Ethnic Issues

UNFC နဲ့ KNU အကွဲအပြဲ တိုင်းရင်းသားတွေကို အစိတ်စိတ် အမြွှာမြွှာ ထပ်ကွဲစေမလား

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ ကျင်းပနေတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ညီလာခံမှာ ကရင် အမျိုးသားအစည်းအရုံး(KNU) က ရုတ်တရက် ထွက်ခွာသွားပြီး စက်တင်ဘာလ ၁ ရက်နေ့မှာတော့ UNFC အဖွဲ့ဝင် အဖြစ် ပါဝင်မှု ရပ်ဆိုင်းကြောင်း KNU ဥက္ကဋ္ဌ စောမူတူးဆေးဖိုးက ကြေညာချက်တစောင် ထုတ်ပြန်လိုက်တာမို့ သမ္မတ ဦးသိန်းစိန် အစိုးရနဲ့ လုပ်ဆောင်နေတဲ့  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ တိုင်းရင်းသားတွေကြားမှာ အစိတ်စိတ် အမြွှာမြွှာ ထပ်ကွဲ စေမယ့် အခြေအနေတွေ ဦးတည်လာနေပါတယ်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ရဲ့ ပထမအကြိမ်ညီလာခံမှာ UNFC ရဲ့ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ ပြန်လည်ပြင်ဆင်ဖွဲ့စည်းဖို့ KNU က စာတမ်းတစောင် တင်သွင်းခဲ့ပြီး အဲဒီစာတမ်းကို UNFC အဖွဲ့ဝင် အများစု က သိပ်သဘောမတွေ့တာမို့ KNU က သြဂုတ်လ ၃၁ ရက်နေ့ ညီလာခံကနေ ရုတ်တရက် ထွက်ခွာသွား ခဲ့ပါ တယ်။ အဲဒီနောက် စက်တင်ဘာလ ၁ ရက်နေ့မှာတော့  KNU အနေနဲ့ UNFC အဖွဲ့ရဲ့ အဖွဲ့ဝင် အဖြစ် ပါဝင်နေမှုကနေ အကန့်အသတ်မရှိ ရပ်ဆိုင်းဖို့ KNU ဥက္ကဋ္ဌ စောမူတူးစေဖိုး လက်မှတ်ရေးထိုးထားတဲ့ အသိပေး ကြေညာချက် တစောင်ကို ထုတ်ပြန် လိုက်ပါတယ်။

KNU အနေနဲ့ UNFC ကနေ ထွက်ခွာရတဲ့ အကြောင်းအရင်းက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးရဲ့ အနေအထားနဲ့ ကိုက်ညီတဲ့  UNFC အဖြစ်  မပြုပြင် မပြောင်းလဲနိုင်ခြင်း၊  UNFC ရဲ့ လက်ရှိ ဖွဲ့စည်းပုံက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အချုပ်အခြာ အာဏာပိုင်မှုကို ထိခိုက်နေတဲ့အတွက် လက်မခံနိုင်ကြောင်း၊ KNU ရဲ့ တင်ပြချက်တွေကို UNFC ညီလာခံမှာ အကျေအလည်ဆွေးနွေးခြင်း မရှိတဲ့အတွက် အဖွဲ့ဝင်အဖြစ် ပါဝင်မှုက ရပ်ဆိုင်း ခြင်းဖြစ်တယ်လို့ သိရပါတယ်။

လတ်တလော UNFC မှာ ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး နဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ တွေ ဖွဲ့စည်းထားပြီး KNU အနေနဲ့ UNFC မှာ အမြဲတမ်းဥက္ကဋ္ဌ၊ အမြဲတမ်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ဆိုတာတွေ မထားတော့ဘဲ ဗဟိုချုပ်ကိုင်မှု လျော့ချပြီး လွတ်လပ်စွာ ပြန်လည်ဖွဲ့စည်းဖို့ တင်ပြ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် UNFC အဖွဲ့ဝင်အများစုက KNU ရဲ့ တင်ပြချက်ကို  သဘောမတူညီတဲ့ အတွက် နောက်ဆုံး UNFC အဖွဲ့မှာ KNU ပါဝင်နေမှု ရပ်ဆိုင်းတဲ့အထိ ဖြစ်လာတာပါ။

UNFC လက်ရှိကျင့်သုံးနေတဲ့စနစ်က Top Down ဗဟိုချုပ်ကိုင်မှု စနစ် ဖြစ်နေပြီး UNFC ရဲ့ မူဝါဒတွေက KNUအဖွဲ့ရဲ့ အချုပ်အခြာအာဏာနဲ့ မူဝါဒ တွေကို ထိခိုက်မှုရှိနေတဲ့ အတွက် လက်မခံနိုင်ဘူးလို့ KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း က ဆိုပါ တယ်။

“UNFC ထဲကိုဝင်လို့ရှိရင် အဖွဲ့ရဲ့ ဆုံးဖြတ်မှုကို အဖွဲ့ဝင်တွေအားလုံးက အကုန်လုံးခံယူရမယ် ဆိုတဲ့ သဘော သက်ရောက် နေတယ်။ ဒါက အဲလိုမဖြစ်သင့်ဘူး။ အခုဖွဲ့စည်းပုံမှာ ကြတော့ Top Down (ဗဟိုချုပ်ကိုင်မှု) ပုံစံဆိုတော့ အဖွဲ့ဝင် ဖြစ်လို့ ရှိရင် သူ့ရဲ့ စီမံခန့်ခွဲမှု၊ ဒါမှမဟုတ်ရင်လည်း သူ့ရဲ့ ဆုံးဖြတ်မှုအကုန်လုံးကို လိုက်နာရမယ့် သဘောဆိုတော့ ကျနော်တို့က ဆုံးဖြတ်မှုကို သူ့လက်ထဲကို ဝကွက် အပ်လိုက်တဲ့သဘော သက်ရောက်တာပေါ့။  ကျနော်တို့ရဲ့ အာဏာပိုင်မှုကို UNFC ကို လွှဲအပ်လိုက်တဲ့ သဘောမဖြစ်စေချင်ဘူး။ ကျနော်တို့က စုပေါင်းမယ်။ စုပေါင်းတဲ့ နေရာမှာ ဘုံသဘောတူညီချက်အပေါ်မှာ ကျနော်တို့က အကောင်အထည်ဖော်သွားမယ်ဆိုတဲ့ သဘောပါပဲ” လို့ ပဒိုစောကွယ်ထူးဝင်း က ဧရာဝတီကို ပြောပါတယ်။

UNFC မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO  နဲ့ KNU တို့ဟာ အင်အား ကြီးတဲ့ အဖွဲ့အစည်းတွေဖြစ်ပြီး လက်ရှိ UNFC အဖွဲ့ရဲ့ ဥက္ကဋ္ဌ ကတော့ KIO အဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အင်ဘန်လ ဖြစ်ပါတယ်။ ဒီအကွဲအပြဲက KIO နဲ့ KNU ကြားမှာ အစိုးရ နဲ့ ဆွေးနွေးနေတဲ့ အပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေးတွေနဲ့ပတ်သက်လို့ သဘောထားကွဲလွဲမှု ရှိနေပြီဆိုတာ ကိုလည်း ပေါ်လွင်စေပါတယ်။

လက်ရှိ အခြေအနေမှာတော့ KNU က UNFC ကိုယ်စားလှယ်တွေ အဖြစ် စေလွှတ်ထားတဲ့သူတွေကို ရုပ်သိမ်းမှာ ဖြစ်ပြီး ညီလာခံ တက်ရောက်နေတဲ့ KNU ကိုယ်စားလှယ်တွေ၊ လေ့လာသူတွေနဲ့ ရုံး တာဝန်ခံ အားလုံးကိုလည်း ညီလာခံ ပါဝင်မှု ကနေ လုံး၀ ရပ်စဲလိုက်မှာဖြစ်ပါတယ်။  UNFC ကောင်စီဝင်အဖြစ် KNU ကိုယ်စားလှယ်တွေကို စေလွှတ်တော့မှာ မဟုတ် သလို UNFC မှာ ပါဝင်ခြင်း၊ မပါဝင်ခြင်း စတာတွေကိုလည်း KNU အဖွဲ့ရဲ့ အချုပ် အခြာ အာဏာပိုင်ဖြစ်တဲ့ ဗဟိုကော်မတီ မှာ ဆွေးနွေးဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။

