တရားဝင် ရုံးသုံးမြေပုံပေါ်တွင် ဖော်ပြထားခြင်း မရှိသော်လည်း မြန်မာနိုင်ငံ၏ အစိတ်အပိုင်းများကို အရှေ့တောင်အာရှ ပညာရှင်များက Zomia ဟု ခေါ်ဝေါ်ကြသည့် ပထဝီ အပိုင်းအခြား တခုအတွင်းတွင် ကျရောက်နေသည်။ အာရှတိုက်၏ နေရာအများစု ပါဝင်နေသော Zomia သည် နိုင်ငံ သို့မဟုတ် အစိုးရ၏ အစဉ်အလာ အုပ်ချုပ်မှုမှ ကင်းလွတ်နေသော ကမ္ဘာ့အကြီးဆုံး ဧရိယာလည်း ဖြစ်သည်။ Zomia တွင် မြန်မာနိုင်ငံမှ တိုင်းရင်းသား မျိုးနွယ်စုများ နေထိုင်ရာ နိုင်ငံအစွန်အဖျား ဒေသများ ပါဝင်နေပြီး ထိုနေရာများတွင် အစိုးရတပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြား ဆယ်စုနှစ်နှင့်ချီ၍ ဖြစ်ပွားလျက်ရှိနေသည်။
အမေရိကန် နိုင်ငံရေး သိပ္ပံပညာရှင် James C.Scott သည် သူ၏ မနုဿဗေဒဆိုင်ရာ လေ့လာမှုတခုဖြစ်သည့် “ The Art of Not Being Governed: An Anarchist History of Upland Southeast Asia (၂၀ဝ၉) တွင် Zomia ဧရိယာအတွင်းမှ ကုန်းမြင့်နေ ပြည်သူများသည် ခေတ်နောက်ကျန်နေခြင်း မဟုတ်ဘဲ ကိုယ့်အသိနှင့်ကိုယ် ခေတ်မီနိုင်ငံကို ရှောင်ကြဉ်ဖို့ ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့ခြင်းအားဖြင့် အချေအတင် ငြင်းခုံမှုများ ပေါ်ပေါက်စေခဲ့သည်။ ဆုရ စာရေးဆရာတဦးဖြစ်ပြီး Yale တက္ကသိုလ်မှ ပါမောက္ခ တဦးလည်းဖြစ်သည့် ဂျိမ်း.စီ.စကောက် (James C.Scott) ကို သူ၏ လတ်တလော မြန်မာနိုင်ငံခရီးစဉ် အပြီးတွင် ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ ကော်ပီအယ်ဒီတာ ဆမန်သာ မိုက်ကယ် (Samantha Michaels) က တွေ့ဆုံဆွေးနွေး မေးမြန်းထားပါသည်။
ဧရာဝတီ ။ ။ အရှေ့တောင် အာရှက တောင်ပေါ်နေ မျိုးနွယ်စုတွေက အခွန်အကောက်၊ အဓမ္မလုပ်အားပေး ခိုင်းစေမှုနဲ့ စစ်ပွဲလိုမျိုး အစိုးရရဲ့ လုပ်ရပ်တွေနဲ့ ကင်းကင်းနေဖို့ ရွေးချယ်ခဲ့ကြတယ်လို့ ပြောခဲ့တယ်။ ဒီသီအိုရီကို မြန်မာနိုင်ငံသမိုင်းနဲ့ ဆက်စပ်ပြီး အတိုချုပ် ရှင်းပြနိုင်မလား။
James C.Scott ။ ။ မြန်မာနိုင်ငံ မြောက်ပိုင်းက တိုင်းရင်းသားလူမျိုးစု အများအပြားဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ဝ၀ လောက်က ယန်စီမြစ်ဝှမ်းကို စွန့်ခွာပြီး တရုတ်နိုင်ငံနဲ့ ဝေးရာကို ထွက်လာသူတွေ ဖြစ်ပါတယ်။ တချို့ကတော့ ထိုင်းနဲ့ မြန်မာနိုင်ငံတွေက ဖြစ်ပါတယ်။ ဒီနိုင်ငံအားလုံးက ကျေးကျွန်စနစ် ကျင့်သုံးကြပါတယ်။ တောင်ကုန်းဒေသတွေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ဝ သို့မဟုတ် ၆၀ဝ လောက်အထိ လူနေထူထပ်မှု မရှိပါဘူး။ ဒါပေမယ့် နိုင်ငံကြီးတွေက တိုးချဲ့လာပြီး လူတွေက ကျွန်ပြုဖို့ တိုက်ခိုက်ဖမ်းဆီးခြင်းကို ရှောင်ပြေးကြတဲ့အတွက် လူဦးရေ ပိုများလာပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့က လုပ်ဆောင်နေတဲ့ နိုင်ငံတည်ဆောက်ရေး နည်းဗျူဟာတွေကို အရင်စစ်အစိုးရရဲ့ နည်းဗျူဟာတွေနဲ့ နှိုင်းယှဉ်ပြီး ဘယ်လိုဖော်ပြနိုင်မလဲ။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေက မြန်မာနိုင်ငံကို ခိုင်မာစေခဲ့သလား။
မြန်မာနိုင်ငံဟာ မယုံနိုင်လောက်အောင် အင်အားနည်းနေဆဲ ဖြစ်ပါတယ်။ တကယ်လို့ ခင်ဗျားက အခွန်ကောက်ယူနိုင်စွမ်း၊ မြေယာပိုင်ဆိုင်မှု အခြေအနေကို သိနိုင်ရေး၊ လူဦးရေနဲ့ ပိုင်ဆိုင်မှုစာရင်း အပြည့်အစုံ ရရှိနိုင်ရေး၊ နေရာတိုင်းမှာ ရဲအဖွဲ့က စောင့်ရှောက်ပေးနိုင်ရေး စတဲ့ အာဏာအခြေခံ၊ အာဏာနဲ့ ပတ်သက်လို့ ထည့်စဉ်းစားမယ်ဆိုရင် မြန်မာအစိုးရအကြောင်း ခင်ဗျားပြောတော့မှာ မဟုတ်ဘူး။ အခုအစိုးရက လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကထက်စာရင် စုစည်းမှုနည်းတယ်လို့ ခင်ဗျား ငြင်းချင်ငြင်းနိုင်ပါတယ်။ ကျနော် လုပ်ချင်လားတော့ မသေချာဘူး။ ဒါပေမယ့် အနည်းဆုံးတော့ စဉ်းစားကြည့်ဖို့ ထိုက်တန်ပါတယ်။ သူ့မှာ လက်မတွေ အားလုံးရှိတယ် လက်ချောင်းတွေ မရှိဘူး။ ဆိုလိုတာက သူ့မှာ စစ်အာဏာရှိတယ်၊ ဒါပေမယ့် တိုင်းပြည်ကို အောင်အောင်မြင်မြင် အုပ်ချုပ်နိုင်ဖို့အတွက် ချိန်ညှိနိုင်တဲ့အာဏာ မဟုတ်ဘူး။
ကျနော် ထင်တာကတော့ သမ္မတနဲ့ သူရဲ့အနီးကပ်ဆုံး လုပ်ဖော်ကိုင်ဖက်တွေက စစ်တပ်ရဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေနဲ့ အသေးစား ညှိနှိုင်းမှုတွေ ပြုလုပ်ဖို့အတွက် နေရာချန်ထားတယ်။ အဲဒါကတော့ စစ်တပ်ကို စီးပွားရေးမှာ ပါဝင်ထိန်းချုပ်ခွင့် ပေးထားခြင်းပဲ။ ဒေသဆိုင်ရာ စစ်တိုင်းမှူးတွေကို မြေယာနဲ့ လုပ်ငန်းတွေကို သိမ်းယူခွင့် အနည်းနဲ့အများ ဆိုသလို ပေးထားတယ်။ သူတို့က ဒေသအတွင်းက အကျင့်ပျက်ခြစားမှုတွေ မြေယာသိမ်းယူမှုတွေကို မျက်ကွယ်ပြုထားတယ်။ အဲဒါက မြန်မာနိုင်ငံမှာ ရရှိထားတဲ့ အနည်းငယ်သော ဒီမိုကရေစီပွင့်လင်းမှု အခြေအနေလို့ ကျနော်ထင်တယ်။ ဒါပေမယ့် ဒါက ကံကြွေးချ စနစ်တမျိုးပါပဲ။ အစိုးရကို ပိုပြီးကွဲစေနိုင်ပါတယ်။ တကယ်လို့ အစိုးရက မြေသိမ်းယူမှု ပြဿနာတွေကို အလေးအနက်ထားပြီး ဖြေရှင်းမယ်ဆိုရင် စစ်တပ်က ပုန်ကန်မှုဖြစ်အောင် လုပ်သလိုပဲလို့ ကျနော်ထင်ပါတယ်။
နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအနေနဲ့ မြန်မာနိုင်ငံမှာ ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းကလည်း အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် တိုင်းရင်းသား လူနည်းစုတွေက သူတို့ကို အစိုးရက မှန်မှန်ကန်ကန် သတ်မှတ် စာရင်းမသွင်းခဲ့ဘူးလို့ စွပ်စွဲခဲ့ကြတယ်။ ဒီအခြေအနေကို ဘယ်လိုမြင်ပါသလဲ။
