Crime

မော်ဒယ်လ် သရုပ်ဆောင် အေးချမ်းမြတ်မိုး ဓားထိုး အသတ်ခံရ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ဦးဝိစာရ အိမ်ရာမှာ နေထိုင်တဲ့ အသက် ၂၀ အရွယ် တက်သစ်စ မော်ဒယ်လ် သရုပ်ဆောင် အေးချမ်းမြတ်မိုး  ယမန်နေ့ ည ၇ နာရီခွဲအချိန်ခန့်က ဓားထိုးခံရမှုကြောင့် သေဆုံးသွားတယ်လို့ မိသားစုဝင်တွေနဲ့ ဒဂုံမြို့နယ် ရဲစခန်းရဲ့ ပြောဆိုချက်အရ သိရှိရပါတယ်။

သြဂုတ်လ ၂၆ ရက်နေ့ ည ၇ နာရီခွဲ ခန့်မှာ မော်ဒယ်လ် အေးချမ်းမြတ်မိုးက ဦးဝိစာရ အိမ်ရာမှာရှိတဲ့ သူမနေထိုင်ရာ တိုက်ခန်း တတိယထပ်ကို တဦးတည်း ပြန်လာစဉ်  အေးချမ်းမြတ်မိုးကို တဖက်သတ်ချစ်ကြိုက်နေခဲ့တဲ့ ကိုအံ့ဖြိုးပိုင် ဆိုသူက ဒုတိယထပ်လှေကားမှာကြိုတင်စောင့်ဆိုင်းပြီး မအေးချမ်းမြတ်မိုးရဲ့ လည်ပင်းကို ဓားနဲ့ထိုးခဲ့တာဖြစ်တယ်လို့ မော်ဒယ်လ်အေးချမ်းမြတ်မိုးရဲ့ အစ်မဖြစ်သူ မအေးချမ်းမြတ်ဖြိုးက ဧရာဝတီကို ပြောပြပါတယ်။

“ဘာအငြိုးအတေးရှိလို့ သတ်တယ်မသိဘူး။ ညီမလေး ပြန်မလာခင်ကတည်းက တိုက်ခန်းအောက်မှာ ထိုင်စောင့် နေတယ်လို့ မြင်တဲ့သူတွေကပြောပြတယ်။ ဒုတိယထပ်က ဝုန်းခနဲ အသံတချက်ကြားလိုက်တယ်။ ညီမလေး လည်ပင်းမှာ
သွေးတွေရွှဲလို့။ အမေရေ ကယ်ပါဦး ဆိုပြီး အခန်းဆီ ပြေးတက်လာတဲ့အချိန်ထိ ညီမလေးမှာ သတိရှိနေသေးတာ။ သွေး ထွက်တာလွန်နေပြီး အရေးပေါ်ရောက်မှ ဆုံးသွားတာ”လို့ မအေးချမ်းမြတ်ဖြိုး က အခင်းဖြစ်တဲ့ညက ဖြစ်စဉ်ကို ပြန်ပြောင်း ပြောဆိုပါတယ်။

လည်ပင်းကို ဓားနဲ့ထိုးပြီး ထွက်ပြေးသွားတဲ့ တရားခံ အံ့ဖြိုးပိုင်ကိုတော့ ဦးဝီစာရ အိမ်ရာဝန်းထဲမှာ နေထိုင်သူတွေက ဝိုင်းဖမ်းဆီးပြီး ရဲစခန်းအပ်နှံလိုက်တယ်လို့ သိရပါတယ်။

အေးချမ်းမြတ်မိုး အသတ်ခံရတဲ့ အမှုကို ဒဂုံမြို့မ ရဲစခန်းမှာ ပ/၁၈၄/၁၄/ ပြစ်မှုပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်အရေးယူထားပြီး ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ ရဲစခန်းမှူး ရဲအုပ် ဇာနည်ထွဋ် က ပြောပါတယ်။

“ကျူးလွန်တဲ့ တရားခံကို ဖြစ်ဖြစ်ချင်းဖမ်းမိထားတယ်။ ဖြစ်စဉ်အသေးစိတ်က စုံစမ်းတုန်းဆိုတော့ ပြောလို့မရသေးဘူး”လို့ ရဲအုပ် ဇာနည်ထွဋ်က ဆိုပါတယ်။

ကိုအံ့ဖြိုးပိုင် က သေဆုံးသူမော်ဒယ်လ် ရဲ့ အိမ်ကို အရင်က အဝင်အထွက်ရှိခဲ့ပြီး မိသားစု တခုလုံးနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး မျိုး ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ သူ့ရဲ့ စာရိတ္တကို မကြိုက်တာကြောင့် အဆက်အဆံ မလုပ်ဖြစ်တာကြာပြီလို့ ကျန်ရစ်သူ မိသားစုက ဆိုပါတယ်။ ကိုအံ့ဖြိုးပိုင်နဲ့ သေဆုံးသူ မော်ဒယ်လ်အေးချမ်းမြတ်မိုးက သမီးရည်းစားတွေဖြစ်တယ်ဆိုတဲ့ သတင်း တွေကို ကျန်ရစ်သူ မိသားစုက မဟုတ်မှန်ကြောင်း ပြောဆိုပါတယ်။

“သစ်ထူးလွင် က ရေးသလို သမီးရည်းစားချင်း ရန်ဖြစ်တာလုံးဝမဟုတ်ဘူး။ ညီမလေးရဲ့ ဖုန်းမှာကျန်ခဲ့တဲ့ မက်ဆေ့ချ်တွေအရ ပုံမှန်ဆက်ဆံရေးမျိုးပါ။ ဘာမှတောင် ဖြေရှင်းခွင့်မရဘဲ ဆုံးသွားတဲ့ညီမလေးအပေါ် မမှန်တာတွေမရေးစေချင်၊ မပြောစေချင်ဘူး ”လို့ မအေးချမ်းမြတ်ဖြိုး ကပြောပါတယ်။

ကွယ်လွန်သူ မော်ဒယ်အေးချမ်းမြတ်မိုးရဲ့ နာရေးဈာပနကိုတော့ သြဂုတ်လ ၃၀ နေ့ စနေနေ့၊ မွန်းလွဲ ၂ နာရီ ၊ ရေဝေး သုသာန်မှာ ပြုလုပ်မယ်လို့ သိရပါတယ်။ မော်ဒယ်လ် အေးချမ်းမြတ်မိုး ဟာ ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှာမှ အနုပညာ လောက ထဲကို ဝင်ရောက် လာသူ ဖြစ်ပြီး Laurel Art Academy မှာ သင်တန်းတက်နေဆဲ ကျောင်းသူတဦး ဖြစ်ပြီး လတ်တ လော ကြော်ငြာတချို့၊ မဂ္ဂဇင်း မျက်နှာဖုံးတချို့ နဲ့ အလှဓာတ်ပုံတချို့ လက်ခံရိုက်ကူးနေတဲ့ မော်ဒယ်လ် သရုပ် ဆောင် တဦးလည်းဖြစ်တယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading