ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက် အသုံးစရိတ် မလုံလောက်မှုကြောင့် ကျပ်ငွေ ၃၉ ဘီလီယံ ကျော် ထပ်မံသုံးစွဲခွင့်ပြုရန် လွှတ်တော်သို့ တင်ပြတောင်းခံရာတွင် ဧည့်ခံစရိတ်လိုငွေ ၆ သန်းကျော် ပါဝင်ကြောင်း သိရ သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရ သာမန်အသုံးစရိတ် ခေါင်းစဉ်အောက်၌ အစိုးရရုံးမှတောင်းခံမှုများတွင် နိုင်ငံတော် အကြီးအကဲများနှင့် နိုင်ငံခြား ဧည့်သည်များအတွက် ဧည့်ခံစရိတ်လိုငွေ ၆ သန်းကျော်ကို ထည့်ဝင်တောင်းခံထားသည်ကို တွေ့ရသည်။
မူလက ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်း အစိုးရအဖွဲ့၏ ခန့်မှန်း အသုံးစရိတ် အနေဖြင့် ကျပ် ဘီလီယံ ၃၈၀ ကျော် တောင်းခံ ထားပြီးဖြစ်ရာ ထိုငွေပမာဏ မလုံလောက်၍ လက်ရှိ ကျင်းပနေဆဲ ရန်ကုန်တိုင်း လွှတ်တော် အစည်းအဝေး၌ လိုငွေ ကျပ် ဘီလီယံ ၃၉၀ ကျော်ကို ထပ်မံ တောင်းခံခြင်း ဖြစ်ကြောင်း သိရသည်။
ထပ်မံ တောင်းခံထားသည့် ငွေများကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရ၏ ဌာန ၁၀ ခုမှ တောင်းခံခြင်း ဖြစ်သည်။ တောင်းခံသည့် ဌာန များမှ သာမန် အသုံးစရိတ် ၅ ဘီလီယံကျော်၊ ငွေလုံးငွေရင်း အသုံးစရိတ်အတွက် ၃၄ ဘီလီယံကျော် စုစုပေါင်း ၃၉ ဘီလီယံကျော်ကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာရေးဝန်ကြီး ဒေါ်စန်းစန်းနွယ်က လွှတ်တော်သို့ တင်ပြ တောင်းခံခြင်း ဖြစ်သည်။
“ဘဏ္ဍာငွေတွေ ထပ်တောင်းရတယ် ဆိုပေမယ့် ကျမတို့ အနေနဲ့ ဝင်ငွေရရှိမှု အပိုင်းမှာ ပိုမိုတိုးတက် ကောက်ယူနိုင်ခဲ့ပါတယ်။ ဒီ အတွက် ဝင်ငွေရရှိမှုတွေ တိုးလာခဲ့ပါတယ်။ ဘဏ္ဍာငွေတွေ ထပ်တောင်းရတာက ပြည်သူတွေအတွက် အမှန်တကယ် လုပ်ဆောင် ပေး ဖို့၊ ဖြည့်ဆည်းပေးနိုင်ဖို့ အတွက် တောင်းတာပါ”ဟု ဒေါ်စန်းစန်းနွယ်က ပြောသည်။
ထိုတောင်းခံငွေများတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တင်ပြတောင်းခံသည့် ငွေပမာဏမှာ အများဆုံးဖြစ်ပြီး သန်းပေါင်း ၂၉၀၀၀ ကျော် တောင်းခံထားကာ အနည်းဆုံး တောင်းခံမှုမှာ အထူးစုံစမ်း စစ်ဆေးရေးဌာန(စစစ)က ဝန်ထမ်းများ၏ စွမ်းရည်မြင့် သင်တန်းများအတွက် တောင်းခံမှုအဖြစ် ကျပ် ၁ သန်းကျော် တောင်းခံထားခြင်း ဖြစ်သည်ဟု ဘဏ္ဍာရေးဝန်ကြီး ဒေါ်စန်းစန်းနွယ် ၏ တင်ပြချက်တွင် ပါရှိသည်။
