်ဖို့ ကိရိယာတွေ ရေတပ်မှာ ရှိတယ်။ နိုင်ငံတော်က ကူညီရင် ဒီကိစ္စက လွယ်လွယ်လေးရယ်။ ဒါပေမယ့် ဘာလို့ နိုင်ငံတော်က ဝင်မပါလဲဆိုတဲ့ မေးခွန်းကတော့ ထုတ်ချင်တယ်” ဟု ပြောသည်။

ယခုကဲ့သို့ ဓမ္မစေတီ ခေါင်းလောင်းကြီးကို ရှာဖွေရာတွင် သိပ္ပံနည်းကျ မဟုတ်ဘဲ နဂါးအကူအညီဖြင့် ရှာဖွေမည်ဆိုခြင်းမှာ ၂၁ ရာစုတွင် ဖြစ်နိုင်ပါမည်လားဟု ခေါင်းလောင်းကြီး ရှာဖွေရေး နှစ်ပေါင်းများစွာ သုတေသနပြုကာ ကြိုးပမ်းခဲ့သူ စာရေးဆရာ ချစ်စံဝင်းက ဆိုသည်။

၎င်းက “ကျနော်တို့လို နိုင်ငံမျိုးမှာ၊ ၂၁ ရာစုမှာပေါ့ဗျာ၊ အဲဒီလို အတွေးအခေါ်တွေနဲ့ နေနေသမျှ ကျနော်တို့ အနေနဲ့ အမှားတွေ လုပ်မိနေဦးမှာပါ” ဟု ဦးချစ်စံဝင်းက ပြောသည်။ “ခေါင်းလောင်းကြီးကို ရှာမယ်ဆိုရင် အခုလို တန်းပြီးတော့ ရှာတာထက် ဘယ်နေရာမှာ ရှိမယ်ဆိုတဲ့ ကိစ္စကို သေချာ သုတေသန လုပ်ပြီးမှ ရှာသင့်တယ်” ဟုလည်း ဆက်လက် ပြောသည်။

လွန်ခဲ့သည့် နှစ် ၄၀၀ ခန့်က ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင်ချောင်း ဆုံသည့်နေရာမှာ လက်ရှိတွင် ဦးစံလင်းတို့အဖွဲ့ တူးဖော်နေသည့် နေရာမဟုတ်ကြောင်း၊ ဧရာဝတီမြစ်၏ အနည်ပို့ချမှုနှုန်းမှာ နှစ် ၁၀၀ ကြာတိုင်း မြစ်၏ အရှေ့ဘက်သို့ ၃ မိုင် တိုး၍ ပို့ချနေသဖြင့် ယခု နှစ် ၄၀၀ ရှိသွားသောအခါ မြစ်၏ ပို့ချမှုမှာ ၁၂ မိုင် ဖြစ်သွားသဖြင့် ခေါင်းလောင်းကြီးမှာ ကုန်းပေါ် သို့မဟုတ် မြေကြီးထဲ သို့မဟုတ် ရေထဲ တွင်လားဆိုသည်မှာ အလွန် မှန်းရခက်ကြောင်း ဦးချစ်စံဝင်းက ပြောကြားသည်။

ခေါင်းလောင်းကြီး၏ အမည်သည် ၁၄၇၁ ခုနှစ်မှ ၁၄၉၂ ခုနှစ်အတွင်း ဟံသာဝတီ မွန်ဘုရင်နိုင်ငံကို အုပ်စိုးခဲ့သည့် ဓမ္မစေတီမင်း၏ အမည်ကို အစွဲပြုထားခြင်း ဖြစ်ပြီး ဓမ္မစေတီမင်းက ရွှေတိဂုံစေတီတော်တွင် ထားရှိရန် သွန်းလုပ် လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း၊ ပေါ်တူကီ ကြေးစား စစ်သား ငဇင်ကာက အမြောက်သွန်းလုပ်ရန် ဓမ္မစေတီ ခေါင်းလောင်းကို သန်လျင်သို့ သယ်ယူစဉ် ရန်ကုန်မြစ်၊ ရေလယ်တွင် ဖောင်ပျက်ကာ ခေါင်းလောင်းကြီး နစ်မြှုပ်သွားခဲ့ခြင်းဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။

ဓမ္မစေတီ ခေါင်းလောင်းကြီး စတင်ရှာဖွေစဉ်နှင့် မကြာသေးမီက တွေ့ရှိပြီဟူသော သတင်းများကြောင့် ထိုမြစ်ဆုံနေရာကို မြင်နိုင်သည့် ကမ်းစပ်များတွင် လာရောက်ကြည့်ရှုသူများ နေရောညပါ တဖွဲဖွဲစည်ကားလျက်ရှိသည်။ စက်လှေငှား၍ ခေါင်းလောင်းရှာဖွေသည့်နေရာ အနီးသို့ သွားရောက် ကြည့်ရှုသူများလည်း ရှိသည်။

ဆက်စပ်ဖတ်ရှုရန်

 

Did you find apk for android? You can find new Free Android Games and apps.
Loading