ထိုင်းနိုင်ငံတွင် ဗျူရိုကရက်များနှင့် ပညာရှင်များ၏ အခိုင်အမာ ထောက်ခံမှုဖြင့် စစ်တပ်အရာရှိ အများစု ပါဝင်သော ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချာ ၏ အစိုးရအဖွဲ့ကို သြဂုတ် ၃၁ ရက်က ဖွဲ့စည်းလိုက်သည်။
ဝန်ကြီးဌာန ၃၄ ခုအတွက် ဝန်ကြီး အဆင့် ၃၂ ဦးဖြင့် ဖွဲ့စည်းလိုက်သည့် ထိုင်း အစိုးရသစ်တွင် စစ်တပ် အရာရှိ ၁၁ ဦးက သယ် ယူပို့ဆောင်ရေး၊ ဘဏ္ဍာရေး၊ ပြည်ထဲရေး၊ ပညာရေး၊ နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် တရားရေး ဆိုင်ရာ ဝန်ကြီးဌာများကို တာဝန် ယူကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။
ယခု ထိုင်း အစိုးရ အဖွဲ့တွင် ဒု ဝန်ကြီးချုပ် ၅ ဦး ပါဝင်သည်။
ဗိုလ်ချုပ်ကြီး Prawit Wongsuwon နှင့် ဗိုလ်ချုပ်ကြီး Tanasak Patimapragorn တို့ ၂ ဦးသည် လက်ရှိအာဏာသိမ်း စစ်ကောင်စီ အမျိုးသား ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကောင်စီ(NCPO) မှ ဒု ဝန်ကြီးချုပ် တာဝန်ယူလာခြင်း ဖြစ်သည်။
ကျန် ဒု ဝန်ကြီးချုပ် ၃ ဦးမှာ ဒု ဝန်ကြီးချုပ်ဟောင်း မစ္စတာ Pridiyathorn Devakula ၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဟောင်း မစ္စတာ Yongyut Yuttawong နှင့် ဒု ဝန်ကြီးချုပ်ဟောင်း မစ္စတာ Wossanu Krea-Ngam တို့ ဖြစ်ကြောင်း သိရသည်။
ယခင် စိုက်ပျိုးရေး ဌာန အမြဲတမ်းအတွင်းဝန်ဟောင်း မစ္စတာ Petipong Pungbun Na Ayudhya က စိုက်ပျိုးရေး ဝန်ကြီး ဖြစ် လာပြီး ယဉ်ကျေးမှုဌာန အမြဲတမ်းအတွင်းဝန်ဟောင်း မစ္စတာ Weera rojpotchanarat က ယခု ယဉ်ကျေးမှုဝန်ကြီး၊ ကျန်းမာ ရေး ဝန်ကြီးအဖြစ် မစ္စတာ Rajata Rajatanavin ဖြစ်လာပြီး ဒု ဝန်ကြီးအဖြစ် မဟိဒေါ တက္ကသိုလ် အကြီးအကဲ၊ အမျိုးသား ကျန်းမာရေး ဖောင်ဒေးရှင်း အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ Somsak Chunharas က တာဝန်ယူထားသည်။
ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းနှင့် အားကစားရေးရာ ဝန်ကြီးအဖြစ် ထိုင်း တိုရှိဘာ ကုမ္ပဏီ ဥက္ကဌ မစ္စ Kobkarn Wattnavrangkul က တာဝန်ယူသည်။
NCPO အနေဖြင့် လက်ရှိ ထိုင်းနိုင်ငံ၏ စီးပွားရေး အရှိန်မပျက်ရန် အတွက် အတွေ့အကြုံရှိသူများကသာ ကိုင်တွယ်သွားနိုင်ရေး အတွက် စီးပွားရေးဆိုင်ရာများကို စစ်တပ် က ပါဝင်မှု မပြုလုပ်ရန် ပြင်ဆင်ထားသည်ဟု ဘန်ကောက်ပို့စ်က ဆိုသည်။
ယခင် ဘဏ္ဍာရေး ဝန်ကြီး၊ ဒု ဝန်ကြီးချုပ်ဟောင်း မစ္စတာ Pridiyathorn Devakula က ထိုင်း စီးပွားရေးလုပ်ငန်းတခုလုံးအား ခြုံငုံ တာဝန် ယူ၍ ဒုတိယ ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်မည်ဟုလည်း သိရသည်။
ဆူရာယုဒ် ချူလာနော့(Surayud Chulanont) အစိုးရလက်ထက်က ဒု ဘဏ္ဍာရေး ဝန်ကြီးနှင့် ဘဏ္ဍာရေးဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ် လုပ်ခဲ့သူ မစ္စတာ Sommai Pasi ကလည်း ယခုအစိုးရအဖွဲ့တွင် ဘဏ္ဍာရေး ဝန်ကြီးအဖြစ် တာဝန် ထမ်းမည်ဖြစ်သည်။
ဝါရင့် စီးပွားရေးပညာရှင် ယခင်ကုန်သွယ်ရေး ဝန်ကြီးဟောင်း Narongchai Akrasanee က စွမ်းအင် ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင် မည် ဖြစ်သည်ဟု ဆိုသည်။
ဝန်ကြီးဌာန အသီးသီးတွင် စစ်တပ်က နေရာအများစု ယူထားသော်လည်း ပညာရှင်များ၊ အရပ်သား ဝါရင့် ဝန်ထမ်းများကို သက် ဆိုင်ရာ ဝန်ကြီးများအား ကူညီရန်အတွက် ဒုဝန်ကြီးများအဖြစ် ခန့်အပ်ခြင်း ဖြစ်သည်ဟုလည်း သိရသည်။
King Prajadhipok Institute တက္ကသိုလ်မှ လက်ထောက် ထွေထွေအတွင်းရေးမှူး Wuthisarn Tanchai က ဒု ဝန်ကြီးများ အနေဖြင့် ကိစ္စတခုချင်းစီအပေါ် စစ်တပ်မှ လာသော ဝန်ကြီးများအား အကူအညီပေးနိုင်လိမ့်မည်ဟု ဆိုထားသည်။
NCPO ၏ စီးပွားရေးဆိုင်ရာ ဒုတိယ အကြီးအကဲ ဗိုလ်ချုပ်ကြီး Chatchai Sarikalya သည် ကုန်သွယ်ရေး ဝန်ကြီး ဖြစ်လာရန်ရှိကြောင်း၊ ၎င်းသည် နှစ်ပတ်လည် ရာထူး အပြောင်းအလဲ ပြုလုပ်ချိန်တွင် ကြည်းတပ် ဒု ဦးစီးချုပ် ဖြစ်လာမည်ဟု မျှော်လင့် ရကြောင်းလည်း သိရသည်။
ဝန်ကြီးအဖွဲ့တွင် နေရာပေးအပ်ခြင်း ခံရသော ဗိုလ်ချုပ်ကြီးများသည် မကြာမီပြုလုပ်တော့မည့် စစ်ဖက်ရာထူး အပြောင်းအလဲပြုလုပ်ရာတွင် အရေးပါသည့် စစ်ဖက်နေရာများ စွန့်လွှတ်ရဖွယ် ရှိနေသည်ဟု ဆိုသည်။
တချို့သော ထိုင်း စစ်ဗိုလ်ချုပ်ကြီးများသည် ထိုင်း စစ်တပ်အတွင်း နှစ်စဉ် ရာထူး အပြောင်းအလဲ လုပ်ဆောင်မှုတွင် ပါဝင်နိုင် သော် လည်း ဝန်ကြီးနေရာတွင် တာဝန်ပေးအပ်ခြင်းဖြင့် ဆုချီးမြှင့်သည့် ပုံစံ ဖြစ်ကြောင်းလည်း ဘန်ကောက်ပို့စ်၌ ပါရှိသည်။
တရားရေး ဝန်ကြီးဖြစ်လာသည့် ဗိုလ်ချုပ်ကြီး Paiboon Khumchaya သည် ထိုင်းစစ်တပ်တွင် ကြည်းတပ် ဦးစီးချုပ် ဖြစ်လာရန် မရှိသော်လည်း ကာကွယ်ရေး ဌာန အမြဲတမ်း အတွင်းဝန်အဖြစ် ခန့်အပ်မည်ဟု သိရသည်။
