ပြီးခဲ့တဲ့ တပတ်က ဧရာဝတီမှာ ကလေးတို့ကို ပုံပြင်လေးတွေ ဖတ်ပြဖို့နဲ့၊ ပုံပြင်လေးတွေ အရေးကြီးတဲ့ အကြောင်းကို ကျမ ရေးခဲ့ပါတယ်။ ကလေးတို့ အတွက် ပုံပြင်လေးတွေလိုပဲ အရေးကြီးတဲ့ အရာကတော့ ကလေးတို့ ဖတ်ဖို့ ကလေး ကဗျာပါပဲ။ ကလေးကဗျာဟာ ကလေးတို့အတွက် ပုံပြင်လိုပဲ အရေးကြီး ပါတယ်။
ဖွံ့ဖြိုးပြီး နိုင်ငံများမှာတော့ ပုံပြင်လိုပဲ ကလေး တွေဖတ်ဖို့ ကဗျာလေးတွေ၊ ကလေးတွေ ဆိုဖို့ သီချင်း ကဗျာလေးတွေ အများကြီး ရှိကြပါတယ်။ ကျမတို့ ဆီမှာတော့ ဆရာမင်းသုဝဏ်တို့၊ ဒေါက်တာ မောင်ဖြူးတို့ ရေးပေးသွားကြတဲ့ ကလေး ကဗျာ အနည်းအကျဉ်းနဲ့ နောက်ပိုင်း ကဗျာဆရာတွေ ကြိုးကြားကြိုးကြား ရေးပေးကြတဲ့ ကလေးကဗျာလေး တွေ ခပ်နည်းနည်းလောက်ပဲ ရှိပါသေးတယ်။
အဲဒီ ခပ်နည်းနည်းလောက်ပဲရှိတဲ့ ကဗျာများဟာလည်း ကလေးတွေ လက်ထဲကို မရောက်ရတာ များပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျမတို့ဆီက မိဘ အများစုဟာ ကလေးတွေကို ကဗျာလေးတွေ ဖတ်ပြဖို့နဲ့ ကဗျာလေးတွေ ရွတ်ပြဖို့ကို အင်္ဂလိပ်စာတွေ သင်ဖို့လောက်၊ ဝလုံးတွေ၊ ကကြီး ခခွေးတွေ သင်ဖို့လောက် သိပ်စိတ် မဝင်စားကြလို့ပါပဲ။
တကယ်တော့ ကလေးတို့ကို ကဗျာရွတ်ပြဖို့နဲ့ ကဗျာဖတ်ပြဖို့ဆိုတဲ့ ကိစ္စဟာ ကလေးတွေကို ဝလုံး လေးတွေ ရေးခိုင်း ဖို့ထက် ပိုပြီးတော့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကဗျာမှာက အသံတွေ၊ ကာရန်လေးတွေ ပါတာမို့ ကလေးတို့ဟာ ကဗျာဖတ်ရင်းနဲ့ ကာရန်လေးတွေကို နားလည်သွား ကြလို့ပါပဲ။
ကာရန်နဲ့ အသံဟာ ကလေးတို့ရဲ့ စာသင်ကြားရေး (စာဖတ်နိုင်မှုမှာ) အင်မတန်မှ အရေးပါတဲ့၊ အရေးကြီးတဲ့ အရာပါ။ ကာရန်နဲ့ အသံကို သိတဲ့ ကလေးတယောက်ဟာ အင်္ဂလိပ်စာပဲ သင်သင်၊ မြန်မာစာပဲ သင်သင် စာဖတ်တတ်ဖို့ သိပ်လွယ် ပါတယ်။ အသံနဲ့ ကာရန်ကို သိထားပြီ ဆိုရင်ဖြင့် အ အာ အားကို သင်ပြီးတာနဲ့ တပြိုင်နက်တည်း ကလေးဟာ ကကြီးဆိုရင် က ကာ ကား၊ ခခွေး ဆိုရင် ခ ခါ ခါး စသဖြင့် သိသွားတော့ တာပါပဲ။