ဗဟန်း မြို့နယ် အမှတ်(၂) မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက“သုံးငွေတွေနဲ့ ပတ်သက်ပြီး တိတိကျကျ လွှတ်တော်က စစ်နိုင်တဲ့ အဖွဲ့တွေ မရှိသေးဘူး။ သူတို့ဘက်က တောင်းသလောက် ချပေးနေရတာမျိုး ဖြစ်နေတယ်။ တကယ် လုပ် ငန်း တွေ လုပ်မလုပ်ကိုလည်း မစစ်ဆေးနိုင်သေးဘူး။ ဧည့်ခံစရိတ်က ၆ သန်းကျော် တောင်းတယ် ဆိုတာ ဒီတနှစ်စာ အတွက် တောင်း တာ။ ဘဏ္ဍာနှစ်က နောက် ၈ လဆို ပြီးတော့မယ်။ ဧည့်ခံစရိတ် တောင်းတာ များလွန်းတယ်”ဟု ဧရာဝတီကို ပြောသည်။
သြဂုတ် ၂၇ ရက်က ကျင်းပသော ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ပုံမှန်အစည်းအဝေး၌ အသုံးစရိတ် မလုံလောက်မှုကြောင့် တင်ပြတောင်းခံရာတွင် သာမန်အသုံးစရိတ် သုံးစွဲရန်နှင့် ငွေလုံးငွေရင်း သုံးစွဲရန်ဟူ၍ ခေါင်းစဉ် နှစ်ခုဖြင့် တင်ပြတောင်းခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ငွေလုံးငွေရင်း အသုံးစရိတ် ခေါင်းစဉ်အောက်တွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ရုံးသုံး ပရိဘောဂများနှင့် စက်ကိရိယာများ ဝယ်ရန် အတွက် ကျပ် ၁၄ သန်းကျော် သုံးစွဲရန် တောင်းခံထားသည်ကို တွေ့ရသည်။
“အစိုးရ အဖွဲ့နဲ့ ကျန်တဲ့အဖွဲ့တွေ တောင်းတာတွေမှာ လမ်းတံတား သုံးစွဲမှု တင်တာတွေမှာ ကတ္တရာ လမ်းခင်းတာ တခုတည်းကို သိန်းပေါင်း ၁၈၀၀ ကုန်တယ်ဆိုပြီး တင်တယ်။ ၁ မိုင်ခင်းစာ တင်တာနော်။ ဒါကို ရခိုင်တိုင်းရင်းသား ဝန်ကြီးက သူတို့ ရခိုင်မှာ လမ်း ခင်းတာ သိန်း ၁၄၀၀ ပဲ ကုန်တယ်လို့ ထောက်ပြတော့ ၁ မိုင်တင် သိန်း ၄၀၀ ပိုနေတယ်။ ၁၀ မိုင်ဆို သိန်း ၄၀၀၀ ပိုသွားပြီ။ ဒီလို တောင်းတာကို အန်ကယ်တို့ ကန့်ကွက်ခဲ့ပေမယ့် အများစု ဆန္ဒအရ ပေးခဲ့ရတယ်။ နောက် မစစ်ဆေးနိုင်တော့ ဘတ်ဂျက်က တောင်း သလို ပေးနေရတာပေါ့”ဟု သင်္ဃန်းကျွန်း မဲဆန္ဒနယ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးကျော်က ဧရာဝတီကို ပြောသည်။
ဘဏ္ဍာငွေ ထပ်မံတောင်းခံသည့် ဌာနဆိုင်ရာ အဖွဲ့အစည်း ၁ဝ ခုမှာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံး၊ ဥပဒေရုံးများ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာန၊ မီးသတ် ဦးစီးဌာန၊ ရေအရင်းအမြစ် အသုံးချရေး ဦးစီးဌာန၊ အဆောက် အအုံ လမ်းတံတား ပြင်ဆင် ထိန်းသိမ်းခြင်း အဖွဲ့၊ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း၊ ရန်ကုန်မြို့တော် စည်ပင် သာယာ ရေး ကော်မတီနှင့် စည်ပင်သာယာရေး အဖွဲ့တို့ ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်၏ ပထမအကြိမ် နဝမမြောက် ပုံမှန်အစည်းအဝေးကို သြဂုတ် ၂၂ ရက်မှ စက်တင်ဘာ ၅ ရက် အထိ ကျင်းပနေခြင်း ဖြစ်သည်။