၁၉၃၁ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းကလည်း တိုင်းရင်းသား လူမျိုးစုတွေကို ခွဲခြားသတ်မှတ် ပေးခဲ့ပါတယ်။ ဒါပေမယ့် ပုခက်ထဲမှာပြောတဲ့ စကားကို အခြေခံပြီး ခွဲခဲ့တာပါ။ အဲဒါက မိခင်က ပုခက်ထဲမှာရှိတဲ့ ကလေးကိုပြောတဲ့ ဘာသာစကားကို ဆိုလိုပါတယ်။ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းကို ကြီးကြပ်ခဲ့တဲ့ ညွှန်ကြားရေးမှူးက နည်းနည်းတော်တဲ့ ဗျူရိုကရက် တယောက်ပါ။ သူ့အလုပ်ကို သူလုပ်ခဲ့တယ်။ ဒါပေမယ့် နောက်ဆုံး မှာတော့ ဒါက ရူးတာပဲလို့ သူကပြောခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံက လူတွေက ကျနော် တို့ အဝတ်လဲသလိုပဲ သူတို့ရဲ့ ဘာသာစကားကို ပြောင်းလဲပြောတတ်လို့တဲ့။ ဒါက အပြည့်အဝတော့ မမှန်ကန်ပါဘူး။ အဖြစ်မှန်က တောင်ပေါ်က တိုင်းရင်းသားတွေဟာ ဘာသာစကား ၂ မျိုး၊ ၃ မျိုး၊ ၄ မျိုးနဲ့ တခါတလေ ၅ မျိုးလောက် ပြောကြတယ်။ ဘာသာစကား အားလုံးကလည်း အခြေအနေအရ အသုံးဝင်တယ်။ သူတို့မှာ သူတို့ဖြစ်စေချင်သလို သတ်မှတ်နိုင်တဲ့ အနေအထားလည်း ရှိပါတယ်။ တချက်ရှိတာက အလွန်ကို ပြောင်းလွယ် ပြင်လွယ်ရှိတဲ့ မျိုးနွယ်သတ်မှတ်ချက်ကို သန်းခေါင်စာရင်းက မှားယွင်းဖော်ပြနိုင်တယ် ဆိုတာပဲ။ တိုင်းရင်းသား လူမျိုးစုတွေကို ခွဲခြားသတ်မှတ်တဲ့ ဆုံးဖြတ်ချက်က နိုင်ငံရေး ဖြစ်ပါတယ်။
တိုင်းရင်းသား လူမျိုးစုတွေကို ခွဲခြားသတ်မှတ် ခြင်းမပြုဘဲ မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်း ကောက်ယူလို့ ဖြစ်နိုင်မလား။
ယဉ်ကျေးမှုကွဲပြားတဲ့ လူမျိုးစုတွေရဲ့ အတွေးအခေါ် တချို့ကို အလေးထားပြီး မြန်မာနိုင်ငံမှာ ဖန်တီးမယ့် ဘယ်လို ဖက်ဒရယ် စနစ်မှာမဆို (တိုင်းရင်းသား လူမျိုးစုတွေကို ခွဲခြားသတ်မှတ်ခြင်း မပြုဘဲ) နိုင်ငံရေးအရ မဖြစ်နိုင်ပါဘူး။ တပြိုင်နက်ထဲမှာ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေက ယဉ်ကျေးမှု ကွဲပြားချက်တွေကို သိထားဖို့ လိုအပ်ပါတယ်။ ကျနော် သန်းခေါင်စာရင်းကို မကန့်ကွက်ပါဘူး။ ထပ်ပြောရရင် နိုင်ငံရေးဆိုတာ ဘယ်လိုလဲလို့ ကျနော် ထောက်ပြတာ သက်သက်ပါ။ ဒါက တိုင်းပြည်ရဲ့ စွမ်းဆောင်ရည်လည်း ဖြစ်ပါတယ်။ ကျင့်ဝတ်အရ ကောင်းတယ်၊ ဆိုးတယ် မရှိပါဘူး။ ဒါကို ဘယ်လိုအသုံးချသလဲ ဆိုတာပေါ်မှာပဲ မူတည်ပါတယ်။
မကြာသေးခင်က မြန်မာနိုင်ငံကို ရောက်ခဲ့တုန်းက ရန်ကုန်နိုင်ငံရေး သိပ္ပံကျောင်းနဲ့ ပန်းဆိုးတန်း ပန်းချီပြခန်းမှာ စကားပြောခဲ့တယ်။ တခြား ဘာတွေလုပ်ခဲ့သေးသလဲ။