နောက်တခုကတော့ ကလေးကဗျာများဟာ ကလေးတို့ အတွက် ကာရန်တခုတည်း သိစေတာ မဟုတ်ပါဘူး။ ကလေးတို့ အတွက် သိသင့်သိထိုက်တဲ့ အရောင်တွေ၊ ပတ်ဝန်းကျင် အကြောင်းတွေ သာမက တစ် နှစ် သုံး လေး၊ အပေါင်း အနုတ် စတာလေးတွေကိုပါ ကဗျာလေးတွေကို ရွတ်ရင်းနဲ့ သိနားလည်သွား စေပါတယ်။
ဥပမာ – “ကောင်းကင်ကြီးက သိပ်လှတယ်
အပြာရောင်ပဲကွယ်။
သစ်ပင်များနဲ့ မြက်ပင်များ
အစိမ်းရောင်တဲ့ဗျား။
လကလေးက ဖွေးဖွေးဖြူ
စံပယ်ပန်းနဲ့တူ”
အစချီတဲ့ ကဗျာလေးကို ဖတ်လိုက်၊ ရွတ်လိုက်တဲ့ ကလေးတယောက်ဟာ သူ့ပတ်ဝန်းကျင်က မိုးကောင်းကင်၊ သစ်ပင်၊ လနဲ့ စံပယ်ပန်းတို့ရဲ့ အရောင် လေးတွေကို သိနားလည်သွားပါတော့တယ်။ ဒါဟာ ကလေးတို့ရဲ့ ပညာရေးမှာ အရေးကြီးတဲ့ စွမ်းရည်တခု ဖြစ်တဲ့ သတိပြု စူးစမ်း မှတ်သားတတ်မှု (Awareness) ကို သိသွား တာပါပဲ။
ဆရာမင်းသုဝဏ် ရေးတဲ့ ငှက်ကလေးတွေ အကြောင်း ကဗျာ၊ ဒေါက်တာမောင်ဖြူးရဲ့
အိမ်ခြံတဲဘေး
ဖြူဖြူဖွေး
ဘယ်သူ့ဥကလေး။
စသဖြင့် အစချီထားတဲ့ ဖြူတုတ် ဘဲကလေး ကဗျာ။
အရိပ်ကလေး အရိပ်ကလေး
သီတာ့ အရိပ်ကလေး
သီတာ့နောက်ကို ကောက်ကောက်ပါ
ရှက်ပဲ မရှက်ပါ။
စသဖြင့် အစချီထားတဲ့ အရိပ်ကလေး ကဗျာ၊ စတဲ့ ကဗျာလေးတွေဟာလည်း ကဗျာလေးတွေကို ဖတ်ရင်း၊ ရွတ်ရင်းနဲ့ ပတ်ဝန်းကျင်ကို သူတို့လေးတွေ ကိုယ်တိုင် သတိပြု စူးစမ်းမှတ်သား တတ်စေဖို့ အတွက် ဆွဲခေါ်လေ့ကျင့်ပေးနိုင်တဲ့ ကဗျာလေးတွေပါ။
ဒီလိုပဲ သင်ကြားရေးနဲ့ ပတ်သတ်လို့ တစ် နှစ် စာကိုချစ်၊ သုံး လေး မသိတာမေး … စတဲ့ ကလေး ကဗျာလေးတွေ၊ တစ်တီတူးလေး သုံးကောင် လယ်ကွင်းထဲမှာနေ၊ တကောင်ပျံသွားသောအခါ နှစ်ကောင်က ကျန်နေ စတဲ့ ကဗျာလေး တွေဟာ အပေါင်း အနုတ်နဲ့ သချၤာကို သင်ပေးတဲ့ ကဗျာလေးတွေပါ။
ဆရာမင်းသုဝဏ်နဲ့ ဒေါက်တာမောင်ဖြူးရဲ့ ကလေးကဗျာလေးတွေဟာ ကလေးတို့ဝန်းကျင်က မြင်သမျှ၊ တွေ့သမျှလေးတွေကို ကလေးတို့ သတိပြု မိအောင်လို့ စိတ်ဝင်စားဖွယ်၊ ချစ်စဖွယ်နဲ့ ရေးစပ် ထားရုံတင် မကပါဘူး။ ကလေးတို့ရဲ့ စိတ်ကူးစိတ် သန်းထဲက လုပ်ချင်တတ်တဲ့၊ လုပ်တတ်တဲ့ အလုပ်ကလေးတွေတောင်မှ ရေးဖွဲ့ထားလိုက်ပါသေးတယ်။
ဥပမာ “ခေါင်းအုံးကြီး၊ ခေါင်းအုံးကြီး၊ မြင်းပျံ လုပ်လို့စီး ဆိုတဲ့ ဆရာမင်းသုဝဏ် ကဗျာနဲ့ ဒေါက်တာမောင်ဖြူးရဲ့ ဟိုးဟေးဟေး ကဗျာတို့ဟာ ဆိုရင်ဖြင့် ကလေးတို့ ကစားတတ်တဲ့ အတုယူ ဟန်ဆောင်ကစား နည်း (Pretend Play) ကို အခြေခံပြီးတော့ ရေးဖွဲ့ထားတဲ့ ကဗျာများပါပဲ။
တကယ်တော့ ပျောက်လုခမန်း ဖြစ်နေပြီဖြစ်တဲ့ ဒီလို ကဗျာလေးတွေကို ကျမ တို့ ထိန်းသိမ်းဖို့ လိုသလို ကလေးတွေ ကို အိပ်ရာဝင် ကဗျာလေးတွေ အဖြစ်နဲ့ ဖတ်ပြဖို့ သိပ်ကိုမှ ကောင်းတဲ့ ကဗျာများပါပဲ။
ကလေးတို့ရဲ့ ဦးနှောက် ကလေးတွေ ဖွံ့ဖြိုး သန်မာလာစေဖို့ (တနည်းပြောရရင်) ဉာဏ်ကောင်းလာစေဖို့ အတွက် ကလေးတို့ရဲ့ အစောပိုင်း ကာလအချိန် (Earky Childhood) ကာလမှာ လှုံ့ဆော်မှု များများလုပ်ဖို့ လိုတဲ့ ကာလပါ။ ကလေးတို့ ဦးနှောက် ဖွံ့ဖြိုး ကြီးထွားလာစေဖို့ အတွက် ကလေးများကို ပုံပြင်စာအုပ်လေးတွေ ဖတ်ပြဖို့နဲ့ ကဗျာလေးတွေ ဖတ်ပြဖို့လိုတယ်လို့ ကလေး စိတ်ပညာရှင်များနဲ့ ဦးနှောက်ပိုင်း ဆိုင်ရာ ပညာရှင်များက ဆိုပါတယ်။
ကလေးတို့ ဦးနှောက်ဖွံ့ဖြိုးဖို့ အတွက် လှုံ့ဆော်မှု များများ လုပ်ပေးရမယ့် အချိန်မှာ ကလေးတို့ရဲ့ မူကြို ကျောင်းတွေမှာ ကလေးတွေကို ထိုင်ခုံလေးတွေမှာ ထိုင်ခိုင်းပြီးတော့ ဝလုံးလေးတွေကို စာမျက်နှာ အပြည့် ရေးခိုင်းတာဟာ တကယ်တော့ မှားယွင်းတဲ့ သင်ကြားရေး စနစ်ပါ။
ဒေါက်တာ မောင်ဖြူးကတော့ သူ့ရဲ့ “နှစ်နှစ်ခွဲ အရွယ်ဖတ်စာများ” ဆောင်းပါးမှာ “စာရေးသင် သောနည်းဖြင့် စာဖတ် သင်ခြင်းမှာ အကျိုးရှိသည်ထက် အကျိုးယုတ်ပါသည်။ အကျိုးယုတ်သည်ကား စာဖတ်နှေးမှုတည်း” လို့ ရေးထားပါ တယ်။
