မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) နှင့် ဂျပန်ကုမ္ပဏီ နှစ်ခုတို့ ပူးပေါင်း ထုတ်လုပ်သည့် တန်ဖိုးနည်း ၁၅၀၀ ကျပ်တန် ဂျီအက်စ်အမ် ဆင်းကတ်များကို ကတ်ရေ ၅ သန်းကျော် အထိ ဖြန့်ဖြူး ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစီအစဉ်ကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ဂျပန်ကုမ္ပဏီများ ဖြစ်သည့် KDDI နှင့် Sumitomo ကုမ္ပဏီ တို့ဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။
တန်ဖိုးနည်း ဂျီအက်စ်အမ် ဆင်းကတ် ၇ သိန်းကျော်ကို စက်တင်ဘာလ အတွင်း ဖြန့်ချိမည် ဖြစ်ပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ မတိုင်မီ ဆင်းကတ် အရေအတွက် ၅ သန်းကျော် အထိ ဖြန့်ဖြူးရောင်းချသွားမည်ဟု သိရသည်။
ထိုသို့ ရောင်းချမှုနှင့် ပတ်သက်ပြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ကျောင်းအုပ်ကြီး ဦးကျော်စိုးက “ရပ်ကွက်တွေမှာ ဆင်း ကတ် တွေ မဲစနစ်နဲ့ ပေးနေတဲ့ အစီအစဉ်ကို ဒီလကစပြီး ဖျက်သိမ်းလိုက်ပြီ၊ ဂျပန် ကုမ္ပဏီတွေနဲ့ ပူးပေါင်းတဲ့ အခု အစီအစဉ် က ဖြန့်ဖြူးရေး ပုံစံအသစ်ပဲ၊ သုံးစွဲသူတွေအတွက် ဖုန်းပြောခ အစီအစဉ်ကိုလည်း Bonus အနေနဲ့ လုပ်ပေးဖို့ ရှိတယ်”ဟု ဧရာဝတီ ကို ပြောသည်။
တန်ဖိုးနည်း ဆင်းကတ်များ ဖြန့်ဖြူး ရောင်းချရာတွင် ပြည်တွင်း ဆက်သွယ်ရေး ကုမ္ပဏီ ၁၅ ခုနှင့် တဆင့် ချိတ်ဆက်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဖြန့်ချိ ရောင်းချသူများထံသို့ ပြန်လည် ဖြန့်ချိရောင်းချမည် ဖြစ်ကြောင်း သိရသည်။
ထိုတန်ဖိုးနည်း ၁၅၀၀ ကျပ်တန် ဆင်းကတ်များကို စက်တင်ဘာ ၁ ရက်မှ စတင်ပြီး ဆက်သွယ်ရေး ကုမ္ပဏီများ ဖြစ်သည့် Elite Tech, Asia Mega link, Fortune, ABC, တာမိုးနဲ၊ မြန်မာပိတောက်၊ အမရာ နှင့် ချမ်းသာ စသည့် ကုမ္ပဏီ ၁၅ ခုက တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဖြန့်ချိ ရောင်းချပေးမည်ဟု ဆိုသည်။
ဆင်းကတ်ရောင်းချမှု ပုံစံနှင့် ပတ်သက်ပြီး ရန်ကုန်မြို့ရှိ Elite Tech ဖုန်းအရောင်းဆိုင် ဝန်ထမ်းတဦးက “မှတ်ပုံတင် မူရင်းနဲ့ မိတ္ထူတစောင် ယူလာရင် ဖုန်းကတ်တွေ ဝယ်လို့ ရပါတယ်၊ တကတ်ကို ၁၅၀၀ ကျပ်နဲ့ ရောင်းပေးမှာပါ၊ လူတဦးကို တကတ်နှုန်း ပဲ ရောင်းပါတယ်”ဟု ပြောသည်။
အဆိုပါ တန်ဖိုးနည်း ဂျီအက်စ်အမ် ဆင်းကတ်များကို ဝယ်ယူလိုသူ များပြားသည့် အတွက် လတ်တလော ဖြန့်ချိပေးနေသည့် Elite Tech ကုမ္ပဏီနှင့် Asia Mega Link ကုမ္ပဏီတို့၏ အရောင်းဆိုင်များ၌ ဝယ်ယူသူများကို တန်းစီစနစ်ဖြင့် ရောင်းချပေး နေ သည်ကို တွေ့မြင်ရသည်။
“တကတ်ကို ၁၅၀၀ ကျပ်ပဲ ဆိုတော့ လူများလည်း လာတိုးနေရတာပေါ့။ အပြင်မှာဝယ်ရင် MPT ဆင်းကတ်တွေက ၁၅၀၀၀၊ ၂၀၀၀၀ လောက် အနည်းဆုံး ပေးနေရတယ်”ဟု ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ Elite Tech အရောင်းဆိုင်တွင် ဖုန်းကတ် တန်းစီ စောင့်ဆိုင်း ဝယ်ယူနေသူ တဦးက ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လမှ စတင်ပြီး Ooredoo ဆင်းကတ်များ ထွက်လာပြီး နောက်ပိုင်း ဖုန်းများ ခေါ်ဆိုရာတွင် လိုင်းကျပ်ခြင်း၊ ဖုန်းခေါ် မရခြင်း၊ မက်ဆေ့ချ်ပို့၍ မရခြင်း စသည့် နည်းပညာဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်နေသည်ဟု ဖုန်းသုံးစွဲသူ အများအပြားက ဝေဖန် ပြောဆိုလျက် ရှိသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ကျောင်းအုပ်ကြီး ဦးကျော်စိုးက“အရင်ထက် ပိုပြီးတော့ နည်းပညာပိုင်းတွေမှာ ကောင်းလာ တယ်၊ စောင့်ကြည့်နေတဲ့ အခြေအနေတွေ အရ ဖုန်းခေါ်ဆိုမှု ၁၀၀ ကြိမ်နှုန်းမှာ ၁ ကြိမ်နှုန်းပဲ ဖုန်းခေါ် မရတဲ့ လိုင်းကျပ် ပြဿနာ ရှိတော့တယ်၊ ရာနှုန်းပြည့် ကောင်းတယ်လို့တော့ ပြောလို့ မရသေးဘူး”ဟု ဆိုသည်။
မြန်မာ့ ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ဂျပန်နိုင်ငံမှ KDDI နှင့် Sumitomo ကုမ္ပဏီတို့သည် မြန်မာနိုင်ငံတွင် အမေရိကန် ဒေါ်လာ သန်းနှစ်ထောင် ရင်းနှီးမြှုပ်နှံ၍ ဆက်သွယ်ရေး ကွန်ရက်ကို တိုးချဲ့ခြင်း၊ နည်းပညာသစ်များဖြင့် အဆင့်မြင့် ဝန်ဆောင်မှုများ ပေးခြင်း၊ လက်ရှိ မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့် ပေးထားသည့် နိုင်ငံခြား ဆက်သွယ်ရေး အော်ပရေတာ များနှင့် ယှဉ်ပြိုင်နိုင်ရန် လုပ်ဆောင်ခြင်း၊ အဆင့်မြှင့်တင်ရေး၊ ဈေးကွက် မြှင့်တင်ရေး၊ အရောင်း မြှင့်တင်ရေးများကို ဆောင်ရွက်ခြင်းနှင့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး နည်းပညာ ကဏ္ဍများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရန် ပူးပေါင်း လုပ်ဆောင်မည်ဟု ပြောဆို ထားသည်။