UNFC ရဲ့ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက”အများစု ကတော့ KNU တင်ပြတဲ့ ဖွဲ့စည်းပုံ ပုံစံပေါ်မှာ အတွေ့ အကြုံ လည်း မရှိသေးဘူး။ အဲလို လုပ်လိုက်ရင် လျှော့ရဲရဲဖြစ်သွားမယ်။ နောက် ဒီနေ့  နိုင်ငံရေးအခြေအနေက မြန်မြန်ဆန်ဆန်နဲ့ ပြောင်းလဲနေတဲ့ အပေါ်မှာ သူတို့တင် တဲ့ပုံစံက လုပ်ငန်းတွေကို နှေးကွေးနိုင်တာပေါ့လေ။ အဲလိုမြင်ကြတယ်” လို့ ပြောဆို ပါတယ်။

အလားတူ KNU ထဲမှာလည်း UNFC ကိစ္စနဲ့ပတ်သက်လို့ ကွဲလွဲမှုတွေ ရှိနေပြီး KNU ကိုယ်တိုင်ကလည်း ၂ ဖွဲ့ကွဲမယ့် အလား အလာတွေ တွေ့မြင်နေရပါတယ်။

သြဂုတ်လ ၃၁ ရက်နေ့မှာ KNU ဥက္ကဋ္ဌ စောမူတူးဆေးဖိုး ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေနဲ့ အတူ ညီလာခံကနေ ထပြန်သွားချိန်မှာ အတူလိုက်ပါသွားခဲ့ရတဲ့ KNU ဒုတိယဥက္ကဋ္ဌ နော်စီ ဖိုးရာစိန် ကလည်း UNFC ညီလာခံကို အကြောင်း ကြားစာ တစောင်ကို လက်မှတ်ထိုးပြီး ပေးပို့ခဲ့ပါတယ်။

“UNFC ဖွဲ့စည်းပုံနှင့် ပတ်သက်ပြီး KNU ကိုယ်စားလှယ်များ အမြင်မတူသည့်ကိစ္စ” ဆိုတဲ့ နော်စီဖိုးရာစိန်ရဲ့ အကြောင်း ကြားစာ ဟာ ဥက္ကဋ္ဌ စောမူတူးဆေးဖိုးရဲ့ အသိပေး စာပို့တဲ့ အချိန်နဲ့ တချိန်တည်းဖြစ်ပေမယ့် မတူကွဲပြားတဲ့ အခြေအနေ တွေပါ ရှိနေပါတယ်။

ပထမအကြိမ် UNFC ညီလာခံကို တင်သွင်းခဲ့တဲ့  KNU ကိုယ်စားလှယ်တွေရဲ့ သဘောထား မတူညီခြင်းနဲ့ ဖက်ဒရယ် ကောင်စီဝင် ကိုယ်စား လှယ် ရွေးချယ်ပေးပို့နိုင်ခြင်း မရှိခဲ့တဲ့အပေါ် KNU အတွင်း ပြန်လည် ညှိနှိုင်း ဆောင်ရွက် သွားမှာ ဖြစ်ကြောင်းနဲ့ ညီလာခံ နှောင့်နှေးကြန့်ကြာမှု ဖြစ်သွားရတဲ့ အပေါ် KNU ကိုယ်စား တောင်းပန် တယ်လို့ နော်စီ ဖိုးရာစိန် ရဲ့စာမှာ ရေးသား ထားပါတယ်။ ဒါ့အပြင် ၁၅ ကြိမ်မြောက် KNU ညီလာခံက ချမှတ်ထားတဲ့ မူဝါဒ တွေနဲ့ အညီ တိုင်းရင်း သား စည်းလုံးညီညွှတ်ရေးနဲ့ ခိုင်မာတဲ့ တပ်ပေါင်းစု တည်ဆောက်နိုင်ရေးအတွက် တတတ်တအား ကြိုးပမ်း ပါဝင် ဆောင်ရွက် သွားမယ်ဆိုပြီး နော်စီဖိုးရာစိန်ရဲ့ UNFC ကို ပေးပို့စာထဲမှာ ဖော်ပြထားပါတယ်။

KNU အတွင်းမှာ ဒီလို သဘောကွဲလွဲမှုတွေဖြစ်လာတဲ့အပေါ် အရင်ကတည်းက အတွင်းကျိတ် သဘောထားကွဲလွဲမှုတွေ ရှိနေတဲ့ KNU အတွင်း ၂ ခြမ်း ကွဲနေပြီလား ဆိုပြီး စိုးရိမ်မှုတွေနဲ့ ပြောဆိုဝေဖန်သံတွေလည်း ထွက်ပေါ်လာပါတယ်။

KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း က “ကွဲနိုင်တဲ့ အနေအထားတော့ မရှိပါဘူး။ ညှိနှိုင်းရမှာပေါ့။ KNU မှာလည်း အလုပ်အမှုဆောင်ရှိတယ်။ ဗဟိုကော်မတီရှိတယ်။ ညှိရမှာပေါ့နော်။ ကျနော်တို့ ဖြစ်စေချင်တာက UNFC ကြောင့် KNU မကွဲစေရဘူး။ KNU ဆိုတာက အခြေခံ အဖွဲ့အစည်းဖြစ်တယ်။ တပ်ပေါင်းစု ဆိုတာ လိုအပ်မှပေါင်းတယ်။ မလိုအပ်ရင် မပေါင်းပါဘူး။ တော်လှန်ရေးသမိုင်းမှာ တပ်ပေါင်းစုဆိုတာ အမျိုးမျိုးဖွဲ့လာခဲ့တယ်။ အဓိက က ကျနော်တို့ သက်ဆိုင်ရာ အဖွဲ့အစည်း ဖြစ်တယ်” လို့ဆိုပါတယ်။

KNU အနေနဲ့ အရင်က အတူလက်တွဲလာခဲ့တဲ့ UNFC အဖွဲ့ဝင်အဖြစ် ပါဝင်နေမှုကနေ ရပ်ဆိုင်းလိုက်တဲ့ အပေါ်မှာ လေ့လာ စောင့်ကြည့် သူတွေအကြား ထင်ကြေး အမျိုးမျိုးပေးပြောဆိုမှုတွေရှိနေသလို တိုင်းရင်းသားအရေးအတွက် အာမခံချက် တစုံတရာ ခိုင်ခိုင်မာမာမရှိသေးဘဲ အစိုးရအပေါ် ယုံကြည်မှုလွန်ကဲတယ်ဆိုပြီး ဝေဖန်သံတွေလည်း ထွက်ပေါ်နေပါတယ်။

KNU အဖွဲ့ဟာ သမ္မတဦးသိန်းစိန် နဲ့ရော ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ပါ အကြိမ်ရေ အများဆုံးတွေ့ဆုံခွင့်ရထားတဲ့ အဖွဲ့ဖြစ်ပြီး သီးခြားခွဲထွက်တဲ့ပုံစံနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကို စုစည်းဦးဆောင်လို့ အပစ် အခတ် ရပ်ရေး လက်မှတ်ထိုးနိုင်ဖို့ ကြိုးစားနေသလား ဆိုတဲ့ မေးခွန်းထုတ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

KNUအနေနဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) မှာလည်း ပါဝင်နေပြီး အခုလို UNFC အဖွဲ့ဝင် အဖြစ် ပါဝင်မှုက ရပ်ဆိုင်းလိုက်တဲ့အတွက် NCCT နဲ့လက်တွဲလုပ်ကိုင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် ထိခိုက်မှု ရှိမှာ မဟုတ်ဘူးလို့တော့ ပဒိုကွယ်ထူးဝင်းက ပြောပါတယ်။

UNFC အဖွဲ့မှာ အဖွဲ့ဝင်တွေအဖြစ် ချင်းအမျိုးသားတပ်ဦး (CNF) ၊ ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) ၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ( KNPP) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ်(PNLO) ၊ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) ၊ လားဟူ ဒီမိုကရက်တစ်ပါတီ (LDP) ၊ “ဝ” အမျိုးသားအဖွဲ့ချူပ် (WNO) ၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF)  စတဲ့ အဖွဲ့တွေ ပါဝင်ပါတယ်။

တိုင်းရင်းသားအဖွဲ့တချို့ကတော့ အစိုးရရဲ့ KNU ကို အလေးပေးပြီး အခြားတိုင်းရင်းသားတွေကို ခွဲခြားဆက်ဆံ မှုတွေ ကြောင့် အနာဂတ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ တိုင်းရင်းသားတွေဘက်က အကွဲအပြဲတွေ ထပ်ပြီး ပေါ်ပေါက် နိုင်ခြေ ရှိတယ်လို့ သုံးသပ်ပြောဆိုပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading