၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရန် သမ္မတ နှင့် ကာကွယ်ရေး ဦးစီးချုပ် တို့အား တောင်းဆိုထားကြောင်း “ဝ” ပြည် သွေးစည်း ညီညွတ်ရေး ပါတီ(UWSP)နှင့် မိုင်းလား အခြေစိုက် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(NDAA) အဖွဲ့တို့က ပြောကြားသည်။
UWSP နှင့် NDAA မိုင်းလား အဖွဲ့တို့မှ ပြန်ကြားရေး တာဝန်ခံများက သြဂုတ် ၂၈ ရက် မီဒီယာများနှင့်တွေ့ဆုံသည့် သတင်းစာ ရှင်း လင်း ပွဲတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။
“၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဖို့ သမ္မတနဲ့ တွေ့ဆုံချိန်ကော၊ ကာချုပ်နဲ့တွေ့ဆုံချိန်မှာပါ ပြောခဲ့တယ်။ ဒါတွေကတော့ နိုင်ငံရေးဆွေးနွေးပွဲမှာ ဆက်ဆွေးနွေးရမှာပါ”ဟု UWSP ပြန်ကြားရေး တာဝန်ခံ ဦးအောင်မြင့်က ပြောသည်။
NDAA မိုင်းလား အဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးခမ်းမောင် ကလည်း ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရန်အတွက် တောင်းဆိုရခြင်းမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း အနေဖြင့် ရပ်တည်နိုင်ရန် တောင်းဆိုခြင်းဖြစ်ကြောင်း ပြောဆိုသည်။
“ကျနော်တို့လိုချင်တဲ့ ပြည်ထောင်စုကို ဘယ်လိုထူထောင်မယ် ဆိုတာကတော့ ကျနော်တို့ နိုင်ငံရေး ဆွေးနွေးပွဲရောက်မှ ဆွေးနွေးကြရ မှာပါ။ အခုချိန်မှာ ဘယ်လိုလုပ်ဆောင်ရမလဲ။ ဘယ်လို အချက်တွေပါမလဲ ဆိုတာကိုတော့ ပြောပြလို့ မရသေးပါဘူး။ ဖက် ဒရယ် ဆိုလည်း ဘယ်လို ပုံစံမျိုးလဲပေါ့။ ကိုယ့်ဒေသတွေ အတွက် အဆင်ပြေတဲ့ ဖက်ဒရယ်စနစ်ကို ညှိနှိုင်းရမှာပါ”ဟုလည်း ဦးခမ်းမောင် က ပြောသည်။
အစိုးရနှင့် တိုင်းရင်းသားများအကြား လက်ရှိ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများနှင့် ပတ်သက်၍ နှစ်ပေါင်း ၆၀ ကျော် တိုက်ခိုက် နေရာမှ ယခုကဲ့သို့ ဆွေးနွေးမှု အဆင့်ဆင့်ဖြစ်လာသည်ကို ကြိုဆိုကြောင်း၊ ကြန့်ကြာသည်ဟု မယူဆကြောင်း ဦးအောင်မြင့် က ဆိုသည်။
“ဒါကကြာတယ်လို့ ပြောကြတာ မဖြစ်သင့်ပါဘူး။ ဒီလောက်တိုက်ပွဲတွေ ဖြစ်လာခဲ့တာကို အခုလိုညှိနှိုင်းနိုင်တာဟာ ကြီးမားတဲ့ရလဒ် တခု ရလာတာလို့ မြင်တယ်။ တဘက်နဲ့တဘက်က တသမတ်တည်း ဆုပ်ကိုင်လို့တော့ မရဘူး။ ကိုယ်လိုချင်တာကို စနစ်တကျ သေချာလေး ညှိနှိုင်းသွားဖို့ အလျှော့အတင်း လုပ်ဖို့လိုတယ်”ဟုလည်း ဦးအောင်မြင့်က ပြောဆိုသည်။
ဦးခမ်းမောင်ကလည်း တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ပါဝင်လက်မှတ်ရေးထိုးရန် စီစဉ်ထားသော်လည်း အပစ် အခတ် ရပ်စဲရေးတွင် ပါဝင် သည့် အချက်များကိုညှိနှိုင်းပြီးမှ လက်မှတ်ထိုးသွားမည် ဖြစ်ကြောင်း ပြောပြသည်။
“လက်မှတ်ထိုးရင်တော့ ကျနော်တို့က တိုင်းရင်းသားအနေနဲ့ပဲ ထိုးမှာပါ။ အခုညှိနှိုင်းမှုတွေမှာက ကျနော်တို့အနေနဲ့ဖက်ဒရယ် တပ် မတော် ထူထောင်ရေးဆိုတာကို လက်မခံဘူး။ ဒါတွေကိုတော့ ဆက်ညှိနှိုင်းရမှာပါ။ ဒါကတော့ သဘာဝကျတယ်။ မျက်မှောက်နိုင်ငံ ရေး နဲ့ ကိုက်ညီတယ်။ ကျနော်တို့အဖွဲ့ရဲ့ ရပ်တည်ချက်နဲ့လည်း ကိုက်ညီတယ်။ ကျနော်တို့ ထိုးမယ်။ အဲ့ဒီလိုမှ ထိုးလို့ရမှာပေါ့”ဟု
လည်း ဦးခမ်းမောင်က ပြောသည်။