ကလေး တို့ကို စာရေးဖို့ အတွက် အားထုတ်နေတာ ထက်စာရင် ကလေးတို့ကို စာများများ ဖတ်ပြတာမျိုး၊ ကဗျာလေး တွေ ဖတ်စေတာမျိုးက ကလေးတို့ စာတတ်ဖို့ အတွက် အလွယ်ကူဆုံး နည်းပါပဲလို့ ဒေါက်တာမောင်ဖြူးက ဆိုပါတယ်။
ကဗျာလေးတွေ၊ စာလေးတွေကို ဖတ်ပြရင်းနဲ့ ကလေးတို့ ကိုယ်တိုင် စာလုံးလေးတွေကို မှတ်မိပြီးတော့ စာဖတ်တတ် လာမှုကို ဆရာကြီးက ယုံသလို၊ သူ့သမီးဖြစ်သူ သီတာ့ကိုလည်း ခြောက်နှစ်ခွဲ အရွယ်ထိ ကျောင်းမထား၊ စာမသင်ဘဲနဲ့ စာတွေ ကဗျာတွေကိုသာ ဖတ်ပြ၊ ဖတ်ခိုင်းခဲ့တယ်လို့ ဆရာကြီးရဲ့ဆောင်းပါးများမှာ ဖတ်ခဲ့ရပါတယ်။
ကျမ ကိုယ်တိုင်လည်း ကျမရဲ့သားကို မူကြိုမှာ ဝလုံး မရေးခိုင်းခဲ့ပါဘူး။ သားကို စာဖတ်ပြ၊ ကဗျာတွေ ဖတ်ပြခဲ့တဲ့ နည်းနဲ့ပဲ စာကိုသင်ကြားခဲ့တာပါ။ သားဟာ အ အာ အား လို့ သင်ပြီးသွားတာနဲ့ က ကြီး ဆိုရင် က ကာ ကား ကို သိပါတယ်။
အဲဒီလိုပဲ ဝဆွဲ သံဆိုရင် ကကြီးဝဆွဲ ကွ ဆိုတာကို သူ ထွက်တတ်လာပါတယ်။ စာဖတ်ရင်းနဲ့ပဲ စာလုံးလေးတွေကို မှတ်မိတာမို့ တော်တော်များများကို သူပေါင်း မဖတ်ချင်ပါဘူး။ စာများများဖတ်ရင်းနဲ့ပဲ စာလုံးလေးတွေ မှတ်မိလာတာ၊ သိသိလာတာဟာ စာကို ပိုပြီးတော့ သွားစေတယ်လို့ ဆရာကြီး ပြောခဲ့တာ တကယ် မှန်ကန်တဲ့ နည်းပါလားလို့ ကြည်ညိုစိတ် ဝင်ခဲ့ရပါတယ်။
ဒါကြောင့် မို့လို့ ကလေးတို့ကို အချိန် မတန်ခင်မှာ ဝလုံးလေးတွေ၊ ကကြီးခခွေးတွေ ရေးခိုင်းမယ့် အစား စာအုပ် လေးတွေ ဖတ်ပြ၊ ကဗျာလေးတွေ ဖတ်ပြ၊ ရွတ်ပြရင်းနဲ့ စာဖတ်တတ် သွားစေတဲ့ နည်းလေးနဲ့ ကလေးတို့ကို သင်ကြားကြည့်ပါဦးလို့ ကျမ တိုက်တွန်းချင်ပါတယ်။
ကလေးတို့ကို စာအုပ်လေးတွေ၊ ကဗျာလေးတွေ ဖတ်ပြရင်းနဲ့ပဲ ကလေးတို့ဟာ စာလုံးလေးတွေကို မှတ်မိပြီးတော့ စာကို သိလာမယ့် အပြင် ကလေးတို့ အတွက် လိုအပ်တဲ့၊ သိသင့်တဲ့ အရာလေးတွေကို ကဗျာလေးတွေ၊ စာအုပ်လေး တွေက တဆင့် သိသွားစေတာမို့ ကလေးတို့ကို ကဗျာလေးတွေ ရွတ်ခိုင်း၊ စာအုပ်လေးတွေ ဖတ်ခိုင်းပေး ကြပါဦး။ ။