“ကျနော်တို့ လိုချင်တာက ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပြု တိုင်းတခု ဖြစ်ရေးပဲ”
This article has been converted from Zawgyi One to Unicode
မိုင်းလားအခြေစိုက် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) သည် ပြီးခဲ့သည့် သြဂုတ်လအတွင်းက နိုင်ငံတော် သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ တို့နှင့် နေပြည်တော်တွင် တွေ့ဆုံပြီး နောက် သြဂုတ် ၂၈ ရက်တွင် ရန်ကုန်မြို့၌ ပထမဆုံး အကြိမ်အဖြစ် သတင်းစာ ရှင်းလင်းပွဲ ကျင်းပဖြစ်ခဲ့သည်။ ယင်းသတင်းစာ ရှင်း လင်းပွဲတွင် ၎င်းတို့၏ လက်ရှိရပ်တည်ချက်၊ ခံယူချက်များနှင့် ပတ်သက်၍ ပွင့်လင်းစွာ တင်ပြခဲ့သည်။
လက်ရှိ အကောင်အထည် ဖော်ဆောင်နေသည့် နိုင်ငံရေး ဖြစ်စဉ်၊ ငြိမ်းချမ်းရေး ဖြစ်စဉ်များ အပေါ်(NDAA) အဖွဲ့၏ သဘောထား၊ ရည်တည်ချက်များနှင့် ပတ်သက်၍ ယင်း အဖွဲ့၏ ပြန်ကြားရေး တာဝန်ခံ ဦးခမ်းမောင်အား ဧရာဝတီ သတင်းဌာန သတင်းထောက် မေခက တွေ့ဆုံ မေးမြန်းထားပါသည်။
မေး။ ။ လက်ရှိ မိုင်းလားအခြေစိုက် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်ရဲ့ နိုင်ငံရေး ရပ်တည်မှုကို တိတိကျကျလေး သိပါရစေ။
ဖြေ။ ။ ရပ်တည်ချက်ကတော့ နိုင်ငံရေး ရပ်တည်ချက် `ဒို့တာဝန်အရေးသုံးပါး´ကို လက်ခံတယ်။ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဆိုတဲ့အချက်တွေကို လက်ခံတယ်။ လက်ခံပြီး သား ဖြစ်တယ်။
မေး။ ။ `ဒို့တာဝန် အရေးသုံးပါး´ဆိုတာ တကယ်ကောင်းတဲ့ အချက်တွေလို့ ယေဘုယျ ပြောနိုင်ပါတယ်။ တကယ်လည်း ကောင်း ပါတယ်။ ဒါပေမယ့် နောက်ဆုံး အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဆိုတာကျတော့ တိုင်းရင်းသား တွေကော ပြည်သူတွေကပါ ပြောကြတာက ၂၀၀၈ အခြေခံ ဥပဒေ ဆိုတာကို လက်မခံနိုင်တဲ့အတွက် အဲဒီ အခြေခံဥပဒေ ကနေ ရရှိလာတဲ့ အချုပ်အခြာ အာဏာ နဲ့ ပတ်သက်တာတွေကို လက်မခံချင် ကြဘူးလို့ ပြောဆိုတာတွေ ရှိပါတယ်။ ဒီအပေါ်မှာ ဘာများ ပြောနိုင်မလဲ။
ဖြေ။ ။ အချုပ်အခြာ အာဏာဆိုတာကို ပြောရင် အရှည်ကြီးပါ။ ကျနော်တို့က ပြည်ထောင်စု မပြိုကွဲဘူး။ တိုင်းရင်းသား စည်းလုံးမှု မပြိုကွဲနိုင်တာ ကိုပဲ လိုချင်တယ်။ ဒီဟာ မပြိုကွဲဖို့ ဆိုတာ လက်ခံတယ်။
မေး။ ။ ဒါဆိုလက်ရှိ ၂၀၀၈ ဥပဒေက အခုနက ပြောတဲ့အချက်တွေကို ကာကွယ်နိုင်တယ်လို့ သုံးသပ်တာများလား။
ဖြေ။ ။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြောင်းဖို့ ပြင်ဖို့တော့ ကျနော်တို့ သမ္မတကြီးနဲ့ ကာချုပ်ကိုတော့ ပြောထားတယ်။ ဒီ ၂၀၀၈ မှာ ကျနော် တို့ လိုချင်တာ မရနိုင်ဘူး။ အကုန်တော့ မပြောဘူး။ ဒါပေမယ့် ပြင်ရမှာတွေ ရှိပါတယ်။
မေး။ ။ ဟုတ်ကဲ့ ဒါဆို အခု လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အပေါ်မှာရော ဘယ်လိုမြင်လဲ။
ဖြေ။ ။ ကျနော်တို့ ကတော့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနေတာကိုတော့ လုံးဝထောက်ခံတယ်။ လက်ခံတယ်။ ဒါပေမယ့် တိုင်းရင်းသား အဖွဲ့တွေ ဖြစ်တဲ့ NCCT ၊ UNFC လို အဖွဲ့တွေမှာ ကျနော်တို့ မပါဝင်ထားဘူး။ မပါရတဲ့ အကြောင်းအရင်းက အနေ အထားချင်း၊ နေရာဒေသချင်း မတူဘူး။ သမိုင်းနောက်ခံလည်း မတူဘူး။ ကိုယ့် ပြည်ထောင်စုထဲမှာ ကိုယ့်ထဲမှာ လွတ်လွတ် လပ် လပ် စီမံခွင့် ပေးထားတာလည်း ၂၅ နှစ် ရှိပြီ။ ဖွံ့ဖြိုးတိုးတက်မှုက တရှိန်ထိုး တက်နေတာ။ ငြိမ်းချမ်းရေး လမ်းကြောင်း လိုက်တာ ကောင်းတာမို့ ဆက်လက် ကိုင်သွားမှာပါ။ ဒီတော့ ကျန်တဲ့ တိုင်းရင်းသား တွေကိုလည်း ငြိမ်းချမ်းစေချင်တယ်။ ငြိမ်းချမ်းရေး လုပ် တာ ကောင်းတာပဲ၊ သူတို့လုပ်နေတာ ကောင်းတဲ့ အလုပ်လို့ပဲ မြင်တယ်။
မေး။ ။ တိုင်းရင်းသားတွေ တော်တော်များများက ဖက်ဒရယ်ကို လက်ခံထားကြတယ်။ အန်ကယ်တို့ကော ဘယ်လို လက်ခံထားပါ သလဲ။
ဖြေ။ ။ မြန်မာ တနိုင်ငံလုံးကို ဖက်ဒရယ်စနစ် တည်ဆောက်မယ် ဆိုတာကို ပြောကြတယ်။ ကျနော်တို့က ဖက်ဒရယ် ဆိုတာကို သိပ် နားမလည်ဘူး။ ကျနော်တို့ လိုချင်တာက ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပြု တိုင်းတခု ဖြစ်ရေးပဲ။ ကျနော်တို့ တောင်းတာ ဒါပဲ၊ ကျန် တာ မရှိဘူး။ ဖက်ဒရယ်တွေ၊ ဘာတွေဆိုတာ ကျနော်တို့ လိုက်မမီဘူး။ ကျနော်တို့က လိုချင်တာ ကိုယ့်ဘာသာ အုပ်ချုပ်ရပ်တည်ခွင့်ပါ။
မေး။ ။ အခုလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအနေနဲ့ ရပ်တည်ခွင့် ရနေတာ ဆိုတော့ ဘယ်လိုမျိုးကို ဆိုလိုတာပါလဲ။
ဖြေ။ ။ ဒါက မတူဘူး။ ဟိုက `ဒေသ´လေ၊ ကျနော်တို့ ပြောတာ `တိုင်း´။ ဒီတော့ ဒါတွေ လိုတယ်။ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် လိုတယ်။ ဒါကို ခေါ်တာပါ။
မေး။ ။ ဒါဆို တိုင်းရင်းသားတွေ တောင်းတဲ့ ဖက်ဒရယ်ဆိုတာက တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ ပါတဲ့ ဖက်ဒရယ် စနစ် တောင်း နေတာ ဆိုတော့ အန်ကယ်တို့နဲ့ ကိုက်ညီတယ် မထင်ဘူးလား။
ဖြေ။ ။ ဒါပေါ့ ကိုက်ညီတယ် လေ။ ကျနော်တို့လည်း ဒါပဲ တောင်းတာပဲ။ ကျနော်တို့ တိုင်းပြည်က ခွဲထွက်ဖို့ တခါမှ မပြောဘူး။ ထွက်လည်း မထွက်ဘူး။
မေး။ ။ အစိုးရပိုင်းနဲ့ တွေ့ဆုံတဲ့ အခါ ဒီလို `ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း´ တောင်းတဲ့ အပေါ် သူတို့က ဘယ်လို မှတ်ချက် ပေး ထား လဲ။
ဖြေ။ ။ ပေးမယ် မပေးဘူးတော့ ဘာမှ မပြောသေးဘူး။ ဒီတော့ အခုလက်ရှိမှာက ၂၀၀၈ ကို ကျင့်သုံးနေတာလေ။ ဒီထဲမှာ မပါဘူး ပေါ့။ မပါတော့ ဥပဒေပြင်ဖို့ ပြောထားတယ်။ ဒါကို ပြင်ပေးမှ ရမှာ။ ဒါကို ပြင်ဖို့ ပြောထားတယ်။
မေး။ ။ လက်ရှိ ပြည်ထောင်စု တပ်မတော်ဖွဲ့ရေး တိုင်းရင်းသားတွေ တောင်းတဲ့ အပေါ်မှာ ဘယ်လိုမြင်လဲ။ အဲဒီအပေါ် ထားတဲ့ သဘောထားက ဘာဖြစ်မလဲ။
ဖြေ။ ။ လက်ရှိက တိုင်းရင်းသားအဖွဲ့ NCCT မှာ မပါဘူးလေ။ ဒီတော့ ကျနော်တို့သိတာက ပြည်ထောင်စု တပ်မတော် ဆိုတာရှိပြီး သားလေ။ တပ်ဖွဲ့မယ် ဆိုတာကို နားမလည်ဘူး။ တိုင်းရင်းသား အဖွဲ့တွေ ဘယ်မှာမှ မပါတာ။ အဲဒါကြောင့်ပဲ ကျနော်တို့ စိတ်ထဲမှာ နားမလည်ဘူး။ ပြည်ထောင်စု တပ်မတော်ဖွဲ့မယ် ဆိုတာက ကျနော်တို့ စဉ်းစားတာ ပြည်ထောင်စု တခုမှာ နှစ်ခု မရှိဘူးလေ။ ဒီတော့ ကျနော်တို့က လက်ရှိ စည်းလုံးညီညွှတ်မှုကို ပျက်ပြားစေမယ့် အတိုက်အခံအနေနဲ့ လုပ်ဆောင်ဖို့ သဘောမကျဘူး။ ကျနော် တို့ နိုင်ငံကို ကာကွယ်ဖို့ပဲ သဘောကျတယ်။ ဒါကို လက်မခံနိုင်ဘူး။
မေး။ ။ တပ်မတော် ဆိုတာ တခုတည်း လို့ ပြောတယ်။ ဒါဆို လက်ရှိ အန်ကယ်တို့ ကိုယ်ပိုင်တပ်တွေ ရှိတယ်၊ ဒီလို လူတွေကို ဘယ်လိုတပ်နဲ့ပတ်သက်ပြီး လက်ခံစေဖို့ ရှိမလဲ။ ဆိုလိုတာက တိုင်းရင်းသားတွေက ကိုယ်ပိုင်တပ်တွေ ရှိနေတာကို ဘယ်လို ပေါင်း မလဲ။ အကုန် လက်နက်စွန့်ဖို့များ စဉ်းစားထားပါ သလား။
ဖြေ။ ။ တပ်ဖွဲ့စည်းရေး ဆိုတာက ကိုယ့်တပ်နဲ့ ကိုယ့်ဒေသမှာ ရှိတယ်။ နိုင်ငံတော် အစိုးရနဲ့လည်း ဘာမှ တင်းမာမှု မရှိဘူး။ ကျနော် ဆိုလိုတာ ဒါပဲ။ ကျနော်တို့ တပ်ကို လုံခြုံရေး အနေနဲ့ ထားတာ။ ပြည်ထောင်စု တပ်အနေနဲ့ ဖွဲ့ဖို့ မဟုတ်ဘူး။ အပြိုင်လုပ် မထား ဘူး။ ဒီသဘော။ ၂၅ နှစ် အတွင်း သေနတ်တချက်မှ မဖောက်ဘူး။ ကျနော်တို့ ကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မဖြစ်မချင်း အဲဒီ အနေအထားအတိုင်း ဆက်နေမှာပဲ။
မေး။ ။ တကယ်လို့ အစိုးရဘက်က လိုချင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တခုပေးရင် လက်နက်အပ်မယ်၊ အန်ကယ် တို့ တပ်တွေကို ဖျက်သိမ်းမယ့် သဘောများလား။
ဖြေ။ ။ အဲဒီလိုချည်း ပြောနေတာ မဟုတ်ဘူး။ ဒါကအစိုးရနဲ့ နိုင်ငံရေး အရ ဆွေးနွေးရဦးမှာပါ။ အဲဒီအဖြေပေါ် ကြည့်မှာ ပေါ့။ ကျနော် တို့က စစ်ဖြစ်တာ မလိုလားဘူး။
မေး။ ။ လက်ရှိ တပ်မတော်နဲ့ သမ္မတဘက်က ငြိမ်းချမ်းရေးမှာ ပါဝင်မှုကို ဘယ်လိုမြင်လဲ။ သူတို့ လုပ်ဆောင်နေတဲ့ အပိုင်းက ဘယ်လိုမျိုးပုံစံ ပါဝင်နေတယ်လို့ မြင်ပါသလဲ။
ဖြေ။ ။ ဒါကတော့ သူတို့ လိုလားလို့ လုပ်တာပေါ့လေ။ နောက် ကျနော်တို့နဲ့က ငြိမ်းချမ်းရေးစကား ပြောစရာ မလိုပါဘူး။ ဘာလို့ဆို ကျနော်တို့က ငြိမ်းချမ်းပြီးသား လေ။ သူတို့ဘက်က ဖိတ်ရင်သွားတယ်။ ဒီလိုပဲပေါ့။
မေး။ ။ အခု အချိန်မှာ ငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲမယ် ဆိုရင် အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေ အပြင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ယူထားသူတွေပါ ထိုးမယ် ဆိုတော့ …၊ ဒီအပေါ်မှာ ဘယ်လို ပါဝင်မလဲ။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တခုလည်း ရှိနေတော့ အစိုးရဘက်မှာပဲ ရပ်ပြီး လက်မှတ်ထိုးမလား။ တိုင်းရင်းသား တခုအနေနဲ့ ထိုးမှာလား ဆိုတာ ရှင်းရှင်းလင်းလင်း သိပါရစေ။
ဖြေ။ ။ ဒါကတော့ ကျနော်တို့က အချိန်တော့ မရောက်သေးဘူးပေါ့။ ကိုယ့်အဖွဲ့အစည်း အထူးဒေသ ၄ ရဲ့ ပြည်သူတွေ လိုအင် အတိုင်း လက်မှတ်ထိုးရမှာ ဖြစ်တယ်။ ကိုယ့်အဖွဲ့ အနေနဲ့ လက်မှတ်ထိုးမှာပါ။ အထူးဒေသ ၄ ရဲ့ ပြည်သူတွေ လက်ခံလာနိုင်တဲ့ အခြေအနေတခု ရှိပြီဆိုရင် ကျနော်တို့က အထူးဒေသ ၄ အနေနဲ့ ထိုးမှာပါ။
မေး။ ။ အထူးဒေသ ၄ ရဲ့ ပြည်သူတွေ လိုအင်အတိုင်း လက်မှတ်ထိုးရမှာ ဖြစ်တယ် ဆိုတော့…၊ အပစ်အခတ် ရပ်စဲရေး စာချုပ်မှာ ဘယ်လို အချက်တွေ ပါမယ်ဆိုရင် လက်မှတ်ထိုးမလဲ။
ဖြေ။ ။ ကျနော်တို့ ပြောချင်တာ တခုက..၊ အပစ်အခတ် ရပ်စဲရေးက ကျနော်တို့က လိုမှ မလိုတာ။ အဲဒါ တခုပေါ့။ ငြိမ်းချမ်းရေးကို ကျနော်တို့က လိုချင်တယ်။ ဒီတော့ မြန်မြန်ငြိမ်းချမ်းရေးရ ကောင်းတာပေါ့။ ရလဲရချင်နေပြီလေ။ ဒီတော့ ကျနော်တို့က ငြိမ်းချမ်းပြီ နိုင်ငံရေး ဆွေးနွေးဖို့ လုပ်မယ် ဆိုတာနဲ့ ကျနော်တို့ လက်မှတ် လာထိုးဆို ထိုးမှာပေါ့။ ဒါပဲလေ။
မေး။ ။ အခု ညှိနှိုင်းနေတဲ့ တပြည်လုံး အပစ်ခတ်ရပ်စဲရေး စာချုပ်မှာ ဘယ်လိုအချက်တွေ ပါမယ်ဆို လက်မှတ်ထိုးမှာ လဲ။
ဖြေ။ ။ ဒါက ကျနော်တို့ ကြည့်စရာ မလိုဘူးလေ။ ကျနော် ပြောပြီးပြီ၊ ကျနော်တို့က အပစ်အခတ်ရပ်စဲပြီးသား၊ စဉ်းစားစရာ မလို ဘူး။ သူတို့တွေပဲ ဆက်ညှိရမှာ။ ကျနော်တို့က နိုင်ငံရေး ဆွေးနွေးပွဲမှာမှ ပါမှာ။
မေး။ ။ ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံချိန်မှာ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးကို ဘယ်လိုများ စိတ်ကူးရှိတယ်လို့ သူ့ဘက် က ဖွင့်ဟတာ ရှိပါသလဲ။
ဖြေ။ ။ ကျနော်တို့ကော သူကော လက်ခံထားတာ ဘယ်နိုင်ငံ ဘယ်ဒေသ၊ ကုလသမဂ္ဂမှာ ဖြစ်ဖြစ် တပ်ဆိုတာ တခုတည်း ရှိတယ်။ ဒါကိုပဲ လက်ခံထားတယ်။
မေး။ ။ မိုင်းလားမှာ ရှိတဲ့ တပ်တွေနဲ့ပတ်သက်ပြီးတော့ရော ဘယ်လို စိတ်ကူးထားပါသလဲ။
ဖြေ။ ။ ကျနော်တို့ ဆီမှာ တပ်မဟာ ၃ ခု ရှိတယ်။ တပ်ခွဲတွေ ရှိတယ်။ ဒါတွေက ခုလုံခြုံရေးယူတယ်။ ဒီသဘောပါပဲ။ ဒါတွေကို ဘယ်လို စိတ်ကူးထားလဲ ဆိုရင် ဒါကနိုင်ငံရေး ဆွေးနွေးပွဲကျမှ ပြောရမှာပါ။ သေချာတာကတော့ ကျနော်တို့ တပ်တွေက ကျနော် တို့ဒေသ လုံခြုံရေး အတွက်ပဲ ထားထားတာပါ။ စစ်လည်း မဖြစ်ဘူး။ စစ်မတိုက်ချင်လို့၊ အကျိုး မရှိတာသိလို့ ကျနော်တို့ ငြိမ်းချမ်း ရေး ယူတာဖြစ်တယ်။
မေး။ ။ တော်တော်များများက ဝေဖန်သုံးသပ်ကြတာ က “ဝ” ရယ် မိုင်းလားရယ်က သီးခြားနေလိုတယ်၊ တချိန်မှာ ပြည်ထောင်စု က ခွဲထွက်မယ် ပေါ့။ နောက်တခုက လက်ရှိ အင်အား အရ အစိုးရကိုပဲ ဖြစ်ဖြစ်၊ ဘယ်တိုင်းရင်းသားကိုပဲ ဖြစ်ဖြစ် ဝင်တိုက်နိုင် တယ်။ တရုတ်ပြည်နဲ့ နီးတယ်။ တရုတ်လူမျိုးတွေ ကြီးစိုးလို့ တချိန်ချိန် တရုတ်သြဇာခံ ဖြစ်သွားမယ်ပေါ့…၊ ဒီလို ပြောနေတာအပေါ် ဘာများ ပြောနိုင်လဲ။
ဖြေ။ ။ အရင်ကတည်းက စစ်မတိုက်ချင်လို့ ဗကပ (ဗမာပြည်ကွန်မြူနစ်ပါတီ) ထဲက ခွဲထွက် ငြိမ်းချမ်းရေး ယူခဲ့တာပါ။ ဘာမှ စစ် တိုက်စရာ မရှိဘူး။ ခွဲထွက်မှာ မဟုတ်ဘူး။ ကျုပ်တို့က တရုတ်လူမျိုး မဟုတ်ဘူး။ မြန်မာပြည်မှာနေတဲ့ တိုင်းရင်းသား လူမျိုး ဖြစ် တယ်။ ဘယ် တိုင်းရင်းသားကိုမှလည်း မတိုက်သလို အစိုးရကိုလည်း တော်လှန်မှာ မဟုတ်ဘူး။ နိုင်ငံတော်ကို ပုန်ကန်ဖို့အားလည်း မရှိဘူး။ ပုန်ကန်ဖို့လည်း မလိုဘူး။ စစ် မလိုလို့ မတိုက်တော့တာ။
ကျနော်တို့ နေတဲ့နေရာမှာ မနေနဲ့လို့ လာပြီးအတင်းအဓမ္မ ထိုင်ခုံလာလုတာ ဆိုရင်တော့ တိုက်ရမယ်၊ ခုခံ ကာကွယ်ရမယ်။ သူများတိုင်းပြည် သြဇာခံ ဆိုတာလည်း မဟုတ်တော့ တိုက်စရာ မလိုဘူး။ နိုင်ငံခြား မီဒီယာတွေက သူတို့ အမြင်တွေ လျှောက်ပြောတာ။ နောက် သူတို့လာခဲ့တာ လွန်ခဲ့တဲ့ ၁၀ နှစ် လောက်က အဖြစ်ပျက်တွေ ပြောတာ။ သူတို့ကမှ သွေးခွဲတာ ကျနော်တို့ နိုင်ငံတော်နဲ့ ငြိမ်းချမ်းတာကို မနာလိုလို့ ပြောတာပါ။ နောက် ဘယ်တိုင်းရင်းသားကိုမှလည်း ကျူးကျော် မတိုက်ဘူး။
မေး။ ။ တိုင်းရင်းသားတွေ တောင်းနေတဲ့ ဖက်ဒရယ် တပ်မတော် ဖွဲ့စည်းရေး အပေါ်မှာ ဘယ်လိုကြောင့် သဘော မတူတာလဲ သိပါရစေ။
ဖြေ။ ။ ဒါက နောက်ပိုင်း နိုင်ငံရေး ဆွေးနွေးပွဲမှာ ကိုယ့်ဒေသ လိုအပ်ချက်ကို ကိုယ်တိုင် ဆွေးနွေးပြီးမှ လုပ်ရမှာပါ။ ကိုယ့်ဒေသ လိုအပ်ချက်ကြည့်ပြီး ဆွေးနွေးပြီးမှ တိုင်းပြည်ကို တည်ဆောက်မှ ရမယ်။ ခုနက ပြောသလို အပြိုင်လုပ်တဲ့ သဘောဆောင်တဲ့ အတွက် လက်မခံဘူး။ တပ်မတော်ဟာ တိုင်းပြည်တခုမှာ တခုပဲ ရှိတယ်။ ဒါကိုပဲ လက်ခံတယ်။
မေး။ ။ တိုင်းရင်းသားတွေ ဘက်က ပြောနေတဲ့ ဖက်ဒရယ်တပ်မတော်က အချိုးကျပါဝင်တဲ့ စနစ်ကို ကျင့်သုံးမယ်လို့ ပြောတာ တွေ ရှိတယ်။ ဒီအပေါ်မှာ ဘာများပြောချင်ပါသလဲ။
ဖြေ။ ။ ဒါက နိုင်ငံဖွဲ့စည်းရေး နိုင်ငံရေး ဆွေးနွေးပွဲကျမှ ဆွေးနွေးပြီး ရလာတဲ့ စနစ်ပေါ်အခြေခံရမှာ ဖြစ်တယ်။ စင်ပြိုင်တပ် ဖွဲ့လို့တော့ မရပါဘူး။
မေး။ ။ ဒါဆို အခု တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မှာ ပါဝင်တာက ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းရေးကို သဘောတူ လက်ခံရေး ဆိုတဲ့ ကတိတခုအနေနဲ့ ပါဝင်လက်မှတ်ထိုးရမယ်လို့ ပါတဲ့အချက်ကို လက်မခံတာလား။ ဒီအချက် ပါလို့ လက်မှတ် ထိုးဖို့ ညှိရမယ်ပြောတဲ့ သဘောလား။ ဒီလို တင်ပြတာကို တိုင်းရင်းသားတွေ ဘက်က လာညှိနှိုင်းမယ် ဆိုရင်ကော လက်ခံမလား။
ဖြေ။ ။ ဟုတ်ပါတယ်။ တိုင်းရင်းသားတွေ လာညှိမယ်၊ ရှင်းပြမယ်ဆို လက်ခံမှာပါ။ အခုက သူတို့က တခါညှိ တခါပြောင်း၊ နောက် ညှိတဲ့ ကိစ္စလည်း မသိရဘူး။ လာဖို့ပြောတာ မှန်တယ်။ ကျနော်တို့က ဘာသာစကား အားနည်းတယ်။ ဒီတော့ ကျနော်တို့က သေချာ အချိန်ယူပြီးလေ့လာမှ ရမယ်။ စင်ပြိုင်ထောင်တာ မဟုတ်ဘူး ဆိုတာ လက်ခံတယ်။ ဒါပေမယ့် သူတို့ပြောနေတာက စင်ပြိုင် လုပ် ဖို့ ဖြစ်နေတယ်လို့ သိထားရတယ်။ ဆွေးနွေးတာတွေလည်း မသိရတော့ ခက်တယ်။ နောက်ဆုံး ထွက်လာတဲ့ အပေါ်မှာ ကျနော်တို့တွေ လက်ခံနိုင်ရင် ပါဝင်မယ်။ ဒါပါပဲ။ ပါဝင်ဖို့ညှိမယ်။
မေး။ ။ အခုလက်ရှိမှာ အန်ကယ်တို့ အဖွဲ့ အနေနဲ့ `ဒို့တာဝန်အရေး ၃ ပါး´ကို လက်ခံတယ်။ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုတာကိုကျ တိုင်းရင်းသားတရပ် အနေနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ သွားမှာမို့ လက်မှတ်ထိုးမယ်။ ဒါပေမယ့် လက်ရှိ ဆွေးနွေးနေမှုမှာ တပ်မတော်ဖွဲ့ စည်းရေးဆိုတဲ့အချက်ကို သဘောမတူဘူး။ နိုင်ငံရေး ရပ်တည်မှုအရ နိုင်ငံရေး ဆွေးနွေးပွဲမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း တခုကို ဆွေးနွေးမယ်။ ရပြီးမှ တပ်ပိုင်းကိစ္စ ဆွေးနွေးမယ် ဒီလိုသဘောမျိုးကို လက်ခံထားတယ် လို့ ပြောလို့ ရပါသလား။
ဖြေ။ ။ မှန်ပါတယ်။ ဟုတ်တယ်။ ဒီသဘောပဲ။
မေး။ ။ နောက်ဆုံး အနေနဲ့ ဘာများပြောချင်ပါ သလဲ။
ဖြေ။ ။ ကျနော်တို့ ပြောချင်တာ ဘယ်တိုင်းရင်းသားမဆို မိမိနိုင်ငံ၊ မိမိပြည်သူတွေ အတွက် တက်ညီ လက်ညီပါဝင် ညှိနှိုင်းကြဖို့၊ လုပ်ဆောင်ကြဖို့ လိုတယ်။ ကိုယ့်ဆန္ဒတွေကို ရှေ့တန်းမတင်ဘဲ ပြည်သူ့မျက်နှာ ကြည့်ပြီး ညှိနှိုင်းမှုတွေ လုပ်စေချင်တယ်။ ဒါပါပဲ။ ။