အခုလပိုင်းရက်ပိုင်း ပြည်တွင်း နိုင်ငံရေးပါတီတွေကိုကြည့်ရင် လာမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီးမှာ ပါဝင်ဖို့အရေး စိတ်အားထက်သန်နေကြတာ တွေ့ရပါတယ်။ MPC လို့ခေါ်တဲ့ ငြိမ်းချမ်းရေးစင်တာ အလွတ်သဘော ဆွေးနွေးပွဲတွေမှာ နိုင်ငံရေးပါတီတွေရဲ့ လာမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုင်ရာ စိတ်ကူးယဉ်မှု ပုံစံတွေ တခုပြီး တခု ထုတ်လာတာတွေလည်း တွေ့ရပါတယ်။ နိုင်ငံရေး ဆွေးနွေးပွဲကြီးကို ၃ ပွင့်ဆိုင်၊ ၅ ပွင့်ဆိုင်၊ ၉ ပွင့်ဆိုင် စသဖြင့် စိတ်ကူးယဉ်နေကြသလို ပါဝင်မယ့် အရည်အတွက်ကိုတောင် ၁၅၀၀၊ ၁၀၀၀၊ ၅၀၀ စသဖြင့် အကြီးအကျယ် မှန်းဆ ပြောဆို၊ စာတမ်းတွေ ထုတ်နေကြတာ တွေ့ရပါတယ်။ ဒီ ပြောဆိုမှုတွေဟာ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ကိုယ်စားလှယ်တွေ အပစ်ရပ် စာချုပ် မူကြမ်းရေးဆွဲ ညှိနှိုင်းနေတာ အောင်မြင်မှု ရလုနီးချိန်မှာ ထွက်ပေါ်လာတာပါ။ လက်ရှိ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ သဘောတူညီထားကြတာဟာ တတိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ်တစ်ခု ရေးဆွဲကြမယ်၊ ပြီးရင် လက်မှတ်ရေးထိုးမယ်၊ လက်မှတ်ရေးထိုးပြီးတာနဲ့ သတ်မှတ်ရက် တခုအတွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင်းပဖို့ မူဘောင်ဆွေးနွေးပွဲတွေ လုပ်မယ်၊ အဲဒီ ဆွေးနွေးပွဲက ရတဲ့ သဘောတူညီချက်တွေကို အခြေခံပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီး ကျင်းပသွားမယ် ဆိုတဲ့ အစီအစဉ်ပါ။
အခုလို အပစ်ရပ်စာချုပ်မှာ ညှိရမယ့် အချက် ၄- ၅ ချက်လောက်ပဲ ကျန်တော့တဲ့အချိန်၊ ပြည်တွင်း နိုင်ငံရေးသမားတွေ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီးမှာ ပါဝင်ဖို့ စိတ်ကူးယဉ်နေကြချိန် စိတ်မကောင်းစရာ သတင်းတစ်ခု ထွက်ပေါ်လာပါတယ်။ အဲဒါကတော့ တိုင်းရင်းသား လက်နက်ကိုင်တွေ စုဖွဲ့ထားတဲ့ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ ညီလာခံကနေ KNU ကရင်အမျိုးသား အစည်းအရုံး ကိုယ်စားလှယ်တွေ ထွက်ခွာသွားတဲ့ ကိစ္စပါ။ နောက်ဆက်တွဲ သတင်းတွေမှာတော့ ကေအဲန်ယူ အဖွဲ့က UNFC နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်ဆိုင်းထားမယ် ဆိုပြီး တရားဝင် အကြောင်းကြားလိုက်ပြီ ဖြစ်ပါတယ်။ ဒီ ပြဿနာ အစိုးရနဲ့ NCCT လို့ခေါ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးနေကြတဲ့အပေါ် ဘယ်လို သက်ရောက်မှုတွေ ဖြစ်စေမှာလဲ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အပေါ်ကိုရော ဂယက်ရိုက်ခတ်မှု ဖြစ်စေနိုင်မလား ဆိုတာ ဒီတပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။
UNFC ဆိုတာ ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ ဆိုတာကို အတိုကောက် ခေါ်တာပါ။ ဒီ အဖွဲ့ထဲမှာ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေထဲက အင်အားကြီးတဲ့ ကချင်၊ ကရင် နဲ့ အခြား တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတွေ ပါဝင်ကြပါတယ်။ ဒီ အဖွဲ့ကြီးကို ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီ မှာ ကျင်းပတဲ့ တိုင်းရင်းသား ညီလာခံကြီးကနေ ဖွဲ့စည်းခဲ့တာပါ။ လက်ရှိ အဖွဲ့ဥက္ကဌ ဟာ KIO ကချင်ပြည်လွတ်လပ်ရေး အဖွဲ့ ဒုဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဖြစ်ပြီး အထွေထွေ အတွင်းရေးမှူးကတော့ မွန်ပြည်သစ်ပါတီ ခေါင်းဆောင် နိုင်ဟံသာ ဖြစ်ပါတယ်။ အဖွဲ့ကို ၃ နှစ် တကြိမ် ညီလာခံခေါ်ဖို့ စည်းမျဉ်းရှိတာမို့ လက်ရှိ ညီလာခံခေါ်ယူ စည်းဝေးနေကြတာ ဖြစ်ပါတယ်။
လက်ရှိ ကျင်းပနေတဲ့ ညီလာခံ အစည်းအဝေးမှာ KNU ခေါင်းဆောင်တွေနဲ့ KIO အပါအဝင် အခြားခေါင်းဆောင်တွေ အဓိက သဘောကွဲလွဲတာဟာ UNFC အဖွဲ့ကြီးရဲ့ ဖွဲ့စည်းပုံဆိုင်ရာ ကိစ္စက အဓိက ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိ UNFC ရဲ့ ဖွဲ့စည်းပုံဟာ အဖွဲ့အစည်း တခု ပုံစံ ဆန်လွန်းနေပြီး KNU အဖွဲ့ကတော့ တပ်ပေါင်းစု ဆန်တဲ့ ဖွဲ့စည်းပုံမျိုး ပြင်ချင်တယ် လို့ ဆိုပါတယ်။ အဖွဲ့မှာ နိုင်ငံရေးဦးဆောင်အဖွဲ့ ဆိုတာ ထားပြီး အောက်မှာ အလုပ်လုပ်မယ့် အတွင်းရေးမှူး နှစ်ယောက်၊ သုံးယောက်နဲ့ အလုပ်လုပ်မယ့် ဌာနတွေ ဖွဲ့စည်းထားမယ့် ပုံစံမျိုးပါ။ ဒါပေမယ့် KIO နဲ့ အဖွဲ့ဝင် အများစုကတော့ လက်ရှိ ဖွဲ့စည်းပုံအတိုင်းပဲ ထားပြီး ကိုယ်စားလှယ်တွေကနေ တဆင့် ဥက္ကဌ၊ ဒုဥက္ကဌ စသဖြင့် ရွေးကောက်တင်မြှောက်တာတွေ လုပ်ဖို့ ပြင်ဆင်လာချိန်မှာ KNU က သဘောမတူနိုင်တာကြောင့် ညီလာခံထဲက ထွက်သွားတယ် ဆိုတဲ့ သဘောပါ။ KNU ခေါင်းဆောင်တွေ ပြောတာကတော့ KNU အနေနဲ့ ကိုယ့်အဖွဲ့ရဲ့ လွတ်လပ်မှုနဲ့ လုပ်ပိုင်ခွင့်ကို ထိမ်းသိမ်းထားဖို့လိုတယ်၊ လက်ရှိ UNFC က ဖွဲ့စည်းမယ့် ပုံစံဟာ အဖွဲ့ဥက္ကဌ လိုမျိုးကို KNU အဖွဲ့ရဲ့ ကံကြမ္မာ ၀ ကွက်အပ်လိုက်ရမယ် ဆိုတဲ့ သဘောမျိုးဖြစ်နေတာကြောင့် လက်မခံနိုင်ဘူးလို့ ပြောကြပါတယ်။
ညီလာခံမှာ သဘောထား ကွဲလွဲကြတာတွေက ဒီ တချက်တည်းတော့ မဟုတ်ပါဘူး။ KNU နဲ့ ကေအိုင်အို အဖွဲ့ဟာ တပ်ပေါင်းစု တိုးချဲ့ရေး၊ တပြည်လုံး အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး ဆိုင်ရာတွေမှာလည်း သဘောထား ကွဲခဲ့ကြပါသေးတယ်။ ပြောရရင် လက်နက်ကိုင် တိုင်းရင်းသား အုပ်စုတွေထဲမှာ အစိုးရနဲ့ အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေးကိစ္စ KIO နဲ့ KNU သဘောထားကွဲလွဲတာ ကြာမြင့်ခဲ့ပါပြီ။ KIO က တစ်နိုင်ငံလုံး အပစ်ရပ်ဖို့ဆိုတာ ဝေးလို့ သူ့တဖွဲ့ထဲတောင် အပစ်ရပ်စာချုပ် လက်မှတ် မထိုးပါဘူး။ နိုင်ငံရေးဆွေးနွေးပွဲတွေ အောင်မြင်ရင် သူ့အလိုလို အပစ်ရပ်သွားမယ်၊ ဒါကြောင့် အပစ်ရပ် အရေးမကြီးဘူး၊ နိုင်ငံရေးဆွေးနွေးပွဲကသာ အရေးကြီးတယ် ဆိုတဲ့ မူကို ကိုင်စွဲထားတာပါ။ KNU ဘက်ကတော့ မြန်မြန်ဆန်ဆန် အပစ်ရပ်မယ်၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ မြန်မြန်စမယ်၊ တိုင်းရင်းသားတွေ ကြုံနေရတဲ့ ဒုက္ခတွေကို မြန်မြန်ကုစားမယ်၊ ဒေသဖံွ့ဖြိုးရေးတွေ လုပ်တော့မယ်လို့ ခံယူထားကြတာပါ။ လက်ရှိမှာလည်း မိုင်းရှင်းရေး၊ တိုင်းရင်းသားတွေ အထောက်အပံ့ရရေး ကိစ္စတွေ စ လုပ်ကိုင်ဖို့ ကြိုးစားနေတဲ့ အဖွဲ့အစည်းပါ။ အဲဒီ သဘောကွဲလွဲမှုဟာ လက်ရှိ ဒီ UNFC ညီလာခံကို လာဂယက် ရိုက်တာပါ။ KNU က မှားသည်ဖြစ်စေ၊ KIO က မှားသည်ဖြစ်စေ ဘယ်လိုပဲဖြစ်ဖြစ် UNFC ရဲ့ စည်းလုံးညီညွတ်ရေးကတော့ ပြိုကွဲသွားခဲ့ပြီ ဖြစ်ပါတယ်။
ဒီလိုပြောရတာကလည်း အကြောင်းရှိပါတယ်။ KNU ဟာ သာမန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့လေးတဖွဲ့ မဟုတ်ပါဘူး။ လွတ်လပ်ရေးရပြီး တနှစ်အကြာကစ ဗမာအစိုးရ အဆက်ဆက်နဲ့ နှစ်အရှည်ကြာဆုံး စစ်ပွဲဆင်နွဲှခဲ့တဲ့၊ နှစ်ပေါင်း ၆၀ ကျော်ကြာ လက်နက်ကိုင် တိုက်ပြီးမှ အပစ်အခတ် ရပ်စဲရေး လုပ်ခဲ့တဲ့ သမ္ဘာရင့် ဝါရင့် အဖွဲ့ကြီး မို့လို့လည်း ဖြစ်ပါတယ်။ ဒီ ပြဿနာဟာ UNFC လို တိုင်းရင်းသား တပ်ပေါင်းစု အတွက် မကောင်းသလို KNU အတွက်လည်း အဆင်မပြေနိုင်ပါဘူး။
ပြောရရင် ပြီးခဲ့တဲ့ နှစ်အတွင်း KNU အဖွဲ့အတွင်း သဘောထားကြီးကြီးမားမား ကွဲပြားပြီး ၂ ဖွဲ့ကွဲမလိုလိုတောင် ဖြစ်ခဲ့ပါသေးတယ်။ လက်ရှိ ဥက္ကဌ စောမူတူးစေးဖိုးနဲ့ ဒုဥက္ကဌ နော်စီဖိုးရာစိန် တို့ဟာ တဖက် ထောက်ခံသူ အင်အားတဝက်စီလောက် ရှိကြပြီး သဘောထား ကွဲပြားခဲ့ကြတာ ဖြစ်ပါတယ်။ နောက်ဆုံး ကွန်ဂရက်ခေါ် ပြန်လည် စေ့စပ်ညှိနှိုင်း ပူးပေါင်းလိုက်ကြပေမယ့် သဘောထားကွဲလွဲမှု အက်ကြောင်း ဒဏ်ရာက အကင်းသေသေးတာတော့ မဟုတ်သေးပါဘူး။
လက်ရှိ UNFC အစည်းအဝေးကို သွားတက်ရာမှာ ဥက္ကဌ စောမူတူးစေးဖိုးရော၊ ဒုက္ကဌ နော်စီဖိုးရာစိန် နဲ့ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းပါ သွားတက်ကြပါတယ်။ ခေါင်းဆောင်တွေ စုံစုံညီညီ တက်ခဲ့တဲ့အတွက် UNFC က ထွက်ခွာခဲ့တဲ့ ဆုံးဖြတ်ချက်မှာလည်း တဦးတယောက်တည်း သဘောနဲ့ ထွက်ခဲ့ဟန် မတူပါဘူး။ ခေါင်းဆောင်တွေ သဘောအတိုင်း ဖြစ်ဖို့ များပါတယ်။ ဒါပေမယ့်လည်း အဖွဲ့အစည်းတွေအတွင်း ရှိတတ်တဲ့ ဂိုဏ်းဂဏ ဝါဒ သဘောတရား အရ ဒီ လုပ်ရပ်ကို လက်ညှိုးထိုးပြီး နိုင်ငံရေးအရ ထိုးနှက် အပစ်ဖို့တာ ခံရနိုင်ပါတယ်။
လက်ရှိမှာပဲ KNU အနေနဲ့ UNFC နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းကြောင်း ဥက္ကဌ မူတူးစေးဖိုး လက်မှတ်ရေးထိုး စာပို့လိုက်တာနဲ့ တပြိုင်နက်တည်းလောက် လိုလိုမှာပဲ ဒုဥက္ကဌ နော်စီဖိုးရာစိန်ကလည်း မတူကွဲပြားတဲ့ စာတစ်စောင် ပေးပို့လိုက်တာ တွေ့ရပါတယ်။ နော်စီဖိုးရာစိန်ရဲ့ စာထဲမှာ “UNFC ညီလာခံကို တင်သွင်းခဲ့တဲ့ KNU ကိုယ်စားလှယ်တွေရဲ့ သဘောထား မတူညီခြင်းနဲ့ ဖက်ဒရယ် ကောင်စီဝင် ကိုယ်စား လှယ် ရွေးချယ်ပေးပို့နိုင်ခြင်း မရှိခဲ့တဲ့အပေါ် KNU အတွင်း ပြန်လည် ညှိနှိုင်း ဆောင်ရွက် သွားမှာ ဖြစ်ကြောင်းနဲ့ ညီလာခံ နှောင့်နှေးကြန့်ကြာမှု ဖြစ်သွားရတဲ့ အပေါ် KNU ကိုယ်စား တောင်းပန် တယ်လို့ နော်စီဖိုးရာစိန် ရဲ့စာမှာ ရေးသား ထားပါတယ်။ ဒါ့အပြင် ၁၅ ကြိမ်မြောက် KNU ညီလာခံက ချမှတ်ထားတဲ့ မူဝါဒ တွေနဲ့ အညီ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးနဲ့ ခိုင်မာတဲ့ တပ်ပေါင်းစု တည်ဆောက်နိုင်ရေးအတွက် တတပ်တအား ကြိုးပမ်း ပါဝင် ဆောင်ရွက် သွားမယ်” ဆိုပြီး ဖော်ပြထားပါတယ်။
ပြောရရင် KNU ထဲမှာလည်း သဘောထား မတူညီမှုတွေ ဖြစ်ပေါ်လာနိုင်သေးတယ် ဆိုတာပါ။ နောက်တစ်ခုက UNFC ညီလာခံအတွင်း ကေအဲန်ယူ နဲ့ သဘောထားကွဲပြားမှု ဖြစ်ပွားပြီးနောက်ပိုင်း KNU ခေါင်းဆောင်ပိုင်းကို ထိုးနှက်တိုက်ခိုက်မှု ရှိခဲ့တာပါ။ အမည်မဖော်လိုတဲ့ တိုင်းရင်းသားကိုယ်စားလှယ် တစ်ယောက် ဆိုသူက KNU ကိုယ်စားလှယ်တွေ ခုလို ဖြစ်ရတာဟာ အစိုးရ ငြိမ်းချမ်းရေးစင်တာ ဘက်က နောက်ကနေ ညွှန်ကြား ကြိုးကိုင် သွေးခွဲခဲ့လို့ဖြစ်တယ်၊ ဒီလို ကြိုးကိုင် ခံရအောင်လည်း KNU ခေါင်းဆောင်တွေ အနေနဲ့ ကားပါမစ်တွေတင်မက အခြား ကျောက်တူးဖော်ခွင့်တွေ၊ စီးပွားရေး လုပ်ပိုင်ခွင့်တွေကို ရယူထားလို့ ဖြစ်တယ် ဆိုတဲ့ မဟုတ်မမှန် လုပ်ကြံ စွပ်စွဲချက် လုပ်ခဲ့ပါသေးတယ်။ ဒါကိုလည်း RFA နဲ့ သတင်းမီဒီယာ တချို့က ဖော်ပြပေးခဲ့ပါတယ်။ ပြောရရင် ဒီ သက်သေမပြနိုင်တဲ့ မဟုတ်မမှန် လုပ်ကြံ စွပ်စွဲချက်ဟာ နှစ်ပေါင်းများစွာ လက်နက်စွဲကိုင် တော်လှန်ရေးလုပ်လာတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေကို စစ်အစိုးရနဲ့ ပေးစားပြီး အောက်တန်းကျကျ တိုက်ခိုက်လိုက်တာမျိုးပါ။ ဒီလို တိုက်ခိုက်မှုမျိုးကြောင့် အထင်အမြင် လွဲမှုတွေဖြစ်ပွားပြီး UNFC အတွင်း မညီညွတ်၊ KNU အတွင်းလည်း သဘောထား ကွဲပြားမှု ဖြစ်ပေါ်လာရင် ဘယ်တိုင်းရင်းသား တွေကမှ အမြတ်ထွက်မှာ မဟုတ်ပါ။ တိုင်းပြည်ကလည်း အမြတ် မထွက်နိုင်ပါ။
ခုဆိုရင် ဒီ သဘောထားကွဲပြားမှုဟာ အပစ်ရပ်စာချုပ် မူကြမ်းရေးဖို့နဲ့ လက်မှတ်ထိုးဖို့ ဖွဲ့စည်းထားတဲ့ တိုင်းရင်းသားတွေရဲ့ NCCT အဖွဲ့အတွင်း ဂယက်ရိုက်လာလေမလား စိုးရိမ်လာရပါပြီ။ အစိုးရနဲ့ တိုင်းရင်းသားတွေ အပစ်ရပ် စာချုပ်မူကြမ်း သဘောတူညီချက်ရဖို့ အချက် ၅ ချက်လောက်ပဲ လိုတော့တဲ့အချိန် NCCT အဖွဲ့အတွင်း UNFC ကတဆင့် KIO ရဲ့ သဘောထား လွှမ်းမိုးလာရင် သဘောတူညီချက်ရဖို့ အချိန်ကြာသွားနိုင်ပါတယ်။ ဒါမှမဟုတ် ဆွေးနွေးပွဲ ရှေ့မတိုးနိုင် ဆိုတာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။ အကြောင်းကတော့ KIO ဟာ တတိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ်တစ်ခု မလိုဘူးလို့ ခံယူပြီး ကိုယ်တိုင်လဲ အပစ်ရပ် စာချုပ် လက်မှတ် မထိုးသူပါ။ တတိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် လက်မှတ်မထိုးနိုင်ရင်၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီးလည်း ဝေဝါးသွားနိုင်ပါတယ်။ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေရဲ့ စိတ်ကူးယဉ် အိပ်မက်လည်း ပျက်ပြယ်သွားနိုင်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး တချို့သော လက်နက်ကိုင် အင်အားစုတွေ၊ သဘောထား တင်းမာသူတွေက အစိုးရပဲ အမြတ်ထွက်မယ် ဆိုပြီး စွပ်စွဲပြောဆိုတာတွေလည်း ရှိလာပါတယ်။ တကယ့်တကယ် တိုင်းရင်းသားတွေရဲ့ ဒီ သဘောထား ကွဲပြားမှုဟာ အစိုးရအတွက် အမြတ်မထွက်ရုံမက ဆုံးရှုံးမှုတောင် ဖြစ်စေမှာ ဖြစ်ပါတယ်။ အကြောင်းကတော့ အစိုးရကရော စစ်တပ်ကပါ ညီညီညွတ်ညွတ် စုစည်းထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့ တစုတစည်းထဲ အပစ်အခတ်ရပ် စာချုပ်ကြီးတစ်ခု လက်မှတ်ရေးထိုးချင်နေလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ တိုင်းရင်းသား လက်နက်ကိုင်တွေ အချင်းချင်း သဘောထား ကွဲလွဲတဲ့ကိစ္စ UNFC ထဲမှာ ပြေလည်မှုရသည် အထိ ညှိကြပါ၊ ဒီ ပြဿနာအပေါ် အကြောင်းပြုပြီး KNU ခေါင်းဆောင်တွေကို ထိုးနှက်တိုက်ခိုက်မှုတွေ မလုပ်ကြပါနဲ့၊ အလားတူ KNU အဖွဲ့ထဲမှာလည်း ဒီ ပြဿနာကို နိုင်ငံရေး အမြတ်မထုတ်ပဲ ဆွေးနွေးညှိနှိုင်း အဖြေရှာကြမှသာ တိုင်းရင်းသားတွေ အတွက်ရော၊ တိုင်းပြည်အတွက်ပါ ကောင်းကျိုး ပေါ်ပေါက်စေမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
(စာရေးသူသည် ရန်ကုန် အခြေစိုက် သတင်းစာဆရာ တဦးဖြစ်သည်။ လတ်တလော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အဖြစ်အပျက်များ အပေါ် ဝေဖန် သုံးသပ်ချက် ဆောင်းပါးများကို သတင်းစာ၊ ဂျာနယ်များတွင် ရေးသားလျက် ရှိသည်။)