စာချုပ်တွင်ပါဝင်နေသည့်ဖက်ဒရယ်တပ်မတော်ထူထောင်ရေးမှာ နိုင်ငံရေးဆွေးနွေးပွဲတွင် ဆွေးနွေးမည့်ဖက်ဒရယ်စ နစ်ပေါ်တွင် အခြေခံပြီးမှသာ ဖြစ်လာမည် ဖြစ်ကြောင်း၊ တောင်းဆိုမှုများမှာ တင်းမာမှု၊ တရားသေ ကိုင်စွဲမှုများရှိပါက ညှိနှိုင်းရန် လွယ်ကူမည် မဟုတ်ကြောင်း ဦးအောင်မြင့် က ပြောဆိုသည်။
“တိုင်းရင်းသားတွေ ဖွဲ့ထားတဲ့ NCCTက မူတချို့ဟာ ကျနော်တို့ တိုင်းရင်းသားတွေ အားလုံးအတွက် တောင်းဆိုတာဖြစ်တယ်။ ဒါတွေ ကတော့ ကျနော်တို့ လက်ခံတယ်။ သဘောတူတယ်။ ဒါပေမယ့် တချို့အချက်တွေ ကျတော့ အခုနိုင်ငံရေးအခြေခံနဲ့ နည်းနည်း မတူတာရှိတယ်။ တချို့ဟာက နိုင်ငံရေးစကားအရ ပြောရင် လွယ်တယ်။ ဖြေရှင်းရခက်တယ်။ အဲ့ဒီလို ကိစ္စလေးတွေ အများကြီး ရှိတယ်။ တွေ့တယ်။ ဒါကြောင့်မို့လို့ တချို့ကိစ္စလေးတွေကတော့ ကျနော်တို့ လက်မခံဘူး”ဟု ဦးအောင်မြင့် က ဆက်ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းက တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT)က ဦးဆောင်ပြီး ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ကျင်းပသော တတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ညီလာခံသို့ “ဝ” နှင့် မိုင်းလား အဖွဲ့ တက် ရောက်ခြင်း မရှိပေ။
၂၀၁၃ ခုနှစ် အောက်တိုဘာ လကုန်ပိုင်း၌ ကျင်းပသော ပထမအကြိမ် လိုင်ဇာ တိုင်းရင်းသား ညီလာခံနှင့် ကရင်အမျိုးသား အစည်း အရုံး(KNU) ထိန်းချုပ် နယ်မြေ လော်ခီးလာတွင် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ အတွင်းက ကျင်းပသည့် ဒုတိယ အကြိမ် ညီလာခံ သို့လည်း “ဝ”နှင့် မိုင်းလားအဖွဲ့တို့ တက်ရောက်နိုင်ခြင်း မရှိပေ။
“ဝ” နှင့် မိုင်းလားအဖွဲ့မှာ ၁၉၈၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ် ပါတီမှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့ ကြပြီး ၂၀၁၁ ခုနှစ်၌ ဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရသစ်နှင့် အပစ်အခတ်ရပ်စဲရေး အတွက် ပြည်နယ် အဆင့်၊ ပြည်ထောင်စုအဆင့် လက်မှတ်ထိုးထားသော အဖွဲ့များ ဖြစ်သည်။
လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ပါဝင်သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့ပါဝင်သည့် NCCT တို့တွင် ပါဝင် ထားခြင်း မရှိသေးသည့် အဖွဲ့များဖြစ်ပြီး သီးခြားစီ ရပ် တည်နေသည့် အဖွဲ့ များဖြစ်သည်။
“တိုင်းရင်းသားအရေးကို ကျနော်တို့ စိတ်ဝင်စားပါတယ်။ တိုင်းရင်းသားတွေနဲ့ လက်တွဲလုပ်မှာပါ။ ကျနော်တို့မှာ ဘာသာစ ကား ခက် ခဲ မှု ရှိပါတယ်။ အခုချိန်ထိ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုက ဘာတွေဆွေးနွေးတယ်ဆိုတာကျနော်တို့ဆီ တရားဝင်ချပြတာ မရှိသေးဘူး။ ကျနော်တို့ နည်းဟန်နဲ့ လေ့လာရတယ်။ နောက် အခုချိန်ထိကျနော်တို့လည်း နားမလည်တော့ဘူး။ သူတို့က မူကြမ်းတွေ ထွက်တာများတော့ မသိတော့ဘူး။ နောက်ဆုံးထွက်မှ သေချာကြည့်ပြီး ဆုံးဖြတ်ရမှာပါ”ဟု ဦးခမ်းမောင်က ပြောသည်။
UWSP နှင့် NDAA မိုင်းလား အဖွဲ့တို့သည် ပြီးခဲ့သည့် ရက်ပိုင်း အတွင်း နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်သူ့လွှတ် တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ တို့နှင့် နေပြည်တော်၌ တွေ့ဆုံပြီးနောက် သြဂုတ် ၂၈ ရက်တွင် ရန်ကုန်မြို့၌ ပထမဆုံး အကြိမ် အဖြစ် သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ခြင်းဖြစ်သည်။