ကျနော် ပုသိမ်ကို သွားခဲ့ပါတယ်။ နည်းပြဆရာ တယောက်နဲ့လည်း မြန်မာဘာသာစကားကို နေ့တိုင်း အချိန်ပြည့် သုံးပတ်ကြာ လေ့လာခဲ့ပါတယ်။ မန္တလေးမှာ ကျင်းပတဲ့ စာပေပွဲတော်ကိုလည်း သွားခဲ့ပါတယ်။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကဗျာဆရာတွေ အမြောက်အမြား ရှိပါတယ်။ မြစ်ဝကျွန်းပေါ်မှာလည်း ရက်အနည်းငယ် နေခဲ့ပါတယ်။ ဧရာဝတီမြစ်ကို ကျနော် အရမ်းစိတ်ဝင်စားပါတယ်။ ကျနော်က ကနူးလှေသမားပါ။
မြန်မာနိုင်ငံမှာ လုပ်နေတဲ့ တခြားစီမံကိန်း ရှိပါသေးသလား။
၁၉၀၅ ခုနှစ်မှာ ကိုလိုနီခေတ် အရပ်ဖက် ဝန်ထမ်းတွေက စတင်ခဲ့တဲ့ Bulletin of Burma Research ဆိုတာ ရှိပါတယ်။ မနုဿဗေဒ ပညာရှင်တွေ၊ ဘာသာဗေဒ ပညာရှင်တွေနဲ့ သမိုင်းပညာရှင်တွေ လစဉ်တွေ့ဆုံပြီးတော့ စာတမ်းတွေ ဖတ်ကြပါတယ်။ နောက်ပိုင်းမှာ မြန်မာတွေ အမြောက်အများလည်း ပါဝင်လာကြပြီး ပြည်တွင်းမှာ မြန်မာလေ့လာရေးအတွက် အချက်အချာနေရာ ဖြစ်လာပါတယ်။ ဒါကို စစ်အစိုးရက ၁၉၇၉ ခုနှစ်မှာ ပိတ်ပစ်ခဲ့ ပါတယ်။ အခု ကျနော်တို့က အငြင်းပွားစရာ ရှိနိုင်တဲ့ ပညာရေးဆိုင်ရာ ဂျာနယ်တစောင် ပြန်ထုတ်ချင်ပါတယ်။ ဝါသနာအရ အပျော်တမ်းလေ့လာသူတွေ အတွက်ရော ပညာရှင်တွေအတွက်ပါ တံခါးဖွင့်ပေးထားပါမယ်။ ကျနော်တို့ (James C.Scott နှင့် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံရေး သိပ္ပံပညာရှင် ဦးထွန်းမြင့်) မှာ ဒါကို စတင်ဖို့အတွက် ငွေရှိပါတယ်။
မြန်မာဘာသာ သင်ယူနေတာကရော အခြေအနေ ဘယ်လိုရှိပါသလဲ။
ကျနော် လေ့လာနေခဲ့တာ ၆ နှစ် ၇ နှစ်လောက် ရှိပါပြီ။ ဒါပေမယ့် နှစ်တိုင်း ၁ လခွဲလောက်ပါပဲ။ ကျနော့်ရဲ့ ဘဝ တလျှောက်မှာ ကွဲပြားခြားနားတဲ့ ဘာသာစကား အမြောက်အမြား သင်ယူခဲ့တယ်။ မြန်မာစကားကတော့ အခက်ခဲဆုံးပါပဲ။ တိုင်းပြည်တပြည်ရဲ့ ဘာသာစကားကို မသိဘဲနဲ့ အဲဒီတိုင်းပြည်အကြောင်း မလေ့လာသင့်ဘူးလို့ ကျနော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘာသာစကား ဘယ်လို အလုပ်လုပ်တယ် ဆိုတာကို နားလည်ရင်၊ စကားစု အလှည့်အပြောင်းတွေက အရေးကြီးတယ်ဆိုတာကိုသိရင် အများကြီး လေ့လာနိုင်ပါတယ်။ ယဉ်ကျေးမှုကို လေးစားတဲ့ သဘောလည်း ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေ အမြောက်အမြားနဲ့ တပြိုင်နက်တည်း စကားပြောတဲ့အခါ ကျနော် ဒုက္ခရောက်ပါတယ်။ ကျနော် အကြမ်းဖျဉ်းတော့ သိတယ်။ ဒါပေမယ့် ခက်တယ်။ ပြီးတော့ ဒါမျိုးဆိုတာက တိုင်းပြည်ထဲမှာ အလုပ်လုပ်ရင်း၊ အဲဒီဘာသာစကားကို အမြဲနားထောင်နေရင်းနဲ့မှ တိုးတက်မှုရလာအောင် လုပ်ရတာဖြစ်ပါတယ်။
(၂၀၁၄ ဇူလိုင်လထုတ် The Irrawaddy မဂ္ဂဇင်းတွင် ဖော်ပြထားသော Samantha Michaels ၏ Why the State ‘Is Still Incredibly Weak ကို နိုင်မင်းသွင် ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)