သို့သော် ဒု ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Udomdej Sitabutr သည် ကြည်းတပ်ဦးစီးချုပ် ဖြစ်လာမည်ဟု မျှော်လင့်ရကြောင်း ဘန်ကောက်ပို့စ်က ဆိုသည်။
ဗိုလ်ချုပ်ကြီး ပရာယု ၏ အရင်းနှီးဆုံး မိတ်ဆွေဖြစ်သူ အငြိမ်းစား ဒု ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Dapong Rattanasuwan အား သဘာ၀ အရင်းအမြစ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာများကို ထိန်းသိန်းရန် တာဝန်ပေးအပ်ပြီး တပ်မတော် ဒု ဦးစီးချုပ် ဒု ဗိုလ်ချုပ်ကြီး Surachet Chaiyawong ကို ဒု ပညာရေး ဝန်ကြီးအဖြစ် တာဝန်ပေးသည်ဟုလည်း ဆိုထားသည်။
ဗိုလ်ချုပ်ကြီး ပရာယုက ထိုင်းနိုင်ငံတွင် လုံခြုံရေးအခြေအနေသည် အပြည့်အ၀ တည်ငြိမ်မှု မရသေးကြောင်း၊ တိုင်းပြည်အား ဦးဆောင်နိုင်ရန် ၎င်းအား ယုံကြည်မှု ရှိသည့် နောက်လိုက် အရာရှိများ လိုအပ်ကြောင်း သောကြာနေ့၊ ရုပ်မြင် သံကြားမိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။
ယခုအစိုးရသစ်အဖွဲ့ကိုလည်း ဗိုလ်ချုပ်ကြီး ပရာယုက ၎င်းစိတ်ကြိုက်ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်တခု ကို ကိုးကားပြီး ဘန်ကောက်ပို့စ်က ဆိုသည်။
အရပ်သားနှင့်ပညာရှင်များ ပါဝင်သော်လည်း ထိုင်း အစိုးရအဖွဲ့သစ်ကို ထိုင်းစစ်တပ်လွှမ်းမိုးထားသည်ဟု ဝေဖန်မှုများလည်းရှိနေ သည်။
ထိုင်းအစိုးရအဖွဲ့အပြင် အမျိုးသား ဥပဒေပြု လွှတ်တော်၏ ရာခိုင်နှုန်း ၅၀ ကျော်နှင့် ပြည်သူ့ လွှတ်တော်များသည် စစ်တပ် အရာရှိများ၊ စစ်တပ်နှင့် အလွန်နီးစပ်သည့် ရဲ အရာရှိများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်းလည်း ဝေဖန်သူများက ဆိုသည်။
ယခင်အစိုးရ ဒု ဝန်ကြီးချုပ်လည်းဖြစ် ဖုယာ့ထိုင်း ပါတီ၏ အဓိက ခေါင်းဆောင်တဦးလည်းဖြစ်သူ Thepkanchanna က ဗိုလ်ချုပ်ကြီး ပရာယု လက်အောက်ရှိ အစိုးရအဖွဲ့၏ ပုံသဏ္ဌာန်သည် ၎င်း၏ မူဝါဒထက် အရေးမကြီးကြောင်း၊ ပြည်သူလူထုက တိုင်းပြည် ၏ ဦးတည်ရာကို သိရှိနိုင်ရန် မူဝါဒကြေညာချက်တခု ထုတ်ပြန်ပေးရမည် ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သို့ ပြောကြား သည်။
ပြီးခဲ့သည့် မေလ က ယခင် ထိုင်း ဝန်ကြီးချုပ်ဟောင်း ယင့်လတ် ရှင်နာဝပ် အစိုးရ ထံမှ ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချာ ဦးဆောင် သည့် NCPO စစ်ကောင်စီ က နိုင်ငံတော် အာဏာကို သိမ်းယူခဲ့သည်။