သတင်း

ရန်ကုန် တက္ကသိုလ်၊ ကောလိပ်များ အနီးရှိ တည်းခိုခန်းများ စိစစ်ရန် လွှတ်တော်တွင် ဆွေးနွေး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်းဒေသကြီး အတွင်း တက္ကသိုလ်၊ ကောလိပ်များ အနီးတွင် ဖွင့်လှစ်ထားသော တည်းခိုခန်းများနှင့် ပတ်သက်ပြီး စိစစ်ရန် ရန်ကုန်တိုင်း လွှတ်တော်၌ မေးမြန်း ဆွေးနွေးရာတွင် တရားဝင် ခွင့်ပြုထားသော တည်းခိုခန်း ၁ ခုသာ ရှိသည်ဟု ရန်ကုန် မြို့တော် ဝန် ဦးလှမြင့် က ပြောသည်။

“ရန်ကုန်တိုင်း ဒေသကြီးထဲမှာ ကောလိပ် စုစုပေါင်း ၁၀၀ ကျော် ရှိတဲ့အထဲ ဒဂုံတက္ကသိုလ် အနီးမှာသာ တည်းခိုခန်း တခုရှိပါတယ်။ အဲဒါက ပေ ၈၀၀၀ ခန့် အကွာမှာသာ ဖွင့်လှစ်ခွင့် ပေးထားတာပါ။ ပေးထားတဲ့ တည်းခိုခန်း နာမည်က သပြေ တည်းခို ခန်း တခုသာ ရှိပါတယ်”ဟု မြို့တော်ဝန် ဦးလှမြင့်က သြဂုတ် ၂၉ ရက်က ကျင်းပသည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် တွင် ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ တက္ကသိုလ်များ၊ ကောလိပ်များ အနီးတွင် တည်းခိုခန်းများကို တွေ့နေရကြောင်း၊ တက္ကသိုလ်၊ ကောလိပ်များ အနီးရှိ တည်းခိုခန်းများကြောင့် ကျောင်းသား၊ ကျောင်းသူများ၏ စာရိတ္တမဏ္ဍိုင် ပျက်စီးသွားမည်ကို စိုးရိမ်သည့်အတွက် ခွင့်ပြုထားသော လိုင်စင်များကို ပြန်လည် စိစစ်ရန် ဒဂုံမြို့သစ် (မြောက်ပိုင်း) မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းလွင်က လွှတ်တော်သို့ တင်ပြခဲ့ရာ၌ မြို့တော်ဝန် ဦးလှမြင့်က အထက်ပါကတိုင်း ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

ဦးထွန်းလွင်ကမူ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်၊ စာသင်ကျောင်းများ အနီးရှိ တည်းခိုခန်း၊ ဧည့် ရိပ် သာများကို စိစစ်ကြီးကြပ်မှု လွန်စွာ အားနည်းနေသည့်အတွက် တည်းခိုခန်း တချို့သည် ပုံမှန် တည်းခိုခန်း လုပ်ငန်းကို လုပ် ကိုင်သည်ထက် ဇိမ်ခန်းများသဖွယ် လုပ်ဆောင်နေကြသည်ဟု ကြားသိရသည့် အတွက် လွှတ်တော်သို့ တင်သွင်း မေးမြန်းခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

“တက္ကသိုလ်နားမှာ တည်းခိုခန်းတွေက မှိုလို ပေါက်နေတာပါ။ သူတို့က ချပေးထားတာ မရှိတော့။ ဒါတွေက တရားမဝင်တာ လို့ ပြောရမယ်။ သိရသလောက် သူတို့မှာ အခွန်ဆောင် ပြေစာတွေ ရှိနေတယ်။ ဒါက တရားမဝင် ဖွင့်တာလား။ အောက်ခြေ က လူတွေက မဟုတ်တာ လုပ်နေလား ဆိုတာကို တွေးရတော့မယ်”ဟု ဦးထွန်းလွင်က ဆိုသည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ လမ်းညွှန်ချက်အရ တက္ကသိုလ်ကျောင်းများ အနီးတွင် တည်းခိုခန်းများ ဖွင့်လှစ်မှုမရှိစေ ရန် ၂၀၁၄ ခုနှစ် ဧပြီလမှ စပြီး အသစ်လျှောက်ထားသည့် တည်းခိုခန်းများကို ကော်မတီ စစ်ဆေးရေး အဖွဲ့နှင့် မြေပြင်ကွင်း ဆင်း စစ်ဆေးကြပ်မတ်လျက် ရှိကြောင်း၊ ခွင့်ပြုပြီးသည့့် တည်းခိုခန်းများ စည်းကမ်း ဖောက်ဖျက်ပါက လိုင်စင်ပိတ်သိမ်းသည် အထိ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့တော်ဝန် ဦးလှမြင့်က လွှတ်တော်သို့ ပြန်လည်တင်ပြခဲ့သည်။

လက်ရှိအချိန်တွင် ဒဂုံတက္ကသိုလ် အနီး၌ပင် တည်းခိုခန်း အလုံးပေါင်း ၁၀ လုံး ထက် မနည်းရှိနေပြီး အဆိုပါ တည်းခိုခန်းများကို ထပ်မံစစ်ဆေးရန် လိုအပ်သော်လည်း အစိုးရပိုင်းမှ မည်သည့် စစ်ဆေးမှု ပြုလုပ်ပေးမည်ကို တိကျစွာ ပြောကြားခဲ့ခြင်း မရှိကြောင်း ဦးထွန်းလွင်က ပြောသည်။

ရန်ကုန် အရှေ့ပိုင်း(တာဝ) တက္ကသိုလ်တွင် တက်ရောက်နေသည့် တက္ကသိုလ် ကျောင်းသား ရဲကိုကိုက“တာဝ နားမှာဆိုပိုများသေးတယ်။ တချို့ တည်းခိုခန်းတွေဆို လာတည်းတဲ့ ကျောင်းသားတွေကို ရှောင်တခင် စစ်ဆေးတာ မရှိအောင် လုံခြုံရေး လုပ်ပေးတယ်။ တချို့ကျတော့ အိမ်လိုလို လုပ်ထားတာ။ ဆေးတွေလည်း စုံလို့။ ကာမဆေးတွေတောင် ရောင်းနေတာပါ”ဟု ပြောသည်။

ရန်ကုန် မြို့တော်ဝန် ဦးလှမြင့်၏ ပြောကြားချက်အရ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်း ခွင့်ပြု ပြီး တည်းခိုခန်းပေါင်း ၃၈၂ ခု ရှိကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading